အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရွှေ ဈေးနှုန်းမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးသို့ မြင့်တက်ခဲ့

အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေသည့် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၂၀၁၃ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးသို့ မြင့်တက်ခဲ့

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံတော်လှန်ရေးအစောင့်တပ်၏ ဗိုလ်ချုပ်ကက်စ်ဆင်မ်ဆိုလီမန်နီနှင့် အီရတ်နိုင်ငံပြည်သူ့စစ်တပ်ဖွဲ့ ဗိုလ်မှူးတို့ သေဆုံးခဲ့ပြီးနောက် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့အကြား ပထဝီနိုင်ငံရေးတင်းမာမှုများ ပိုမိုပြင်းထန်လာသည့် အခြေအနေရှိခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ရေနံဈေးနှုန်းများဆက်လက် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အီရတ် ပြည်သူ့စစ်တပ်ဖွဲ့ ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၅) ရက်(တနင်္ဂနွေနေ့) တွင် အီရတ်ပါလီမန် သည် နိုင်ငံအတွင်းရှိ အမေရိကန်အပါအဝင် အခြားပြည်ပစစ်သည်များအား အီရတ်နိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာသွားရန် ဆုံးဖြတ်ချက်တစ်ရပ်အား အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အီရတ်အစိုးရအနေဖြင့် ပြန်လည်စဉ်းစားရန် သမ္မတဒေါ်နယ်ထရန့်က တောင်းဆိုခဲ့ပြီးအမေရိကန် တပ်ဖွဲ့များအီရတ်နိုင်ငံမှ ပြန်လည်ဆုတ်ခွာခဲ့ရမည်ဆိုပါက အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့်  အရေးယူပိတ်ဆို့မှုများနည်းတူ အီရတ်နိုင်ငံအပေါ်၌လည်း ပြင်းထန်သောအရေးယူပိတ်ဆို့မှုများချမှတ်သွားမည်ဟု သမ္မတဒေါ်နယ်ထရန့်က ခြိမ်းခြောက်ပြောကြားထားကြောင်းသိရှိရပါသည်။

အလားတူအီရန်တော်လှန်ရေးအစောင့်တပ်၏ ဗိုလ်ချုပ်ကိုသေဆုံးစေခဲ့သော အမေရိကန် အစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် အီရန်နိုင်ငံကလက်တုံ့ပြန်လာမည်ဆိုပါက အမေရိကန် အစိုးရသည် အီရန်နိုင်ငံအတွက် လွန်စွာအရေးပါသောနေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်နေရာများအပါအဝင် နေရာပေါင်း (၅၂) နေရာအား ပထမဆုံးပစ်မှတ်ထား၍ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ခြိမ်းခြောက်ပြောကြားထားကြောင်း၊ သမ္မတဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်ပြောကြားမှုထွက်ပေါ် ပြီးနောက် အီရန်သမ္မတ၏ စစ်ရေးအကြံပေးပုဂ္ဂိုလ် ဟော့ဆိန် ဒါဟ်ဂန်ကလည်း အီရန်နိုင်ငံအနေဖြင့် လက်တုံ့ပြန်သွားမည်ဖြစ်ပြီး အမေရိကန်စစ်ဘက် နှင့် စစ်စခန်းများကို လက်တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့ပြင် ယခုအခါတွင် အီရန်နိုင်ငံတစ်ဝန်းရှိ အီရန်အမြောက်တပ်များအား အသင့်အနေအထားတပ်လှန့်ထားမှုများ ပြုလုပ်ထားသည်ကို အမေရိကန်အစိုးရဘက်က စုံစမ်းသိရှိထားသည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးကရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့အကြား ပထဝီနိုင်ငံရေးတင်းမာမှုများ ပိုမိုပြင်းထန်လာပါကစီးပွားရေးကဏ္ဍအပေါ် ဆိုးကျိုးသက်ရောက်မှုများရိုက်ခတ်လာမည်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၆)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေ လက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၅% မြင့်တက်ခဲ့ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၇၉.၅၅)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၃ ခုနှစ်၊ ဧပြီလနောက်ပိုင်း (၇)နှစ် နီးပါးကာလအတွင်းအမြင့်ဆုံးအနေအထားပင်ဖြစ်ကြောင်းသိရှိရပါသည်။

အလားတူကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း ၂% ခန့်မြင့်တက်ခဲ့ပြီးနယူးယောက်ဈေးကွက်တွင် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၄.၂၂)သို့ လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၇၀.၀၆)သို့လည်းကောင်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် (၄)လတာကာလအတွင်းအမြင့်ဆုံးဈေးနှုန်းများဖြစ်ကြောင်းwww.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံ၏ နိုင်ငံသားပြင်ဆင်ချက်ဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှ ပြန်လည်နှင်လွှတ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီးက ပြောကြားခဲ့

အိန္ဒိယနိုင်ငံ၏ နိုင်ငံသားပြင်ဆင်ချက်ဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှ ပြန်လည်နှင်လွှတ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီးက ပြောကြားခဲ့

အိန္ဒိယနိုင်ငံရှိ မွတ်စလင်ဒုက္ခသည်များသည် အသစ်ပြဌာန်းခဲ့သည့် နိုင်ငံသားပြင်ဆင်ချက်အက်ဥပဒေ(CAA)အရ နိုင်ငံသားဖြစ်ခွင့်မရရှိသည့် အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့အား နိုင်ငံအတွင်းမှပြန်လည်နှင်လွှတ်သွားမည် ဖြစ်ပြီးနှင်လွှတ်ရေးလုပ်ငန်းစဉ်အား ဆက်လက်လုပ်ဆောင်သွားရန်စီစဉ်ထားသည်ဟုအိန္ဒိယအရှေ့ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျစ်သန်ဒရာဆင်းမ် ကပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျစ်သန်ဒရာဆင်းမ်သည် ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏အထွေထွေရန်ပုံငွေစည်းမျဉ်းဆိုင်ရာအစည်းအဝေးသို့တက်ရောက်စဉ်ဒေသခံ အာဏာပိုင်များအား ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂျစ်သန်ဒရာဆင်းမ်ကပြောကြားရာ၌ အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် နိုင်ငံသားပြင်ဆင်ချက်အက်ဥပဒေ(CAA)အား ယခုရက်ပိုင်းအတွင်း ပါလီမန်မှအတည်ပြုခဲ့ပြီးအကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိရာဥပဒေသစ်အရ နိုင်ငံသားဖြစ်ခွင့် မရရှိသည့် မွတ်စလင်ဒုက္ခသည်များအား နိုင်ငံအတွင်းမှနှင်လွှတ်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယ ဗဟိုအစိုးရအနေဖြင့်လည်း အိန္ဒိယနိုင်ငံအတွင်းမွတ်စလင်ဒုက္ခသည်များ အခြေချနေထိုင်လျက်ရှိသည့် အပေါ်စိုးရိမ်လျက်ရှိကာ စာရင်းအချက်အလက်များ ရယူပြုစုသွားမည်ဖြစ်ကြောင်း၊ မွတ်စလင်ဒုက္ခသည် များမှာ တရားမဝင် ခိုးဝင်လာသူများဖြစ်ခြင်းကြောင့် ၎င်းတို့၏မူလနေရပ်နိုင်ငံများသို့သာ ပြန်လည် သွားရောက်နေထိုင်ကြရမည်ဟုပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

ထို့ပြင်ဝန်ကြီး ဂျစ်သန်ဒရာဆင်းမ်သည် ဂျမူးမြောက်ဘက်ပိုင်းရှိဒေသများအတွင်း မွတ်စလင်ဒုက္ခသည်အများအပြား အခြေချနေထိုင်လျက်ရှိခြင်းနှင့်ပတ်သက်၍ ဝင်ရောက်လာသည့်အခြေနေအား စုံစမ်းတင်ပြရန်အတွက်လည်း  သက်ဆိုင်ရာပြည်နယ်အာဏာပိုင်များအား ညွှန်ကြားခဲ့ကြောင်း၊အိန္ဒိယအစိုးရမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဂျမူးနှင့် ဆမ်ဘာခရိုင်များတွင် အခြေချနေထိုင်လျက်ရှိသော မွတ်စလင်ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအရေအတွက်မှာ (၁၃,၇၀၀) ကျော်ခန့်ရှိပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လူဦးရေ(၆,၀၀၀)ကျော်ခန့် တိုးတက်များပြားလာခြင်းဖြစ်ကြောင်း၊ အလားတူ အာဏာရ BJP ပါတီ၊ ဂျမူးနှင့်ကက်ရှ်မီးယားရှိ JKNPP ပါတီ၊ VHP ပါတီ၊ RSS ပါတီနှင့် အခြားသောလူမှုရေးအဖွဲ့အစည်းများသည်လည်း မွတ်စလင်ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ပေးရန် ယခင်ကာလများကတည်းက တိုက်တွန်းထားခဲ့ကြသည်ဟု သိရှိရကြောင်းwww.indiatoday.in အင်တာနက် website တွင်  ဖော်ပြပါရှိပါသည်။

ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသော်လည်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုဝင်ငွေပမာဏမှာ မြင့်တက်ခဲ့

ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသော်လည်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုဝင်ငွေပမာဏမှာ မြင့်တက်ခဲ့

ဟွာဝေးကုမ္ပဏီသည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများနှင့် ကြုံတွေ့ရလျက်ရှိသော်လည်းလွန်ခဲ့သည့်၂၀၁၉ ခုနှစ်အတွင်းကုမ္ပဏီ၏ စမတ်ဖုန်းရောင်းချရမှုမှရရှိခဲ့သည့်ဝင်ငွေပမာဏမှာ ၁၈% ခန့် မြင့်တက်ခဲ့သည်ဟု ဟွာဝေးကုမ္ပဏီက ယခုရက်ပိုင်းအတွင်းထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ဟွာဝေးကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၈ ခုနှစ်အတွင်း ဟွာဝေးစမတ်ဖုန်းများအား ပြည်ပသို့တင်ပို့ရောင်းချရမှု စုစုပေါင်းပမာဏမှာ အလုံးရေ(၂၀၆)သန်းခန့်ရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင်မူ ပြည်ပသို့ တင်ပို့ရောင်းချခဲ့သည့် စုစုပေါင်းစမတ်ဖုန်းအလုံးရေ ပမာဏမှာ(၂၄၀) သန်းခန့် အထိသို့မြင့်တက်ခဲ့ကြောင်း၊ ရောင်းချနိုင်ခဲ့သည့် စမတ်ဖုန်းအရေအတွက်မြင့်တက်ခဲ့သည့်နည်းတူ ရောင်းချရမှုမှရရှိသည့် စုစုပေါင်းဝင်ငွေပမာဏမှာလည်း  တရုတ်ယွမ်ငွေ ၇၂၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၂ ဘီလီယံ)ခန့်ရှိခဲ့ရာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၈% ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရကြောင်းသိရှိရပါသည်။

ဟွာဝေးကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ခ်ရှုကကုမ္ပဏီဝန်ထမ်းများအတွက်ရည်ရွယ်၍ ရေးသားသည့် နှစ်သစ်မိန့်ခွန်းလွှာ၌၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီရောင်းရဝင်ငွေ မြင့်တက်ခဲ့သော်လည်း ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများ ဆက်လက်ချမှတ်ထားဖွယ်ရှိသည့်အတွက် ယခု ၂၀၂၀ ခုနှစ်တွင် ဟွာဝေးကုမ္ပဏီသည် စိန်ခေါ်မှုအခက်အခဲများဖြင့် ကြုံတွေ့ရဦးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏“ရှင်သန်ရပ်တည်နိုင်ရေး”ကို ပထမဦးစားပေးရည်မှန်းချက်အဖြစ် အကောင်အထည်ဖော်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဟွာဝေးစမတ်ဖုန်းများသည် အမေရိကန်အစိုးရ၏ အရေးယူ ပိတ်ဆို့မှုကြောင့် Google အင်တာနက်ဝန်ဆောင်မှုများကိုသုံးစွဲခွင့်မရရှိသည့်အတွက် ဟွာဝေး၏ မိုဘိုင်းဝန်ဆောင်မှု (Huawei Mobile Services) အခန်းကဏ္ဍကို တည်ဆောက်ဖြန့်ကျက်ခြင်းဖြင့် ပြည်ပဈေးကွက်များ၌ ဆက်လက်ရောင်းချနိုင်အောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ Huawei Mobile Services ကို ဖြန့်ကျက်တည်ဆောက်နိုင်ရန်အတွက် ကုမ္ပဏီဝန်ထမ်းများအနေဖြင့် အားထုတ်ကြိုးပမ်းသွားကြရမည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။