အခန်း(၃)

၁၈။ ။ ဤအက်ဥပဒေအရ ဌာနဆိုင်ရာအရာရှိအဖြစ်မှရပ်စဲသွားသူ အသီးသီးသည် ပုဒ်မ ၁၂ အရ မိမိအားပေး အပ်ထားသော တာဝန်ခံလက်မှတ်ကို၎င်း၊ မိမိ၏ တာဝန်ဝတ္တရား ဆောင်ရွက် ရန် အလို့ငှာ မိမိအားပေးထားသော အဝတ်တန်ဆာများ၊ အသုံးအဆောင်များနှင့် အခြား ပစ္စည်းများ ကို၎င်း ချက်ခြင်းပေးအပ်ရန် ပျက်ကွက်လျှင် တထောင်ထက်မပိုသည့် ငွေဒဏ် ဖြစ်စေ၊ တနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်။

၁၉။ ။ ဌာနဆိုင်ရာမည်သည့်အရာရှိမဆို အောက်ပါပြစ်မှုကိုကျူးလွန်လျှင် တနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ခြောက်လအတွက် လစာထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေစီရင်ခြင်း ခံရမည်။

(က) ပုဒ်မ ၁၅၊ ပုဒ်မခွဲ (၁)ပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မိမိ၏ ရာထူးနှင့် သက်ဆိုင်သော တာဝန် ဝတ္တရားများကို မဆောင်ရွက်ဘဲနေသည့်ပြစ်မှု။

(ခ) ပုဒ်မ ၁၆၊ ပုဒ်မခွဲ (၂)ပါ ပြဌာန်းချက်များကိုဆန့်ကျင်၍ မည်သည့်အလုပ် တွင်မဆို သို့တည်းမဟုတ် မည်သည့်ရာထူး တွင်မဆို လုပ်သည့်ပြစ်မှု။

(ဂ) ခွင့်ရက်နှင့်နေ၍ ထိုခွင့်ရက်ကုန်ဆုံးသည့်အခါ အလုပ်ခွင်သို့ လာရောက်ရန် သင့်လျော်သော အကြောင်းမရှိဘဲ ပျက်ကွက် နေသည့်ပြစ်မှု။

(ဃ) တာဝန်ဝတ္တရားပျက်ပြားသည့်ပြစ်မှု သို့တည်းမဟုတ် အခွင့်အာဏာရှိသူက ပြုသည့် နည်းဥပဒေ သို့တည်းမဟုတ် ချမှတ်သည့်အမိန့်ကို တမင်သက်သက် ဖောက်ဖျက်သည့် သို့တည်းမဟုတ် မလေးမမူ ဂရုမစိုက်သည့်ပြစ်မှု။

(င) သူရသတ္တိကင်းမဲ့စွာပြုသည့်ပြစ်မှု သို့တည်းမဟုတ်

(စ) အချုပ်ခံနေရသူတဦးတယောက်ကို မတရားထိခိုက်နာကျင်အောင်ပြုသည့် ပြစ်မှု။

၂၀။ ။ (၁)  မည်သူမဆို မိမိအတွက်သော်၎င်း၊ သူတပါးအတွက်သော်၎င်း ဌာနဆိုင်ရာ အရာရှိ ရာထူးရရှိအောင် သို့တည်းမဟုတ် ထိုရာထူးမှထွက်ခွင့်ရအောင် သိလျက်နှင့် မဟုတ်မမှန်ထွက်ဆိုလျင် သို့တည်းမဟုတ် မဟုတ်မမှန်သော စာချုပ်စာတမ်းကို အသုံးပြုလျှင် ထိုသူသည် သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ တထောင်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်း ခံရမည်။

(၂)  ရာဇသတ်ကြီးဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ မည်သူမဆို ဌာနတွင် ရာထူးတခုခု၌ မိမိမထမ်းရွက်ကြောင်းသိလျက်နှင့် ထိုရာထူး၌ ထမ်းရွက် ဟန်ဆောင်လျက် သို့တည်းမဟုတ် ဌာနတွင်ရာထူးတခုခု၌ ထမ်းရွက်နေသော သူယောင်ဆောင်လျက်၊ ဌာနဆိုင်ရာအရာရှိ ဟန်ဆောင်အနေနှင့် ထိုရာထူးနှင့် စပ်လျဉ်းသည့် ပြုလုပ်မှုတခုကိုပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုလုပ်ရန် အားထုတ်လျှင် ထိုသူသည် သုံးနှစ်ထိထောင်ဒဏ်စီရင်ခြင်းခံရမည့်ပြင် တထောင်ထက်မပိုသော ငွေဒဏ် စီရင်ခြင်းကိုလည်း ခံရမည်။

(၃)  ရာဇသတ်ကြီးဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ မည်သူမဆို ဌာနဆိုင်ရာ အရာရှိ မဟုတ်ဘဲလျက် ထိုဌာနဆိုင်ရာအရာရှိဖြစ်ကြောင်း သူတပါးယုံကြည် စေရန် ကြံရွယ်ချက်နှင့်ဖြစ်စေ၊ သူတပါးယုံကြည်စေတန်ရာသည်ကို သိလျက် နှင့်ဖြစ်စေ ထိုဌာနဆိုင်ရာအရာရှိ ဝတ်ဆင်ကိုင်ဆောင်သော အဝတ်တန်ဆာနှင့် သို့တည်းမဟုတ် အမှတ်အသားနှင့်သဏ္ဍာန် တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျှင် သို့တည်းမဟုတ် အမှတ်အသားကို ကိုင်ဆောင်လျှင် ထိုသူသည် တနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ တထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ စီရင်ခြင်းခံရမည်။

(၄) မြန်မာနိုင်ငံအစိုးရ၏ လျှို့ဝှက်သည့်ကိစ္စဆိုင်ရာအက်ဥပဒေတွင် မည်သို့ပင်ပါရှိ စေကာမူ အစိုးရလက်အောက်တွင်ရာထူးလက်ရှိဖြစ်သူ တဦးတယောက်က ယုံမှတ်၍ အပ်နှံထားသည့် သို့တည်းမဟုတ် ဌာနဆိုင်ရာအရာရှိအဖြစ် ဖြင့်ရရှိ သည့်သို့တည်းမဟုတ် သိရှိနိုင်သည့် လျှို့ဝှက်အပ်သော အစိုးရဆိုင်ရာ စကား ဝှက်နည်း သို့တည်းမဟုတ် ဝင်ထွက် နိုင်ခွင့်စကားဝှက်ကိုဖြစ်စေ၊ အကြမ်းပုံ၊ နယ်ပုံ၊ ပုံစံ၊ ရေးသားချက်၊ မှတ်ချက်၊ စာမှတ်၊ စာတမ်း သို့တည်းမဟုတ် အကြောင်းရာ ကိုဖြစ်စေ လက်ဝယ်ထားရှိထိန်းသိမ်းရသည့် ဥက္ကဌ သို့တည်း မဟုတ် အဖွဲ့ဝင် သို့တည်းမဟုတ် ဌာနဆိုင်ရာ  အရာရှိတဦးဦးသည်-

(က) မိမိပြောကြားခွင့်ရသူမှတပါး အခြားသူတဦး တယောက်အား ထိုစကား ဝှက်နည်း သို့တည်းမဟုတ် ဝင်ထွက်နိုင်ခွင့်စကားဝှက် ကိုဖြစ်စေ၊ ထိုအကြမ်းပုံ၊ နယ်ပုံ၊ ပုံစံ၊ ရေးသားချက်၊ မှတ်ချက်၊ စာချုပ်စာတမ်း သို့တည်းမဟုတ် အကြောင်း အရာကို ဖြစ်စေ တမင်ပြောကြားလျှင် သို့တည်းမဟုတ်

(ခ) မိမိလက်ဝယ်ထားရှိထိန်းသိမ်းရသည့် အကြမ်းပုံ၊ နယ်ပုံ၊ ပုံစံ၊ ရေးသားချက်၊ မှတ်ချက် သို့တည်းမဟုတ် စာချုပ်၊ စာတမ်းကို ဆက် လက်ထားရှိခွင့်မရဘဲ တမင်ဆက်လက်ထားရှိလျှင်သို့တည်းမဟုတ် အဆို ပါ အကြမ်းပုံစသည်တို့ကို ပြန်အပ်ရန် သို့တည်းမဟုတ် စီမံခန့်ခွဲရန် အာဏာပိုင်ကထုတ်ဆင့်သည့် အမိန့်တရပ်ရပ်ကို တမင်မလိုက်နာဘဲနေ လျှင် သို့တည်းမဟုတ်

(ဂ) အကြမ်းပုံ၊ နယ်ပုံ၊ ပုံစံ၊ ရေးသားချက်၊ မှတ်ချက်၊ စာချုပ်၊ စာတမ်း၊ လျှို့ဝှက် အပ်သော အစိုးရဆိုင်ရာ စကားဝှက်နည်း သို့တည်းမဟုတ် ဝင်ထွက်နိုင်ခွင့် စကားဝှက် သို့တည်းမဟုတ် အကြောင်းအရာကို ထိုက်သည့် အားလျော် စွာ မလေးဂရုမပြုဘဲ တမင်နေလျှင် သို့တည်းမဟုတ် မပေါက်ကြား မပျက်စီး အောင်ဆောင်ရွက်ရန် ပျက်ကွက်လျှင်ထိုသူသည်သုံးနှစ်ထိ ထောင်ဒဏ်စီရင်ခြင်းခံရမည့်ပြင် တထောင်ထက် မပိုသော ငွေဒဏ်စီရင်ခြင်း ကို လည်းခံရမည်။