အိန္ဒိယနိုင်ငံ၏ နိုင်ငံသားပြင်ဆင်ချက်ဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှ ပြန်လည်နှင်လွှတ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီးက ပြောကြားခဲ့

အိန္ဒိယနိုင်ငံရှိ မွတ်စလင်ဒုက္ခသည်များသည် အသစ်ပြဌာန်းခဲ့သည့် နိုင်ငံသားပြင်ဆင်ချက်အက်ဥပဒေ(CAA)အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့အား နိုင်ငံအတွင်းမှပြန်လည်နှင်လွှတ်သွားမည် ဖြစ်ပြီးနှင်လွှတ်ရေးလုပ်ငန်းစဉ်အား ဆက်လက်လုပ်ဆောင်သွားရန်စီစဉ်ထားသည်ဟုအိန္ဒိယအရှေ့ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျစ်သန်ဒရာဆင်းမ် ကပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျစ်သန်ဒရာဆင်းမ်သည် ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏အထွေထွေရန်ပုံငွေစည်းမျဉ်းဆိုင်ရာအစည်းအဝေးသို့တက်ရောက်စဉ်ဒေသခံ အာဏာပိုင်များအား ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂျစ်သန်ဒရာဆင်းမ်ကပြောကြားရာ၌ အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် နိုင်ငံသားပြင်ဆင်ချက်အက်ဥပဒေ(CAA)အား ယခုရက်ပိုင်းအတွင်း ပါလီမန်မှအတည်ပြုခဲ့ပြီးအကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိရာဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့် မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှနှင်လွှတ်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယ ဗဟိုအစိုးရအနေဖြင့်လည်း အိန္ဒိယနိုင်ငံအတွင်းမွတ်စလင်ဒုက္ခသည်များ အခြေချနေထိုင်လျက်ရှိသည့် အပေါ်စိုးရိမ်လျက်ရှိကာ စာရင်းအချက်အလက်များ ရယူပြုစုသွားမည်ဖြစ်ကြောင်း၊ မွတ်စလင်ဒုက္ခသည် များမှာ တရားမဝင် ခိုးဝင်လာသူများဖြစ်ခြင်းကြောင့် ၎င်းတို့၏မူလနေရပ်နိုင်ငံများသို့သာ ပြန်လည် သွားရောက်နေထိုင်ကြရမည်ဟုပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

ထို့ပြင်ဝန်ကြီး ဂျစ်သန်ဒရာဆင်းမ်သည် ဂျမူးမြောက်ဘက်ပိုင်းရှိဒေသများအတွင်း မွတ်စလင်ဒုက္ခသည်အများအပြား အခြေချနေထိုင်လျက်ရှိခြင်းနှင့်ပတ်သက်၍ ဝင်ရောက်လာသည့်အခြေနေအား စုံစမ်းတင်ပြရန်အတွက်လည်း  သက်ဆိုင်ရာပြည်နယ်အာဏာပိုင်များအား ညွှန်ကြားခဲ့ကြောင်း၊အိန္ဒိယအစိုးရမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဂျမူးနှင့် ဆမ်ဘာခရိုင်များတွင် အခြေချနေထိုင်လျက်ရှိသော မွတ်စလင်ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအရေအတွက်မှာ (၁၃,၇၀၀) ကျော်ခန့်ရှိပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူဦးရေ(၆,၀၀၀)ကျော်ခန့် တိုးတက်များပြားလာခြင်းဖြစ်ကြောင်း၊ အလားတူ အာဏာရ BJP ပါတီ၊ ဂျမူးနှင့်ကက်ရှ်မီးယားရှိ JKNPP ပါတီ၊ VHP ပါတီ၊ RSS ပါတီနှင့် အခြားသောလူမှုရေးအဖွဲ့အစည်းများသည်လည်း မွတ်စလင်ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ပေးရန် ယခင်ကာလများကတည်းက တိုက်တွန်းထားခဲ့ကြသည်ဟု သိရှိရကြောင်းwww.indiatoday.in အင်တာနက် website တွင်  ဖော်ပြပါရှိပါသည်။