ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ် (SWIFT) မှ ဖယ်ထုတ်ခံရသော ရုရှားဘဏ်များအနေဖြင့် ဒီဂျစ်တယ်ယွမ်ကို ပြောင်းလဲအသုံးပြုဖွယ် ရှိသည့်အတွက် ဒီဂျစ်တယ်ယွမ် နှင့်ဆက်စပ်သည့် တရုတ်နည်းပညာ ကုမ္ပဏီကြီးများ၏ အစုရှယ်ယာများ တန်ဖိုးများမြင့်တက်

ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ်မှ ဖယ်ထုတ်ခံရသော ရုရှားဘဏ်များအနေဖြင့် ငွေပေးချေမှု ကိစ္စများတွင် တရုတ်ယွမ်ငွေကို အဓိကအခြေခံထားသည့် ငွေပေးချေမှုစနစ် (Cross Border Payment System နှင့် ဒီဂျစ်တယ်ယွမ်တို့ကို ပြောင်းလဲအသုံးပြုဖွယ် ရှိသည့်အတွက် ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကို နည်းပညာပိုင်းဆိုင်ရာ အကောင်အထည် ဖော်ဆောင်နေသည့် တရုတ်နည်း ပညာကုမ္ပဏီကြီးများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူများက အများအပြား ဝယ်ယူစုဆောင်း နေခြင်းကြောင့် အဆိုပါကုမ္ပဏီကြီးများ၏ အစုရှယ်ယာများ တန်ဖိုးမှာ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီကြီး(၃)ခုတွင် ပါဝင်သည့် Newland Digital Technology ကုမ္ပဏီ၏ ရှယ်ယာ တန်ဖိုးမှာ (၂%) မြင့်တက်ပြီး ရှယ်ယာတစ်စုလျှင် တရုတ်ယွမ်ငွေ(၁၇.၄၅) ယွမ်သို့လည်းကောင်း၊ Lakala Payment ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ (၅%) မြင့်တက်ပြီး ရှယ်ယာတစ်စုလျှင် တရုတ် ယွမ်ငွေ (၂၆.၈၂) ယွမ်သို့လည်းကောင်း၊ Client Service International Inc ကုမ္ပဏီ၏ ရှယ်ယာ တန်ဖိုးမှာ (၆%) မြင့်တက်ပြီး ရှယ်ယာတစ်စုလျှင် တရုတ်ယွမ်ငွေ (၂၅.၂၄) ယွမ်သို့လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ၏ လွမ်းမိုးချုပ်ကိုင် နေမှုကို တွန်းလှန်းနိုင်ရန်အတွက် ဒီဂျစ်တယ်ယွမ်ငွေကြေးကို ဖန်တီးသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်အခြေအနေများအရ ဒီဂျစ်တယ်ယွမ်ကို ကမ္ဘာ့နိုင်ငံများက တွင်ကျယ်စွာ သုံးစွဲလာရေးမှာ အနည်းဆုံး (၁၀)စုနှစ်တစ်ခုအထိ ကြာမြင့်နိုင်သော်လည်း ယခုအခါ ရုရှားနိုင်ငံနှင့် အနောက်နိုင်ငံများ အကြား ဖြစ်ပွားသော အပြန်အလှန် ပိတ်ဆို့မှုများကြောင့် ဒီဂျစ်တယ်ယွမ်၏ အခန်းကဏ္ဍမှာ ကမ္ဘာတစ်ဝန်း ငွေပေးချေမှုကိစ္စများတွင် အမြန်ဆုံးတွင်ကျယ်လာဖွယ် ရှိကြောင်း www.channelnewsasia.com  အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။