အမေရိကန် _ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲမှ ရလဒ်ကောင်းများမမျှော်လင့်ဘဲထွက်ပေါ်လာခြင်းကြောင့် ကမ္ဘာ့ရွှေဈေးကျဆင်းသွားခဲ့

          လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းကျင်းပခဲ့သည့် အမေရိကန် – တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာ (၂၅၀) ဘီလီယံခန့်တန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ်၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်(အင်္ဂါနေ့) မှစ၍သွင်းကုန်ခွန် ၃၀% စတင်ကောက်ခံမည့် အစီအစဉ်ကို ဆိုင်းငံ့ခဲ့ကြောင်း၊ အမေရိကန်သမ္မတ၏ ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုင်သီဇာကသွင်းကုန်ခွန်ကောက်ခံမှု ဆိုင်းငံ့ခြင်းမှာ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကောက်ခံရန် သတ်မှတ်ထားသည့်ကုန်စည်များအပေါ်၌သာဖြစ်ပြီး အခြားတရုတ်ကုန်စည်များနှင့် သက်ဆိုင်ခြင်းမရှိသေးဟု ပြောကြားခဲ့ကြောင်း၊ သို့သော်ကုန်သွယ်ရေးဆွေးနွေးပွဲမှ ပထမအဆင့်ရလဒ်ကောင်းများ ထွက်ပေါ်လာခဲ့သည်ကိုအကြောင်းပြု၍ ကမ္ဘာ့ဈေးကွက်အတွင်းအမေရိကန်ဒေါ်လာနှင့်စတော့ရှယ်ယာတန်ဖိုးများမြင့်တက်ကာကမ္ဘာ့ရွှေဈေးမှာကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁၄)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင်ကမ္ဘာ့ဈေးကွက်အတွင်း၌အမေရိကန်စတော့ရှယ်ယာများတန်ဖိုးမှာ ၀.၃% ၊ ဟောင်ကောင်စတော့ရှယ်ယာများတန်ဖိုးမှာ ၁% ၊ တောင်ကိုရီးယားစတော့ရှယ်ယာများတန်ဖိုးမှာ၁.၆% ၊ တရုတ်(ရှန်ဟိုင်း)စတော့ရှယ်ယာများတန်ဖိုးမှာ၁.၄% အသီးသီးမြင့်တက်ခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာ၀.၀၆% မြင့်တက်ခဲ့ပြီးအညွှန်းကိန်းအမှတ်(၉၈.၃၉)သို့ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာမူ ၀.၂% ကျဆင်းခဲ့ပြီးတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁၄၈၅.၈၆)သို့ရောက်ရှိခဲ့ကြောင်း၊ကမ္ဘာ့ရွှေဈေးနှုန်းသည် ရက်သတ္တပတ်(၁)ပတ်အတွင်း ၁% ခန့်ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

          ဈေးကွက်အတွင်းရှိရင်းနှီးမြှုပ်နှံသူများသည် ယခုရက်သတ္တပတ်အတွင်းကျင်းပမည့် ဗြိတိန်-ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲနှင့် စင်ကာပူဗဟိုဘဏ်အစည်းအဝေးတို့၏ အခြေအနေများကိုစောင့်ကြည့်လျက်ရှိပြီးအဆိုပါအစည်းအဝေး(၂)ခု၏အခြေအနေကိုအကြောင်းပြု၍ဈေးကွက်အတွင်း၌ကမ္ဘာ့ရွှေဈေးအပြောင်းအလဲဖြစ်ပေါ်နိုင်ကြောင်းဗြိတိန်နိုင်ငံသည်ဥရောပသမဂ္ဂအဖွဲ့အတွင်းမှ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၃၁)ရက်နောက်ဆုံးထား၍ ခွဲထွက်နိုင်ရေးအတွက် လိုအပ်သည့်အချက်များကိုဗြိတိန်-ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲတွင် အပြီးသတ်ဆွေးနွေးမည်ဖြစ်ကြောင်း၊စင်ကာပူဗဟိုဘဏ်သည်အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် စင်ကာပူနိုင်ငံ၏စီးပွားရေးကျဆင်းလာခြင်းကိုကုစားနိုင်ရန်အတွက်(၃)နှစ်တာကာလအတွင်းပထမဆုံးအကြိမ်အဖြစ် ဗဟိုဘဏ်အစည်းအဝေးကျင်းပကာငွေကြေးမူဝါဒကိုဖြေလျှော့ရန်စီစဉ်နေကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။