ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များ၌ စုဆောင်းထားရှိသည့် နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန် ဒေါ်လာပါဝင်မှု ပမာဏမြင့်တက်လာခဲ့သည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့

၂၀၁၉ ခုနှစ်၊ တတိယ (၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များ၌ စုဆောင်းထားရှိသည့် နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာ ပါဝင်မှုပမာဏမှာ (၁)နှစ်တာကာလအတွင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်(အင်္ဂါနေ့) တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

IMF က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဒုတိယ (၃) လပတ်ကာလတွင် ကမ္ဘာတစ်ဝန်း ဗဟိုဘဏ်များ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာပါဝင်မှု စုစုပေါင်းပမာဏမှာ ၆၁.၄၉% ခန့်သာရှိခဲ့သော်လည်း တတိယ (၃) လပတ်ကာလတွင်မူ ၆၁.၇၈% သို့ မြင့်တက်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၈ ခုနှစ်၊ တတိယ (၃) လပတ်ကာလနောက်ပိုင်း (၁) နှစ်တာကာလအတွင်း ကမ္ဘာတစ်ဝန်းနိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာပါဝင်မှု အမြင့်ဆုံးအနေအထား ဖြစ်သည်ဟု ဖော်ပြထားကြောင်း  သိရှိရပါသည်။

အမေရိကန်ဒေါ်လာနည်းတူ ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် ဂျပန်ယန်းငွေ ပါဝင်မှုပမာဏမှာလည်း ၅.၀၆% သို့ မြင့်တက်ခဲ့ရာ ၂၀၀၀ ခုနှစ် နောက်ပိုင်း ဂျပန်ယန်းငွေအား ကမ္ဘာတစ်ဝန်း ဗဟိုဘဏ်များက စုဆောင်းထားရှိမှု အများဆုံး အနေအထားပင်ဖြစ်ကြောင်း၊ အလားတူ တရုတ်ယွမ်ငွေအား ကမ္ဘာတစ်ဝန်းက စုဆောင်းထားရှိမှုပမာဏမှာ ၂.၀၁% သို့ မြင့်တက်ခဲ့ရာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ကမ္ဘာတစ်ဝန်းနိုင်ငံခြားအရန်ငွေကြေးပမာဏတွင် တရုတ်ယွမ်ငွေပါဝင်မှု အများဆုံးအနေအထားပင်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် အမေရိကန်ဒေါ်လာ၊ ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်ငွေများပါဝင်မှုပမာဏမှာအသီးသီးမြင့်တက်ခဲ့သော်လည်း ယူရိုငွေကြေး ပါဝင်မှုမှာမူ ၂၀.၀၇% ခန့်သာ ရှိတော့ရာ ၂၀၁၇ ခုနှစ်၊ တတိယ (၃) လပတ်ကာလ နောက်ပိုင်း အနိမ့်ဆုံး အနေအထားသို့ ကျဆင်းခဲ့သည်ဟု IMF ၏ အစီရင်ခံစာ၌ ဖော်ပြထားကြောင်း  သိရှိရပါသည်။ လတ်တလောနှစ်ကာလအပိုင်းအခြားများတွင် ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များသည် ၎င်းတို့၏ နိုင်ငံခြားအရန်ငွေ စုဆောင်းမှုတွင် အမေရိကန်ဒေါ်လာအစား အခြားသော ငွေကြေးများကို ပြောင်းလဲ စုဆောင်းမှုများပြုလုပ်လျက်ရှိကြောင်း၊ သို့သော် လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာသည် ကမ္ဘာပေါ်၌ အထင်အရငွေကြေးတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အမေရိကန်ဒေါ်လာသည် နိုင်ငံတကာကုန်သွယ်ရေး ငွေပေးချေမှုများနှင့် နိုင်ငံခြားအရန်ငွေကြေး စုဆောင်းမှုများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေဦးမည်သာဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားကြကြောင်း www.reuters.com အင်တာ က် website တွင် ဖော်ပြပါရှိပါသည်။