ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသော်လည်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုဝင်ငွေပမာဏမှာ မြင့်တက်ခဲ့
ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့ရလျက်ရှိသော်လည်းလွန်ခဲ့သည့်၂၀၁၉ ခုနှစ်အတွင်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုမှရရှိခဲ့သည့်ဝင်ငွေပမာဏမှာ ၁၈% ခန့် မြင့်တက်ခဲ့သည်ဟု ဟွာဝေးကုမ္ပဏီက ယခုရက်ပိုင်းအတွင်းထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ဟွာဝေးကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၈ ခုနှစ်အတွင်း ဟွာဝေးစမတ်ဖုန်းများအား ပြည်ပသို့တင်ပို့ရောင်းချရမှု စုစုပေါင်းပမာဏမှာ အလုံးရေ(၂၀၆)သန်းခန့်ရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင်မူ ပြည်ပသို့ တင်ပို့ရောင်းချခဲ့သည့် စုစုပေါင်းစမတ်ဖုန်းအလုံးရေ ပမာဏမှာ(၂၄၀) သန်းခန့် အထိသို့မြင့်တက်ခဲ့ကြောင်း၊ ရောင်းချနိုင်ခဲ့သည့် စမတ်ဖုန်းအရေအတွက်မြင့်တက်ခဲ့သည့်နည်းတူ ရောင်းချရမှုမှရရှိသည့် စုစုပေါင်းဝင်ငွေပမာဏမှာလည်း တရုတ်ယွမ်ငွေ ၇၂၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၂ ဘီလီယံ)ခန့်ရှိခဲ့ရာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၈% ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်းသိရှိရပါသည်။
ဟွာဝေးကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ခ်ရှုကကုမ္ပဏီဝန်ထမ်းများအတွက်ရည်ရွယ်၍ ရေးသားသည့် နှစ်သစ်မိန့်ခွန်းလွှာ၌၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီရောင်းရဝင်ငွေ မြင့်တက်ခဲ့သော်လည်း ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ဆက်လက်ချမှတ်ထားဖွယ်ရှိသည့်အတွက် ယခု ၂၀၂၀ ခုနှစ်တွင် ဟွာဝေးကုမ္ပဏီသည် စိန်ခေါ်မှုအခက်အခဲများဖြင့် ကြုံတွေ့ရဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏“ရှင်သန်ရပ်တည်နိုင်ရေး”ကို ပထမဦးစားပေးရည်မှန်းချက်အဖြစ် အကောင်အထည်ဖော်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဟွာဝေးစမတ်ဖုန်းများသည် အမေရိကန်အစိုးရ၏ အရေးယူ ပိတ်ဆို့မှုကြောင့် Google အင်တာနက်ဝန်ဆောင်မှုများကိုသုံးစွဲခွင့်မရရှိသည့်အတွက် ဟွာဝေး၏ မိုဘိုင်းဝန်ဆောင်မှု (Huawei Mobile Services) အခန်းကဏ္ဍကို တည်ဆောက်ဖြန့်ကျက်ခြင်းဖြင့် ပြည်ပဈေးကွက်များ၌ ဆက်လက်ရောင်းချနိုင်အောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ Huawei Mobile Services ကို ဖြန့်ကျက်တည်ဆောက်နိုင်ရန်အတွက် ကုမ္ပဏီဝန်ထမ်းများအနေဖြင့် အားထုတ်ကြိုးပမ်းသွားကြရမည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။