အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးသို့ မြင့်တက်ခဲ့

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံတော်လှန်ရေးအစောင့်တပ်၏ ဗိုလ်ချုပ်ကက်စ်ဆင်မ်ဆိုလီမန်နီနှင့် အီရတ်နိုင်ငံပြည်သူ့စစ်တပ်ဖွဲ့ ဗိုလ်မှူးတို့ သေဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့အကြား ပထဝီနိုင်ငံရေးတင်းမာမှုများ ပိုမိုပြင်းထန်လာသည့် အခြေအနေရှိခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ရေနံဈေးနှုန်းများဆက်လက် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အီရတ် ပြည်သူ့စစ်တပ်ဖွဲ့ ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၅) ရက်(တနင်္ဂနွေနေ့) တွင် အီရတ်ပါလီမန် သည် နိုင်ငံအတွင်းရှိ အမေရိကန်အပါအဝင် အခြားပြည်ပစစ်သည်များအား အီရတ်နိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာသွားရန် ဆုံးဖြတ်ချက်တစ်ရပ်အား အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အီရတ်အစိုးရအနေဖြင့် ပြန်လည်စဉ်းစားရန် သမ္မတဒေါ်နယ်ထရန့်က တောင်းဆိုခဲ့ပြီးအမေရိကန် တပ်ဖွဲ့များအီရတ်နိုင်ငံမှ ပြန်လည်ဆုတ်ခွာခဲ့ရမည်ဆိုပါက အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့်  အရေးယူပိတ်ဆို့မှုများနည်းတူ အီရတ်နိုင်ငံအပေါ်၌လည်း ပြင်းထန်သောအရေးယူပိတ်ဆို့မှုများချမှတ်သွားမည်ဟု သမ္မတဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြောကြားထားကြောင်းသိရှိရပါသည်။

အလားတူအီရန်တော်လှန်ရေးအစောင့်တပ်၏ ဗိုလ်ချုပ်ကိုသေဆုံးစေခဲ့သော အမေရိကန် အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် အီရန်နိုင်ငံကလက်တုံ့ပြန်လာမည်ဆိုပါက အမေရိကန် အစိုးရသည် အီရန်နိုင်ငံအတွက် လွန်စွာအရေးပါသောနေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများအပါအဝင် နေရာပေါင်း (၅၂) နေရာအား ပထမဆုံးပစ်မှတ်ထား၍ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ခြိမ်းခြောက်ပြောကြားထားကြောင်း၊ သမ္မတဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်ပြောကြားမှုထွက်ပေါ် ပြီးနောက် အီရန်သမ္မတ၏ စစ်ရေးအကြံပေးပုဂ္ဂိုလ် ဟော့ဆိန် ဒါဟ်ဂန်ကလည်း အီရန်နိုင်ငံအနေဖြင့် လက်တုံ့ပြန်သွားမည်ဖြစ်ပြီး အမေရိကန်စစ်ဘက် နှင့် စစ်စခန်းများကို လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ပြင် ယခုအခါတွင် အီရန်နိုင်ငံတစ်ဝန်းရှိ အီရန်အမြောက်တပ်များအား အသင့်အနေအထားတပ်လှန့်ထားမှုများ ပြုလုပ်ထားသည်ကို အမေရိကန်အစိုးရဘက်က စုံစမ်းသိရှိထားသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးကရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့အကြား ပထဝီနိုင်ငံရေးတင်းမာမှုများ ပိုမိုပြင်းထန်လာပါကစီးပွားရေးကဏ္ဍအပေါ် ဆိုးကျိုးသက်ရောက်မှုများရိုက်ခတ်လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၆)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေ လက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၅% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၇၉.၅၅)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၃ ခုနှစ်၊ ဧပြီလနောက်ပိုင်း (၇)နှစ် နီးပါးကာလအတွင်းအမြင့်ဆုံးအနေအထားပင်ဖြစ်ကြောင်းသိရှိရပါသည်။

အလားတူကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း ၂% ခန့်မြင့်တက်ခဲ့ပြီးနယူးယောက်ဈေးကွက်တွင် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၄.၂၂)သို့ လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၀.၀၆)သို့လည်းကောင်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် (၄)လတာကာလအတွင်းအမြင့်ဆုံးဈေးနှုန်းများဖြစ်ကြောင်းwww.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။