အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့်နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြားဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာစံချိန်တင်မြင့်တက်လာခဲ့မှု

အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့်နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြားဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာစံချိန်တင်မြင့်တက်လာခဲ့မှု

အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့် နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြား အိန္ဒိယနိုင်ငံ အတွင်းသို့ ဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာ စံချိန်တင်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့်အစီရင်ခံစာတွင်၂၀၁၉ ခုနှစ်၊ ဇွန်လနောက်ဆုံးရက်သတ္တပတ်အတွင်း၌ပင် နိုင်ငံခြားအရန်ငွေကြေးပမာဏမှာအမေရိကန်ဒေါ်လာ (၁.၂၆၂)ဘီလီယံထပ်မံတိုးပွားလာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှု စုစုပေါင်းပမာဏမှာဇွန်လကုန်၌ အမေရိကန်ဒေါ်လာ(၄၂၇.၆၇၈)ဘီလီယံခန့်ရှိကြောင်း၊ အဆိုပါ ပမာဏသည် အိန္ဒိယနိုင်ငံ၏သမိုင်း၌ နိုင်ငံခြားအရန်ငွေကြေးအများဆုံးပိုင်ဆိုင်ထားသည့် စံချိန်တင်ပမာဏဖြစ်သည်ဟုဖော်ပြထားကြောင်းသိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေကြေးပမာဏတိုးတက်လာသော်လည်း အရန်ရွှေ ပိုင်ဆိုင်ထားမှုတန်ဖိုးပမာဏမှာမူ ဇွန်လနောက်ဆုံးရက်သတ္တပတ်အတွင်း၌ အပြောင်းအလဲမရှိဘဲ အမေရိကန်ဒေါ်လာ(၂၂.၉၅၈)ဘီလီယံတန်ဖိုး၌ပင် ဆက်လက်ရပ်တည်လျက်ရှိကြောင်းသိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပသမဂ္ဂဗဟိုဘဏ်အပါအဝင်နိုင်ငံတကာ ဗဟိုဘဏ်ကြီးများသည် ဘဏ်တိုးနှုန်းလျှော့ချသည့်မူဝါဒများကို အပြိုင်အဆိုင်ကျင့်သုံးမည့် အနေအထားကြောင့် အဆိုပါ နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ၊ ယူငွေငွေကြေးများနှင့်ဆက်စပ်နေသော နိုင်ငံခြားငွေ အရင်းအနှီးများသည် အိန္ဒိယနိုင်ငံကဲ့သို့သောစီးပွားရေးထွန်းသစ်စနိုင်ငံများသို့ အများအပြား စီးဝင်လာသည့်အတွက် အိန္ဒိယနိုင်ငံ၏နိုင်ငံခြားအရန်ငေွကြေးပမာဏမှာ မြင့်တက်လာခြင်း ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြကြောင်းကို www.thehindubusinessline.com အင်တာနက် website တွင်ဖော်ပြထားရှိပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်အပေါ် သတိပေးပြောကြားခဲ့မှု

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးထုတ်ဝေမည့် အစီအစဉ်အပေါ် သတိပေးပြောကြားခဲ့မှု

Facebook သည်  Libra ဒီဂျစ်တယ်ငွေကြေးကို ၂၀၂၀ ခုနှစ်၌ စတင်ထုတ်ဝေရန် စီစဉ်လျက်ရှိရာ ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေးခဲ့ပြီး Facebook အနေဖြင့် ငွေကြေးထုတ်ဝေလိုပါက ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်ရန် လိုအပ်သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက် (ကြာသပတေးနေ့) တွင် ၎င်း၏ တွစ်တာစာမျက်နှာပေါ်မှတစ်ဆင့် အသိပေးကြေညာရာ၌ ၎င်းသည် ဒီဂျစ်တယ်ငွေကြေးများကို နှစ်သက်သူမဟုတ်ကြောင်း၊ ဒီဂျစ်တယ်ငွေကြေးများမှာ ငွေကြေးဟုသတ်မှတ်နိုင်သည့် အရာများ မဟုတ်ကြောင်း၊ ဒီဂျစ်တယ်ငေွကြေးများနှင့်ပတ်သက်သည့် သီးခြားဥပဒေစည်းမျဉ်းစည်းကမ်းများ မရှိသောကြောင့် ဒီဂျစ်တယ်ငွေကြေးများကို မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် အခြားသော ဥပဒေနှင့် မညီညွတ်သည့်လုပ်ငန်းများတွင် သုံးစွဲနေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် Facebook သာမက ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေလိုသောလုပ်ငန်းများအနေဖြင့် ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ ပြဌာန်းထားသောစည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန်လိုအပ်ပြီး လိုအပ်ပါကဒီဂျစ်တယ်ငေွကြေး ကဏ္ဍနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ပဋိဉာဉ်တစ်ခုရေးဆွဲရန် မဖြစ်မနေကြိုးပမ်းရမည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

Facebook ၏ ဒီဂျစ်တယ်ငွေကြေးကိစ္စနှင့်ပတ်သက်၍ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဘရူနိုလီမာ၊ အင်္ဂလန်ဗဟိုဘဏ်ဥက္ကဋ္ဌမာ့ခ်ကာနေးအပါအဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံ့ခေါင်းဆောင်များနှင့် ဗဟိုဘဏ် အကြီးအကဲများ၏ ဝေဖန်မှုများထွက်ပေါ်ပြီးနောက်တွင် ယခုအမေရိကန်သမ္မတ၏ ဝေဖန်မှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် တွစ်တာစာမျက်နှာ၏ နောက်ဆုံး ရေးသားချက်၌ Facebook ၏ ဒီဂျစ်တယ်ငေွကြေးကိုသာမက အခြားသောဒီဂျစ်တယ်ငေွကြေးများမှာ တန်ဖိုးခိုင်မာမှုမရှိဘဲ စိတ်ကူးမှန်းဆချက်များဖြင့် ဈေးနှုန်းသတ်မှတ်နေကြခြင်းဖြစ်သောကြောင့် ငွေကြေးဟု မသတ်မှတ်နိုင်ကြောင်း အတိအလင်းရေးသားထားသကဲ့သို့ အ‌မေရိကန်ပြည်ထောင်စုတွင် ငွေကြေးတစ်မျိုးသာရှိပြီး အဆိုပါငွေကြေးမှာ တစ်ကမ္ဘာလုံးကလက်ခံထားသည့် အမေရိကန်ဒေါ်လာပင် ဖြစ်ကြောင်း၊  အမေရိကန်ဒေါ်လာသည် ဈေးကွက်အတွင်း၌ လွတ်လပ်မှုရှိသကဲ့သို့ လူအများလက်ခံ ယုံကြည်ထားသည့် ငွေကြေးဖြစ်ရာ အမေရိကန်ဒေါ်လာအား မည်သည့်ဒီဂျစ်တယ်ငွေကြေးကမျှ လွှမ်းမိုးနိုင်လိမ့်မည်မဟုတ်ကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြထား ရှိပါသည်။

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုအလားအလာမှာ မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရသည်ဟု အမေရိကန်ဗဟိုဘဏ်ဥက္ကဌကဝန်ခံပြောကြားခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အဆမတန်ကျဆင်းသွားခဲ့

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုအလားအလာမှာ မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရသည်ဟု အမေရိကန် ဗဟိုဘဏ်ဥက္ကဌက ဝန်ခံပြောကြားခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အဆမတန်ကျဆင်းသွားခဲ့

အမေရိကန် ဗဟိုဘဏ်ဥက္ကဌဂျရိုမီပါဝယ်လ်သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၀) ရက် (ဗုဒ္ဓဟူးနေ့) တွင် အမေရိကန်အောက်လွှတ်တော်၌ ကျင်းပသည့် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဆိုင်ရာမူဝါဒများ ကြားနားစစ်ဆေးမှုအခမ်းအနားသို့ တက်ရောက်၍ ဗဟိုဘဏ်ကဆက်လက်ကျင့်သုံးမည့် ငွေကြေးမူဝါဒများကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုသို့ရှင်းလင်းပြောကြားရာတွင် ဗဟိုဘဏ်ဥက္ကဌကလက်ရှိအချိန်၌ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်အပါအဝင် အခြားစီးပွားရေးအင်အားကြီးနိုင်ငံများအကြားဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးဆိုင်ရာပဋိပက္ခများကြောင့် ကမ္ဘာ့စီးပွားရေးအားပျော့နေသည့်နည်းတူ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးရှေ့အလားအလာမှာလည်း မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်ကော်မတီဝင်အများအပြားသည် စီးပွားရေး အားကောင်းစေရန်အတွက် ငွေကြေးမူဝါဒများအားဖြေလျော့ရန် အဆိုပြုထားကြသည်ဟု ပြောကြားခဲ့ကြောင်း၊ ဗဟိုဘဏ်ဥက္ကဌပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့စေျးကွက်အတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ကမ္ဘာကျော် အမေရိကန်ဘဏ်လုပ်ငန်းကြီး Goldman Sachs ၏ ငွေကြေးစေျးကွက် လေ့လာမှုများအရ ဇွန်လအတွင်းကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ(၂၀) အစည်းအဝေးနှင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန်အလုပ်သမားဝန်ကြီးဌာနတို့က ထုတ်ပြန်ခဲ့သည့် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်မှု အစီရင်ခံစာတို့ကြောင့် အမေရိကန်ပြည်ထောင်စု စီးပွားရေးမှာတိုးတက်လာနိုင်သည်ဟု လူအများကယူဆခဲ့ကြသော်လည်း ဗဟိုဘဏ်ဥက္ကဌကမူ စီးပွားရေးအခြေအနေတစ်ခုလုံးအပေါ်သုံးသပ်၍ စီးပွားရေးအလားအလာ သေချာရေရာမှု မရှိကြောင်းကို အတိအလင်းဝန်ခံပြောကြားခဲ့ခြင်းဖြစ်ရာ မကြာမီကာလအတွင်း၌ အမေရိကန် ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းလျှော့ချသည့် လုပ်ငန်းစဉ်များသာမက ဗဟိုဘဏ်ကော်မတီဝင်များက တွန်းအားပေးနေသည့် အမေရိကန်ဒေါ်လာငွေကြေး အများအပြားကို စေျးကွက်အတွင်းသို့ ဖြည့်တင်းပေးမည့် စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများ ပါပေါ်ပေါက်လာနိုင်ခြေရှိသည်ဟု သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာ အညွှန်းကိန်းတန်ဖိုးသည် အခြားနိုင်ငံတကာသုံးငွေကြေးများနှင့်နှိုင်းယှဉ်ရာ၌ ၀.၂% ကျဆင်းပြီး အညွှန်းကိန်း (၉၆.၈၇၇) သို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာသည် ယူရိုငွေနှင့် နှိုင်းယှဉ်ရာ၌ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ(၁.၁၂၇၄) ဒေါ်လာ လဲလှယ်မှုနှုန်းသို့ လည်းကောင်း၊ ဂျပန်ယန်းငွေနှင့် နှိုင်းယှဉ်ရာ၌ အမေရိကန်တစ်ဒေါ်လာလှျင် ဂျပန်ငွေ (၁၀၇.၉၆) ယန်းသို့ လည်းကောင်း၊ တရုတ်ယွမ်ငွေေနှင့်နှိုင်းယှဉ်ရာ၌ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၈၆၁၉) ယွမ်လဲလှယ်မှုနှုန်းများသို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းနေချိန်တွင် ကမ္ဘာ့ရွှေစေျးနှုန်းမှာမူ (၁.၁%) မြင့်တက်သွားခဲ့ပြီး ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၄၂၄.၄၀) စေျးနှုန်း ထိရောက်ရှိခဲ့ရာ ရက်သတ္တပတ်တစ်ပတ် အတွင်းအမြင့်ဆုံးရွှေစေျးနှုန်းဖြစ်ကြောင်း     www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့်ကာလအတွင်း တရုတ်ဗဟို ဘဏ်သည် အရန်ရွှေစုဆောင်းထားရှိမှု ပမာဏကို (၇) လဆက်တိုက်တိုးမြှင့်ခဲ့

အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့်ကာလအတွင်း တရုတ်ဗဟိုဘဏ်သည် အရန်ရွှေ စုဆောင်းထားရှိမှုပမာဏကို (၇) လဆက်တိုက်တိုးမြှင့်ခဲ့

တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ် နေသည့်ကာလအတွင်း တရုတ်ဗဟိုဘဏ်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အထိ (၇) လတာကာလအတွင်း အရန်ရွှေစုဆောင်းထားရှိမှုပမာဏကို ဆက်တိုက်တိုးမြှင့် ခဲ့ကြောင်း သိရှိရပါသည်။
တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့်ကြေညာချက်၌ ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများကို အကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် တရုတ် ဗဟိုဘဏ်တာဝန်ရှိသူများသည် အမေရိကန်ဒေါ်လာအစား အရန်ရွှေကို လစဉ်တိုးမြှင့်စုဆောင်းခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မေလကုန်အထိကာလအတွင်း ရွှေတန်ချိန်(၇၄)တန်ခန့် အသားတင် ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း၌လည်း ရွှေတန်ချိန်(၁၀.၃)တန်ခန့်ကို ထပ်မံ ဝယ်ယူနိုင်ခဲ့သောကြောင့် တရုတ်နိုင်ငံသည် လက်ရှိ(၇)လတာကာလအတွင်း စုစုပေါင်းရွှေတန်ချိန် (၈၄.၃)တန်ခန့်ကို အသားတင်ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်၌ တရုတ်ဗဟိုဘဏ်၏ အရန်ရွှေပိုင်ဆိုင်မှု စုစုပေါင်းပမာဏမှာ တန်ချိန်(၁၉၃၅.၆၂၅)တန်ခန့်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံကဲ့သို့ပင် ပိုလန်နိုင်ငံသည်လည်း ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းမှ ဇွန်လကုန်အထိ ကာလ အတွင်း ရွှေတန်ချိန်(၁၂၅.၇)တန်ကိုဝယ်ယူခဲ့ပြီး အရန်ရွှေပမာဏကို (၂)ဆခန့်တိုးမြှင့်ကာ စုစုပေါင်း တန်ချိန်(၂၂၈.၆)တန်ခန့်ထားရှိခဲ့သည့်အတွက် ပိုလန်နိုင်ငံသည် ယခုအခါအရန်ရွှေအများဆုံးပိုင်ဆိုင် ထားသည့် ဥရောပနိုင်ငံများစာရင်းတွင် အမှတ်(၁၁)နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။
လန်ဒန်အခြေစိုက်ကမ္ဘာ့ရွှေကောင်စီက လွန်ခဲ့သည့်လပိုင်းအတွင်းထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်အသီးသီး၏ရွှေဝယ်ယူစုဆောင်းမှုပမာဏမှာ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၄% အထိ မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန်(၆၅၁.၅)တန်ခန့်ရှိခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ(၆)နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်းကိုအကြောင်းပြု၍ တရုတ်၊ ရုရှားအပါအဝင် နိုင်ငံအသီးသီးရှိဗဟိုဘဏ်များ၏ ဝယ်လိုအားမြင့်တက်မှုကြောင့် ဗဟိုဘဏ် အားလုံး၏ဝယ်ယူမှုစုစုပေါင်းပမာဏမှာ ၂၀၁၉ ခုနှစ်၌ စုစုပေါင်းတန်ချိန် (၇၀၀) ခန့်အထိ ရှိနိုင်သည်ဟု ဖော်ပြထားကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဝက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်ပူပန်သောကြောင့် မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာနိုင်ငံဘက်မှ ဝက်နှင့်ဝက်သားများတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့

ဝက်တုပ်ကွေးရောဂါကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်ပူပန်သောကြောင့် မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာနိုင်ငံဘက်မှ ဝက်နှင့်ဝက်သားများတင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အကြီးအကျယ်ဖြစ်ပွားနေသော ဝက်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်သောကြောင့် မြန်မာနိုင်ငံဘက်မှ ဝက်နှင့်ဝက်သားများတင်သွင်းလာမှုကို မီဇိုရမ်ပြည်နယ်အစိုးရက စတင်တားမြစ် ပိတ်ပင်ခဲ့သည်ဟု မီဇိုရမ်ပြည်နယ်တိရိစ္ဆာန်ဆေးကုသရေးဌာန ညွှန်ကြားရေးမှူး မာခန်ဂါက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက်(အင်္ဂါနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မီဇိုရမ်ပြည်နယ်သည် ဝက်သားနှင့် ဝက်သားထွက်စားသောက်ကုန်များကို အများဆုံးစားသောက်နေသည့် ပြည်နယ်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ မီဇိုရမ်ပြည်နယ်အတွင်း၌ ဝက်တုပ်ကေွးဖြစ်ပွားမှု မရှိသေးသော်လည်း ပြည်နယ်အာဏာပိုင်များအနေဖြင့် ကာကွယ်မှုများကို ပိုမိုပြုလုပ်သွားရန်စီစဉ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ဆက်စပ်နေသော မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးတွင် နေထိုင် ကြသော ပြည်သူများသည် မြန်မာနိုင်ငံဘက်မှ ဝက်နှင့်ဝက်သားထွက်စားသောက်ကုန်ပစ္စည်းများကိုသာ အဓိကထားဝယ်ယူတင်သွင်းလေ့ရှိသောကြောင့် မီဇိုရမ်ပြည်နယ်အစိုးရက ယခုကဲ့သို့ တားမြစ်မိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မီဇိုရမ်ပြည်နယ်တိရိစ္ဆာန်ဆေးကုသရေးဌာန ညွှန်ကြားရေးမှူး မာခန်ဂါ၏ပြောကြားချက်အရ မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်အသီးသီးမှ တိရိစ္ဆာန်ဆေးကုသရေးဌာနတာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် (၄၀၄) ကီလိုမီတာရှည်လျားသော မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက်၌ အထူးဂရုပြုစောင့်ကြည့်မှုများပြုလုပ်လျက်ရှိပြီး ဝက်နှင့်ဝက်သားများ သယ်ဆောင်တင်သွင်းလာသည်ကို တွေ့ရှိပါက အမြန်ဆုံးတားဆီးပိတ်ပင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မီဇိုရမ်ပြည်နယ်အစိုးရသည် မူလက မြန်မာနိုင်ငံဘက်မှဝင်ရောက်လာသော ဝက်များကိုသာ တားမြစ်ပိတ်ပင်ရန်စီစဉ်ခဲ့သော်လည်း ဂျပန်နိုင်ငံတွင် ဝက်အူချောင်းအတွင်း ဝက်တုပ်ကွေးရောဂါပိုး တွေ့ရှိသည့်သတင်းထွက်ပေါ်ပြီးနောက်ပိုင်းမှစ၍ ဝက်များကိုသာမက ဝက်သားနှင့်ဆက်စပ်သည့် စားသောက်ကုန်ပစ္စည်းများအားလုံးကို မြန်မာနိုင်ငံဘက်မှတင်သွင်းခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း www.indiatoday.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးရှိဗဟိုဘဏ်များက မဖြစ်မနေ စောင့်ကြည့်ကြီးကြပ်မှုများ ပြုလုပ်ရမည်ဟု တရုတ်ဗဟိုဘဏ်တာဝန်ရှိသူများကပြောကြားခဲ့

Facebook ၏ Libra ဒီဂျစ်တယ်ငွေကြေးအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးရှိဗဟိုဘဏ်များက မဖြစ်မနေ စောင့်ကြည့်ကြီးကြပ်မှုများ ပြုလုပ်ရမည်ဟု တရုတ်ဗဟိုဘဏ်တာဝန်ရှိသူများကပြောကြားခဲ့

တရုတ်ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ မူချန်ကွမ်က Bloomberg သတင်းဌာနသို့ ပြောကြားရာ၌ Libra သည် ဒီဂျစ်တယ်ငွေကြေးတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတစ်ခုမှတစ်ခုသို့ အကန့်အသတ်အတားအဆီးမရှိ စီးဆင်းနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံအသီးသီးမှ ဗဟိုဘဏ်များ၏ ပံ့ပိုးမှုနှင့်ကြီးကြပ်မှုများ လိုအပ်လာမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ငွေကြေးများကို ချေးငွေကိစ္စများတွင် အသုံးပြုပါက နိုင်ငံအသီးသီး၏ငွေကြေးဆိုင်ရာမူဝါဒများကို အနှောက်အယှက်ဖြစ်နိုင်ပြီး စီးပွားရေး ကိစ္စများတွင် စံထားအသုံးပြုနေသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားကိုပါ ထိခိုက်နိုင်၍ သက်ဆိုင်ရာ နိုင်ငံ၏ငွေကြေးတန်ဖိုးကို ပျက်စီးစေနိုင်ကြောင်း၊ Facebook သည် လက်ရှိအချိန်ထိ Libra ငွေကြေး သုံးစွဲသူများတွင် ငွေကြေးခဝါချသူများနှင့် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့သူများ မပါဝင်စေရန် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းစွာပြောကြားနိုင်ခြင်းမရှိသေးသကဲ့သို့ Libra ငွေကြေးကိုအသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကို ကာကွယ်ပေးနိုင်မည့်အစီအစဉ်များကိုလည်း တိတိကျကျရှင်းလင်းနိုင်ခြင်း မရှိသေးဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံတွင် Facebook အား အသုံးပြုခွင့်မပေးထားသော်လည်း တရုတ်ဗဟိုဘဏ် တာဝန်ရှိသူများသည် Libra ငွေကြေးနှင့်ပက်သက်၍ တရုတ်ပြည်သူများထံမှ တုံ့ပြန်လာမည့် အခြေအနေများအပေါ် စိုးရိမ်တကြီးစောင့်ကြည့်လျက်ရှိကြောင်း၊ တရုတ်ဗဟိုဘဏ်သည် သုတေသန အဖွဲ့တစ်ခုဖွဲ့ကာ Libra ငွေကြေးနှင့်ဆက်စပ်အသုံးပြုမည့် Blockchain နည်းပညာ၏ အားနည်းချက် အားသာချက်များကို ဆန်းစစ်လျက်ရှိကြောင်း၊ Libra ငွေကြေးနှင့်ဆက်နွယ်နေသည့် Blockchain နည်းပညာတွင် အားနည်ချက်များရှိကြောင်း၊ Facebook ကြေညာချက်၌ တစ်စက္ကန့်လျှင် Libra ငွေကြေး နှင့်ဆက်နွယ်နေသည့် ငွေကြေးအလွှဲအပြောင်းကိစ္စပေါင်း (၁,၀၀၀) ခန့်ကို ဆောင်ရွက်ပေးနိုင်သည်ဟူ၍ ဖော်ပြထားကြောင်း၊ သို့သော် တရုတ်နိုင်ငံ၌ လူသုံးများသည့် NetsUnion ကဲ့သို့သော online ငွေကြေး လွှဲပြောင်းသည့်လုပ်ငန်း၌ပင် ငွေကြေးလွှဲပြောင်းသည့်ကိစ္စများမှာ တစ်စက္ကန့်အတွင်း၌ (၉၂,၇၇၁) ခန့် ရှိသည့်အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအရ လူသုံးများသည့် Facebook တွင် Libra ငွေကြေးနှင့် ပတ်သက်သည့် ငွေကြေးအလွှဲအပြောင်းကိစ္စများကိုဆောင်ရွက်ရာ၌ NetsUnion ထက် ပိုမိုများပြား နိုင်သည်ဖြစ်ရာ Facebook မှ လက်ရှိိသတ်မှတ်ထားသည့် အကြိမ်အရေအတွက်နှင့် မလုံလောက်နိုင်ကြောင်း၊ ထို့ကြောင့် Libra ငွေကြေးနှင့်ဆက်စပ်သည့် Blockchain နည်းပညာကို ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်သင့်သည်ဟု သိရှိရပါသည်။
တရုတ်ဗဟိုဘဏ်၏ လေ့လာတွေ့ရှိမှုများအရ Libra ငွေကြေးကိုဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုပါက အဆိုပါနိုင်ငံများ၏ငွေကြေးမှာ အလိုအလျောက်ပျောက်ကွယ်သွားနိုင်ကြောင်း၊ Libraကို ကုန်စည်အရောင်းအဝယ်၊ ဝန်ဆောင်မှု၊ ချေးငွေအစရှိသည့် နယ်ပယ်များတွင် ကျယ်ပြန့်စွာအသုံးပြုလာပါက Libra ငွေကြေးနှင့်ပတ်သက်သည့်အာမခံချက်များမှာလည်း ပိုမိုလိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဗဟိုဘဏ်များအနေဖြင့် Libra ငွေကြေးနှင့်ပတ်သက်သည့်အာမခံချက်နှင့် Libra ငွေကြေးနှင့် အခြားနိုင်ငံတကာသုံးငွေကြေးများအကြား လဲလှယ်မှုနှုန်းထား သတ်မှတ်ချက်များကို ကြီးကြပ်ပေးရန်လိုအပ်ကြောင်း၊ Libra သည် Facebook အသုံးပြုသူများသာမက Facebook နှင့်ဆက်စပ်နေသော WhatsApp နှင့် Calibra ကဲ့သို့သော applicationတွင်ပါ အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ငွေကြေးခဝါချမှုများ၊ အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုများနှင့် ဆက်နွယ်လာနိုင်ကြောင်း၊ ထို့ကြောင့် အသုံးပြုသူများ၏ စစ်မှန်သော ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို သိရှိမှတ်တမ်းတင်ထားရန် လိုအပ်သည်ဟု www.bloomberg. com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။
မှတ်ချက်။ ကမ္ဘာပေါ်၌facebookကိုစွဲမြဲစွာအသုံးပြုနေသူအရေအတွက်မှာ (၂.၃၈)ဘီလီယံခန့်ရှိကြောင်း သိရှိရပါသည်။

အီရန်နှင့် အနောက်နိုင်ငံများအကြားတင်းမာမှုပိုမိုမြင့်တက်လာခြင်းနှင့် အမေရိကန်_ တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲပြန်လည်စတင်တော့မည်ဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများအားကောင်းလျက်ရှိ

အီရန်နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုပိုမိုမြင့်တက်လာခြင်းနှင့် အမေရိကန် _ တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲပြန်လည်စတင်တော့မည် ဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အားကောင်းလျက်ရှိ

အီရန်နိုင်ငံသည် အနောက်နိုင်ငံများနှင့်ရယူထားသည့် နျူကလီးယားသဘောတူစာချုပ်ကိုချိုးဖောက်ကာ ယူရေနီယံသန့်စင်မှုများကို ပိုမိုပြုလုပ်သွားမည်ဟု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၆) ရက် (စနေနေ့) တွင်ကြေညာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကအီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း၊ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်သည် အီရန်ခေါင်းဆောင်များနှင့် နျူကလီးယားအရေးဆွေးနွေးပွဲကိုယခုဇူလိုင်လလည်ပိုင်း၌ကျင်းပရန် ညှိနှိုင်းဆွေနွေးလျက်ရှိကြောင်း၊ အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများဖြစ်ပေါ်နေချိန်တွင် ဆီးရီးယားနိုင်ငံသို့ ရေနံတင်ပို့ရန်သွားရောက်နေသည့် အီရန်ရေနံတင်သင်္ဘောတစ်စီးအား ဂျီဘရောတာရေလက်ကြားတွင် ဗြိတိန်စစ်သင်္ဘောတစ်စီးက ယခုရက်ပိုင်းအတွင်းဖမ်းဆီးခဲ့သောကြောင့် အီရန်နှင့်ဗြိတိန်နိုင်ငံအကြားတင်းမာမှုများဖြစ်ပေါ်လာခဲ့ကြောင်း၊ အီရန်နိုင်ငံသည် ဥရောပသမဂ္ဂမှ ပြဌာန်းထားသော အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်၍ ဆီးရီးယားသို့ရေနံများတင်ပို့ခြင်းကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဗြိတိန်နိုင်ငံကပြောဆိုခဲ့သော်လည်း အီရန်နိုင်ငံကမူ ဖမ်းဆီးထားသော အီရန်ရေနံသင်္ဘောကို ပြန်လွှတ်ပေးခြင်းမရှိပါက ပါရှန်ပင်လယ်ကွေ့အတွင်းဖြတ်သန်းနေသည့် ဗြိတိန်ရေနံတင်သင်္ဘောတစ်စီးစီးကို လက်တုံ့ပြန်ဖမ်းဆီးရလိမ့်မည်ဟု ကြေညာခဲ့သောကြောင့်အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုရိမ်ပူပန်မှုများဖြစ်ပေါ်နေသည့်အတွက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာဆက်လက်အားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြားကုန်သွယ်ရေးဆွေးနွေးပွဲမှာ လာမည့်ရက်သတ္တပတ်အတွင်း ပြန်လည်စတင်တော့မည်ဟု အမေရိကန်သမ္မတ၏စီးပွားရေးအကြံပေးပုဂ္ဂိုလ် လာရီကူဒလိုးက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၇) ရက် (တနင်္ဂနေ့) တွင် အတိအလင်းပြောကြားခဲ့သည့်အတွက် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားမည့်အပေါ် စိုးရိမ်ပူပန်မှုများလျော့နည်းသွားခြင်းသည်လည်းရေနံဈေးနှုန်းများကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။  
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်စေျးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ၀.၂%မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၇.၆၁) သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၂၃) ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်း www.btvi.in အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

      

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့ (၁၀၃၀)ချိန်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုခဲ့သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဝန်ထမ်း သားသမီးများအနက်မှ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့် ခြင်းအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ် (၄၉)ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနချုပ် အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများကို ဌာနအနေဖြင့် ဂုဏ်ထူးရ (၁)ဘာသာလျှင် ကျပ် (၅၀၀၀၀)နှုန်းဖြင့် ဆုးချီးမြှင့်ခဲ့ရာ (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊ စုစုပေါင်း (၄)ဦးတို့အား ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်မှ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မန္တလေးတိုင်းဒေသကြီးရုံးမှ စုံစမ်းရေးမှူး ဦးခင်သန်း၏သမီး မသင်းထက်ထက်အောင်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြား၍ (၁၁၀၀)ချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

          ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်း သားသမီး (၅၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅)ဘာသာဂုဏ်ထူး (၁)ဦး၊ (၃)ဘာသာဂုဏ်ထူး (၃)ဦး၊ (၂)ဘာသာ ဂုဏ်ထူး (၂)ဦး၊ (၁)ဘာသာဂုဏ်ထူး (၉)ဦး စုစုပေါင်း (၁၅)ဦး အပါအဝင် (၃၄)ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းမှာ ၆၁.၈၂% ဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် တရုတ်အစိုးရက ဥပဒေများပြင်ဆင်ရန် စီစဉ်နေခြင်းကြောင့် ယွမ်ငွေတန်ဖိုးမြင့်တက်လာခဲ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် တရုတ်အစိုးရက ဥပဒေများပြင်ဆင်ရန် စီစဉ်နေခြင်းကြောင့် ယွမ်ငွေတန်ဖိုးမြင့်တက်လာခဲ့

အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံသို့အကြား ကုန်သွွယ်ရေးထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံအတွင်းမှ နိုင်ငံခြားသားလုပ်ငန်းရှင်အများအပြားနှင့် စက်ရုံများသည် အမေရိကန်ပြည်ထောင်စု၏ အခွန်စည်းကြပ်မှုကို ရှောင်လွှဲနိုင်ရန်အတွက် တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ၎င်းတို့စက်ရုံများနှင့်လုပ်ငန်းများကို အခြားနိုင်ငံများသို့ပြောင်းရွှေ့ သွားခဲ့ကြောင်း၊ ထို့ကြောင့် တရုတ်အစိုးရသည် တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ပမာဏလျော့နည်းသွားခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ရင်းနှီးမြှပ်နှံမှုဆိုင်ရာနည်း ဥပဒေများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။
ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တရုတ်ဝန်ကြီးချုပ် လီခချန်၏ ပြောကြားချက်အရ ငွေကြေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍများနှင့် ဆက်နွယ်နေသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စည်းမျဉ်းသတ်မှတ်ချက်များကို ပြင်ဆင်သွားမည်ဟု သိရှိရ ကြောင်း၊ လက်ရှိပြဌာန်းထားသော ဥပဒေများအရ လေကြောင်းလိုင်းများ၊ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများ၊ အင်တာနက်အထောက်အကူပြုရေးလုပ်ငန်းများ၌ တရုတ်နိုင်ငံသားပိုင် အစုရှယ်ယာ အနည်းဆုံး (၅၀)%ခန့် မဖြစ်မနေပါဝင်ရမည်ဖြစ်ရာ ယင်းပြဌာန်းချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဝင်ရောက်ခြင်းကို အတားအဆီးများဖြစ်စေနိုင်သည့်အတွက် နိုင်ငံသားပိုင်သတ်မှတ်ချက်ကို လျှော့ချ ပေးသွားမည်ဟု သိရှိရကြောင်း၊ ထို့ပြင် အသက်အာမခံလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာစာချုပ်စာတမ်းများ ရင်းနှီးမြှပ်နှံသည့်လုပ်ငန်းတို့တွင် နိုင်ငံခြားသားများ၏ပိုင်ဆိုင်မှုအား ကန့်သတ်ထားသည့် ပြဌာန်းချက် များကို လာမည့် ၂၀၂၀ ခုနှစ်မှစ၍ ဖယ်ရှားပေးသွားမည်ဟု သိရှိရပါသည်။
အလားတူ တရုတ်အစိုးရသည် နိုင်ငံခြားငွေကြေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် ဥပဒေအချို့ ကိုလည်း ပြင်ဆင်ရန်စီစဉ်နေကြောင်း၊ လက်ရှိပြဌာန်းချက်များအရ တရုတ်နိုင်ငံသားတစ်ဦး၏ နိုင်ငံခြားငွေလဲလှယ်သုံးစွဲနိုင်သည့်ပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သောင်းခန့်သာ ရှိရမည်ဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်ခြင်းကိုလည်း သက်ဆိုင်ရာဘဏ်များ၌သာ ပြုလုပ်ရမည်ဟူ၍ ပြဌာန်းထားရာ ယင်းပြဌာန်းချက်သည် ငွေကြေးအများအပြားကိုင်ဆောင်ထားသော ရင်းနှီးမြှပ်နှံသူများ အတွက် အဟန့်အတားများကိုဖြစ်စေနိုင်သောကြောင့် နိုင်ငံခြားငွေနှင့်ပတ်သက်သည့် ဥပဒေကိုပါ ပြင်ဆင်ရန်စီစဉ်နေခြင်းဖြစ်သည်ဟု သိရှိရပါသည်။
တရုတ်အာဏာပိုင်များသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့်ပက်သက်သည့်ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြီးပါက တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အများအပြားဝင်ရောက်လာပြီး နိုင်ငံသား များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ကာ ကုန်ထုတ်လုပ်မှု တိုးတက်လာ လိမ့်မည်ဟုမျှော်မှန်းထားကြောင်း၊ တရုတ်အစိုးရက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဆိုင်ရာဥပဒေများကို ပြင်ဆင်ရန် ကြိုးပမ်းနေသည့်ဂယက်ကြောင့် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၅)ရက်(သောကြာနေ့)တွင် တရုတ်ယွမ်ငွေ တန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ရာ၌ ၀.၁၄%မြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆.၈၇၁၅) ယွမ်လဲလှယ်မှုနှုန်းသို့လည်းကောင်း၊ ယူရိုငွေနှင့်နှိုင်းယှဉ်ရာ၌ ၀.၁၁ %မြင့်တက်ပြီးတစ်ယူရိုလျှင် (၇.၇၅၄၁)ယွမ်လဲလှယ်မှုနှုန်းသို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း www.earnforex.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အာရပ်စော်ဘွားများပြည်ထောင်စုရှိ ဒူဘိုင်းလေဆိပ်ရှိ Duty Free ဆိုင်များတွင် အိန္ဒိယရူးပီးငွေဖြင့် ငွေပေးချေးမှုများ ပြုလုပ်နိုင်ပြီးဖြစ်ကြောင်း

အာရပ်စော်ဘွားများပြည်ထောင်စုရှိဒူဘိုင်းလေဆိပ်ရှိ Duty Free ဆိုင်များတွင်အိန္ဒိယရူးပီးငွေဖြင့်ငွေပေးချေးမှုများပြုလုပ်နိုင်ပြီးဖြစ်ကြောင်းအာရပ်စော်ဘွားများပြည်ထောင်စုရှိဒူဘိုင်းလေဆိပ်ရှိ Duty Free ဆိုင်များတွင်အိန္ဒိယရူးပီးငွေဖြင့်ငွေပေးချေးမှုများပြုလုပ်နိုင်ပြီးဖြစ်ကြောင်း

အာရပ်စော်ဘွားများပြည်ထောင်စုရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ Terminal အမှတ် (၁၊ ၂၊ ၃) တို့ ၌ ဖွင့်လှစ်ထားသော Duty Free ဆိုင်များတွင် ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ (၁) ရက်မှစတင်၍ အိန္ဒိယရူးပီးငွေဖြင့် ငွေပေးချေမှုများပြုလုပ်နိုင်သည်ဟု သိရှိရကြောင်း၊ ဒူဘိုင်းလေဆိပ်သည်နှစ်စဉ်အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများ အများဆုံးဝင်/ ထွက်သွားလာနေသည့် လေဆိပ်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၁၈ ခုနှစ်၌ ဒူဘိုင်းလေဆိပ်ကို ဝင်ထွက်သွားလာသည့် ခရီးသည်အရေအတွက် (၉၀) သန်းရှိသည့်အနက် (၁၂.၂) သန်းမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး မွန်ဘိုင်း၊ဒေလီနှင့်ကိုချင်းကဲ့သို့သော အိန္ဒိယမြို့တော်ကြီးများမှ လာရောက်ကြသူများဖြစ်ကြောင်း၊ ယခင်က  အိန္ဒိယခရီးသွားများသည် ဒူဘိုင်းလေဆိပ်သို့ရောက်ရှိပါက ၎င်းတို့တွင်ပါလာသည့် ရူးပီးငွေကိုဒေါ်လာ (သို့မဟုတ်) ယူရို (သို့မဟုတ်) UAE (အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံသုံး ဒိုင်ရန်ငွေကြေးများတစ်ခုခုဖြင့် လဲလှယ်ပြီးမှသာ Duty Free ဆိုင်များတွင် စေျးဝယ်နိုင်သော်လည်း ယခုအခါ ရူးပီးငွေဖြင့် တိုက်ရိုက်ငွေပေးချေနိုင်ကြောင်း၊ ထို့ကြောင့် အိန္ဒိယရူးပီးငွေသည် ဒူဘိုင်းလေဆိပ်ဆိုင်၌ အသုံးပြုနိုင်သည့် (၁၆) ခုမြောက် နိုင်ငံတကာငွေကြေးအဖြစ်သို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Duty Free ဆိုင်များကို ၁၉၈၃ ခုနှစ် ၊ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်၌ ဝန်ထမ်း (၆၁၀၀) ဦးခန့်ရှိကြောင်း၊ စတင်ဖွင့်လှစ်သည့်အချိန်က ဝန်ထမ်း (၁၀၀) ဦးခန့်သာရှိခဲ့ပြီး ယင်းဝန်ထမ်း (၁၀၀) ဦးအနက် (၂၅) ဦးမှာ လက်ရှိအချိန်ထိ Duty Free ဆိုင်များတွင် အလုပ်လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း၊ Duty Freeဆိုင်များ၏ ရောင်းချရမှုတန်ဖိုးမှာ ၂၀၁၈ ခုနှစ်အတွင်း၌ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရှိခဲ့ကြောင်း www.gulfnews.com. အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။