အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့်ကာလအတွင်း တရုတ်ဗဟိုဘဏ်သည် အရန်ရွှေ စုဆောင်းထားရှိမှုပမာဏကို (၇) လဆက်တိုက်တိုးမြှင့်ခဲ့

တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ် နေသည့်ကာလအတွင်း တရုတ်ဗဟိုဘဏ်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အထိ (၇) လတာကာလအတွင်း အရန်ရွှေစုဆောင်းထားရှိမှုပမာဏကို ဆက်တိုက်တိုးမြှင့် ခဲ့ကြောင်း သိရှိရပါသည်။
တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်းထုတ်ပြန်သည့်ကြေညာချက်၌ ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများကို အကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် တရုတ် ဗဟိုဘဏ်တာဝန်ရှိသူများသည် အမေရိကန်ဒေါ်လာအစား အရန်ရွှေကို လစဉ်တိုးမြှင့်စုဆောင်းခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မေလကုန်အထိကာလအတွင်း ရွှေတန်ချိန်(၇၄)တန်ခန့် အသားတင် ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း၌လည်း ရွှေတန်ချိန်(၁၀.၃)တန်ခန့်ကို ထပ်မံ ဝယ်ယူနိုင်ခဲ့သောကြောင့် တရုတ်နိုင်ငံသည် လက်ရှိ(၇)လတာကာလအတွင်း စုစုပေါင်းရွှေတန်ချိန် (၈၄.၃)တန်ခန့်ကို အသားတင်ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်၌ တရုတ်ဗဟိုဘဏ်၏ အရန်ရွှေပိုင်ဆိုင်မှု စုစုပေါင်းပမာဏမှာ တန်ချိန်(၁၉၃၅.၆၂၅)တန်ခန့်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံကဲ့သို့ပင် ပိုလန်နိုင်ငံသည်လည်း ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းမှ ဇွန်လကုန်အထိ ကာလ အတွင်း ရွှေတန်ချိန်(၁၂၅.၇)တန်ကိုဝယ်ယူခဲ့ပြီး အရန်ရွှေပမာဏကို (၂)ဆခန့်တိုးမြှင့်ကာ စုစုပေါင်း တန်ချိန်(၂၂၈.၆)တန်ခန့်ထားရှိခဲ့သည့်အတွက် ပိုလန်နိုင်ငံသည် ယခုအခါအရန်ရွှေအများဆုံးပိုင်ဆိုင် ထားသည့် ဥရောပနိုင်ငံများစာရင်းတွင် အမှတ်(၁၁)နေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။
လန်ဒန်အခြေစိုက်ကမ္ဘာ့ရွှေကောင်စီက လွန်ခဲ့သည့်လပိုင်းအတွင်းထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ ဗဟိုဘဏ်အသီးသီး၏ရွှေဝယ်ယူစုဆောင်းမှုပမာဏမှာ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၄% အထိ မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန်(၆၅၁.၅)တန်ခန့်ရှိခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ(၆)နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်းကိုအကြောင်းပြု၍ တရုတ်၊ ရုရှားအပါအဝင် နိုင်ငံအသီးသီးရှိဗဟိုဘဏ်များ၏ ဝယ်လိုအားမြင့်တက်မှုကြောင့် ဗဟိုဘဏ် အားလုံး၏ဝယ်ယူမှုစုစုပေါင်းပမာဏမှာ ၂၀၁၉ ခုနှစ်၌ စုစုပေါင်းတန်ချိန် (၇၀၀) ခန့်အထိ ရှိနိုင်သည်ဟု ဖော်ပြထားကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။