အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့်နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြားဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာစံချိန်တင်မြင့်တက်လာခဲ့မှု

အိန္ဒိယရူပီးငွေတန်ဖိုးတည်ငြိမ်မှုနှင့် နိုင်ငံခြားငွေကြေးအရင်းအနှီးအများအပြား အိန္ဒိယနိုင်ငံ အတွင်းသို့ ဝင်ရောက်လာမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှုပမာဏမှာ စံချိန်တင်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့်အစီရင်ခံစာတွင်၂၀၁၉ ခုနှစ်၊ ဇွန်လနောက်ဆုံးရက်သတ္တပတ်အတွင်း၌ပင် နိုင်ငံခြားအရန်ငွေကြေးပမာဏမှာအမေရိကန်ဒေါ်လာ (၁.၂၆၂)ဘီလီယံထပ်မံတိုးပွားလာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပိုင်ဆိုင်မှု စုစုပေါင်းပမာဏမှာဇွန်လကုန်၌ အမေရိကန်ဒေါ်လာ(၄၂၇.၆၇၈)ဘီလီယံခန့်ရှိကြောင်း၊ အဆိုပါ ပမာဏသည် အိန္ဒိယနိုင်ငံ၏သမိုင်း၌ နိုင်ငံခြားအရန်ငွေကြေးအများဆုံးပိုင်ဆိုင်ထားသည့် စံချိန်တင်ပမာဏဖြစ်သည်ဟုဖော်ပြထားကြောင်းသိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေကြေးပမာဏတိုးတက်လာသော်လည်း အရန်ရွှေ ပိုင်ဆိုင်ထားမှုတန်ဖိုးပမာဏမှာမူ ဇွန်လနောက်ဆုံးရက်သတ္တပတ်အတွင်း၌ အပြောင်းအလဲမရှိဘဲ အမေရိကန်ဒေါ်လာ(၂၂.၉၅၈)ဘီလီယံတန်ဖိုး၌ပင် ဆက်လက်ရပ်တည်လျက်ရှိကြောင်းသိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပသမဂ္ဂဗဟိုဘဏ်အပါအဝင်နိုင်ငံတကာ ဗဟိုဘဏ်ကြီးများသည် ဘဏ်တိုးနှုန်းလျှော့ချသည့်မူဝါဒများကို အပြိုင်အဆိုင်ကျင့်သုံးမည့် အနေအထားကြောင့် အဆိုပါ နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ၊ ယူငွေငွေကြေးများနှင့်ဆက်စပ်နေသော နိုင်ငံခြားငွေ အရင်းအနှီးများသည် အိန္ဒိယနိုင်ငံကဲ့သို့သောစီးပွားရေးထွန်းသစ်စနိုင်ငံများသို့ အများအပြား စီးဝင်လာသည့်အတွက် အိန္ဒိယနိုင်ငံ၏နိုင်ငံခြားအရန်ငေွကြေးပမာဏမှာ မြင့်တက်လာခြင်း ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြကြောင်းကို www.thehindubusinessline.com အင်တာနက် website တွင်ဖော်ပြထားရှိပါသည်။