အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်နေမှုအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်  အမေရိကန် အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ကြသော်လည်း အစိုးရယန္တရားများတစ်စိတ် တစ်ပိုင်းရပ်တန့်နေမှုမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး သမ္မတဒေါ်နယ်ထရန့်အပေါ် ပြည်သူများ၏ ထောက်ခံမှုမှာလည်းလျော့ကျလျက်ရှိမှု

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက် (သောကြာနေ့) တွင် အမေရိကန်ပြည်ထောင်စု၌ ဖြစ်ပေါ် နေသော အစိုးရယန္တရားများတစ်စိတ် တစ်ပိုင်းရပ်တန့်နေမှု (goverment shutdown) သက်တမ်းမှာ (၃၅) ရက်အထိစံချိန်တင် ကြာမြင့်နေပြီဖြစ်ပြီး အမေရိကန်အထက်လွှတ်တော်သည် ဇန်နဝါရီလ (၂၄) ရက် (ကြာသပတေးနေ့) တွင် ရန်ပုံငွေကြေးနှစ်ခုအား မဲခွဲရွေးချယ်ရန်စီစဉ်ထားကြောင်း၊ အဆိုပါ ရန်ပုံငွေ ကြေးနှစ်ခုအနက် တစ်ခုမှာ သမ္မတဒေါ်နယ်ထရန့်တောင်းဆိုသည့် တံတိုင်းကာရန်ရေးအမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံနှင့် တရားမဝင်ဝင်ရောက်လာသည့် ကလေးသူငယ်များ (Dreamers) အားယာယီကာကွယ်ပေးရေး အစီအစဉ်ဖြစ်ပြီး ကျန်တစ်ခုမှာရပ်တန့်နေသည့်အစိုးရယန္တရားများကိုလာမည့် ဖေဖော်ဝါရီလ (၈) ရက်နေ့အထိ ယာယီပြန်လည် ဖွင့်လှစ်လုပ်ကိုင်နိုင်ရန်အတွက် ဘဏ္ဍာငွေသုံးစွဲရေးအစီအစဉ်တို့ ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ် (၂) ခုအနက် တစ်ခုအနိုင်ရရန်အတွက်ထောက် ခံမဲ (၆၀) ရရှိရန်လိုအပ်သည်ဟုသိရှိရပါသည်။

သို့ရာတွင် အဆိုပါ ရန်ပုံငွေကြေးနှစ်ရပ်အား မဲခွဲဆုံးဖြတ်ရာ၌ သမ္မတဒေါ်နယ်ထရန့် တောင်းခံသော အမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံအတွက် ထောက်ခံမဲ (၅၀) မဲနှင့် ကန့်ကွက်မဲ (၄၇) မဲ ရရှိခဲ့ပြီး ဖေဖော်ဝါရီလ (၈) ရက်နေ့အထိ goverment shutdown ပြန်လည်ဖွင့်လှစ်နိုင်ရေး ရည်ရွယ်သော ဒီမိုကရက်များ၏ အစီအစဉ် အတွက် ထောက်ခံမဲ (၅၂) နှင့်ကန့်ကွက်မဲ(၄၄)မဲရရှိခဲ့ရာ အနိုင်ရရန် အတွက်လိုအပ်သည့် ထောက်ခံမဲ (၆၀) မဲကို မည်သည့်ပါတီကမျှရရှိခဲ့ခြင်းမရှိသောကြောင့် မဲခွဲရွေးချယ်သည့်အစီအစဉ်နှင့်ပတ်သက်၍ မည်သည့်ဘက်က မျှအနိုင်မရရှိဘဲ goverment shutdown မှာဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခု မဲခွဲဆုံးဖြတ်မှု၌ ထူးခြားသည်မှာ သမ္မတဒေါ်နယ်ထရန့်၏တံတိုင်းအတွက် အတိုက်အခံဒီမိုကရက်ပါတီဝင်တစ်ဦးကထောက်ခံ မဲပေးခဲ့ပြီး goverment shutdown ယာယီပြန်ဖွင့်ရေးဒီမိုကရက်များ၏ အစီအစဉ်အတွက် ထောက်ခံမဲ ပေးခဲ့သည့် သမ္မတထရန့်၏ ရီပတ်ဗလစ်ကန်ပါတီဝင်ဦးရေမှာ (၆) ဦးအထိရှိခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါ သမ္မတဒေါ်နယ်ထရန့်အစိုးရသည် goverment shutdown ကြာမြင့်မှုကြောင့် ဆုံးရှုံးထိခိုက်မှုအခြေအနေကို သိရှိလိုလျက်ရှိပြီး လာမည့်မတ်လ (သို့မဟုတ်) ဧပြီလအထိ goverment shutdown ကြာမြင့်နေမည်ဆိုပါက ကြီးကြီးမားမားဆုံးရှုံးထိခိုက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်းသည့် စာရင်းအချက်အလက်များကို ဇန်နဝါရီလ(၂၅)ရက် (သောကြာနေ့) မတိုင်မီသိရှိလိုသည်ဟု သမ္မတအိမ်ဖြူတော် တာဝန်ခံချုပ် မစ်ခ်မူဗာနေးက ဝါရှင်တန်ပို့စ်သတင်းဌာနတာဝန်ရှိသူများအား ပြောကြားထားသည်ဟုသိရှိ ရကြောင်း၊ ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရှေးအကျဆုံးသော အမေရိကန်ပြည်ထောင်စု၊ ချီကာဂို အခြေစိုက် လူမှုသိပ္ပံသုတေသဌာန (NORC) နှင့် နယူးယောက်အခြေစိုက် AP သတင်းဌာနတို့ ပူးပေါင်းဖွဲ့ စည်းထားသည့် ပြည်သူ့ရေးရာ သုတေသနဌာန (AP- NORC) သည် လက်ရှိအမေရိကန်ပြည်ထောင်စု၌ ဖြစ်ပေါ်နေသည့် လေးပုံတစ်ပုံခန့်ရှိသည့် အစိုးရယန္တရားများရပ်တန့်နေမှု (partial government shutdown) နှင့် ပတ်သက်၍ လူထုသဘောထား စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ရာတွင် သမ္မတဒေါ်နယ်ထရန့်အပေါ် အမေ ရိကန်ပြည်သူများ၏ ထောက်ခံမှုလျော့ကျသွားခဲ့သည်ဟု သိရှိရပါသည်။

အမေရိကန်ပြည်သူ့ရေးရာ သုတေသဌာန AP- NORC က ပြုလုပ်ခဲ့သည့် လူထု သဘောထားစစ် တမ်းကောက်ယူမှုအရ သမ္မတဒေါ်နယ်ထရန့်အား ထောက်ခံသူပမာဏမှာ ၃၄% ရှိကြောင်း၊ အဆိုပါ ပမာဏ သည် လွန်ခဲ့သည့်လနှင့်နှိုင်းယှဉ်ပါက ၄၂% လျော့ကျသွားခြင်းဖြစ် ကြောင်း၊ AP- NORC  ၏ စစ်တမ်းအရ  ဒီမိုကရက်ပါတီဝင် ၆၈% ၊ တစ်သီး ပုဂ္ဂလ ၆၉%  နှင့် သမ္မတဒေါ်နယ်ထရန့်၏ ရီပတ်ဗလစ်ကန်ပါတီဝင် ၃၃% အပါအဝင် ၆၅% ခန့်ရှိသော အမေရိကန်ပြည်သူများသည် government shutdown ဖြစ်ပေါ်နေခြင်းကို အကြီးစားပြဿနာတစ်ရပ် အသွင်ရူမြင်နေကြပြီး ဒီမိုကရက်လွှတ်တော်အမတ်များထက် သမ္မတဒေါ်နယ်ထရန့် အားပို၍အပြစ်တင်လျက်ရှိကြကြောင်း၊ အလားတူ အမေရိကန် – မက္ကဆီကိုတံတိုင်းတည်ဆောက်ရေး အစီ အစဉ်အားထောက်ခံသူ အမေရိကန်ပြည်သူပမာဏမှာ ၃၆% ခန့်သာရှိပြီး ကန့်ကွက်သူပမာဏမှာမူ ၄၉% ခန့်အထိရှိနေကြောင်း၊ ပါတီများအတွင်း၌လည်း ဒီမိုကရက်(၁၀) ဦးလျှင် (၈) ဦးမှာတံတိုင်းကိစ္စအား ကန့်ကွက် လျက်ရှိပြီး သမ္မတဒေါ်နယ်ထရန့်၏ ရီပတ်ဗလစ်ကန် ပါတီဝင်(၁၀)ဦးတွင် လည်းတံတိုင်းကိစ္စထောက်ခံသူမှာ (၈)ဦးခန့်သာရှိသည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.time.com