တရုတ်ဗဟိုဘဏ်သည် ဗဟိုဘဏ်၌ ပြည်တွင်းဘဏ်များက ထားရှိရမည့်အာမခံငွေကြေးပမာဏကို လျှော့ချခဲ့သည့်အတွက် တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းသွားခဲ့

ပြည်တွင်းဘဏ်များက ဗဟိုဘဏ်၌ ထားရှိရမည့် အာမခံငွေကြေးပမာဏ (RRR) အား တရုတ်ဗဟိုဘဏ်က လျှော့ချပေးခဲ့ပြီးနောက်၂၀၂၀ခုနှစ်၊ နှစ်ဆန်းရက်ဈေးကွက်ဖွင့်ချိန်တွင်တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၀ခုနှစ်၊ဇန်နဝါရီလ(၁) ရက် (ဗုဒ္ဓဟူးနေ့) တွင် တရုတ်ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များကဗဟိုဘဏ်၌ထားရှိရမည့် အာမခံငွေကြေးပမာဏ (RRR) ကို ယခုဇန်နဝါရီလ (၆) ရက်မှစတင်၍ ၀.၅၀% လျှော့ချပေးသွားမည်ဟု ကြေညာခဲ့ကြောင်း၊ ဗဟိုဘဏ်သည် ပြည်တွင်းစီးပွားရေးတိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေးဆိုင်ရာ ဘဏ္ဍာငွေကုန်ကျမှုများ လျော့ကျစေရန်ရည်ရွယ်၍ ဗဟိုဘဏ်၌ ထားရှိရမည့် ပြည်တွင်းဘဏ်များ၏ အာမခံငွေကြေးပမာဏအားယခုကဲ့သို့ လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်၏ လျှော့ချပေးမှုကြောင့် တရုတ်ယွမ်ငွေ၈၀၀ဘီလီယံ (အမေရိကန်ဒေါ်လာ၁၁၄.၈၄ဘီလီယံ) ခန့်မှာ ဈေးကွက်အတွင်း ဝင်ရောက်လာဖွယ်ရှိရာ ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများထွက်ပေါ်လာပြီး တရုတ်ယွမ်ငွေတန်ဖိုး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့အခြေစိုက်ဘဏ္ဍာရေးနှင့်စီးပွားရေးသတင်းအချက်အလက်များထုတ်ပြန်ပေးလျက်ရှိသည့် Caixin ကုမ္ပဏီက၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂) ရက် (ကြာသပတေးနေ့) တွင်ထုတ်ပြန်သည့်စစ်တမ်းအစီရင်ခံစာ၌၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလအတွင်းတရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ တိုးတက်မှုအညွှန်းကိန်းအမှတ်မှာ လွန်ခဲ့သည့်နိုဝင်ဘာလနှင့် နှိုင်းယှဉ်ပါက (၀.၃) မှတ်ကျဆင်းကာ တိုးတက်မှုအညွှန်းကိန်းအမှတ် (၅၁.၅) မှတ်သာရှိခဲ့သည်ဟု ဖော်ပြထားခြင်းသည်လည်း တရုတ်ယွမ်ငွေတန်ဖိုးကို ကျဆင်းစေသည့်အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင်တရုတ်ဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာနှင့် ရည်ညွှန်းငွေလဲလှယ်မှုနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် (၆.၉၆၁၄) ယွမ်လဲလှယ်မှုနှုန်းသတ်မှတ်ခဲ့သော်လည်း နေ့လည်ပိုင်းတွင်မူ တရုတ်ပြည်တွင်းငွေကြေးဈေးကွက်၌ တရုတ်ယွမ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၀.၀၄% ကျဆင်းသွားခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆.၉၆၆၃) ယွမ်လဲလှယ်မှုနှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း www.nasdaq.com အင်တာနက်website တွင်ဖော်ပြပါရှိပါသည်။