အမေရိကန်_ တရုတ်ကုန်သွယ်ရေး စစ်ပွဲဂယက်ကြောင့် တရုတ်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်အတွင်း၌ ရွှေတန်ချိန် (၁၀၀) ခန့်ကို ဝယ်ယူစုဆောင်းခဲ့

အမေရိကန် – တရုတ် ကုန်သွယ်ရေး စစ်ပွဲကာလအတွင်း အမေရိကန်ဒေါ်လာအပေါ် ယုံကြည်မှုအားနည်းလာသည့်အတွက် တရုတ်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာအစား ရွှေကိုအများအပြားဝယ်ယူစုဆောင်းခဲ့ရာ ၂၀၁၉ ခုနှစ်နှစ်ဆန်းမှ စက်တင်ဘာလကုန်အထိ ကာလအတွင်း ရွှေတန်ချိန် (၁၀၀) ခန့်ကိုဝယ်ယူစုဆောင်းနိုင်ခဲ့သည်ဟုသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် သတင်းအချက်အလက်များအရတရုတ်ဗဟိုဘဏ်ရှိ အရန်ရွှေ စုဆောင်းထားရှိမှုပမာဏမှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လကုန်၌ စုစုပေါင်းတန်ချိန် (၁၉၅၁) တန် ခန့်ရှိခဲ့ရာမှ စက်တင်ဘာလကုန်၌ စုစုပေါင်းတန်ချိန် (၁၉၅၇) တန်သို့ ရောက် ရှိခဲ့ရာဗဟိုဘဏ်၏ အရန်ရွှေ စုဆောင်းထားရှိမှုပမာဏသည် (၆) နှစ်ကျော်ကာလအတွင်း အများဆုံးအနေအထားပင်ဖြစ်ကြောင်း၊ လက်ရှိ အရန်ရွှေစုဆောင်းထားရှိမှုပမာဏသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အရန်ရွှေပမာဏနှင့်နှိုင်းယှဉ်ပါကတန်ချိန်(၁၀၀)ခန့် မြင့်တက်လာခဲ့သည် ဟုသိရှိရပါသည်။

စင်ကာပူအခြေစိုက် OCBC ဘဏ်လုပ်ငန်းမှ စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ အမေရိကန်နှင့်ဆက်ဆံရေးတင်းမာနေသော တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာကို လက်ဝယ်တွင် အများအပြားထားရှိမည့်အစား ရွှေကိုအဓိကဝယ်ယူစုဆောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အနာဂါတ်ကာလများတွင်လည်း အမေရိကန်ဒေါ်လာအစား ရွှေကိုသာ အရန်ပိုင်ဆိုင်မှုအဖြစ် အများအပြားစုဆောင်းမည့်အနေအထားရှိသည်ဟု သိရှိရကြောင်း www.rt.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။