အမေရိကန်ပြည်ထောင်စု၌ အလုပ်အကိုင်ရရှိမှုမြင့်တက်ခဲ့ခြင်းနှင့် ကုန်ထုတ်လုပ်မှုပမာဏမြင့်တက်ခဲ့ ခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်းခဲ့မှု

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက် (သောကြာနေ့) တွင် အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံတစ်ဝန်းစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ စာရင်းအချက်အလက်ထုတ်ပြန်ပေးသော ပုဂ္ဂလိကလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Institute of Supply Management (ISM) ဌာနကထုတ်ပြန်သည့်အစီရင်ခံစာများထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းအလုပ်အကိုင်ရရှိမှုပမာဏမှာ (၃၀၄၀၀၀) ဦးခန့်ရှိခဲ့ရာ မျှော်မှန်းထားသည့်ပမာဏထက်များစွာ ကျော်လွန်ကာ (၁၁) လတာကာလအတွင်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အလားတူ ISMကထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံတစ်ဝန်းကုန်ထုတ်လုပ်ရေးကဏ္ဍတိုးတက်မှုအညွှန်းကိန်းမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ပေါ်ခဲ့သည့် ထုတ်လုပ်မှုအညွှန်းကိန်းနှင့်နှိုင်းယှဉ်ပါက (၂.၃) မှတ်မြင့်တက်ကာ တိုးတက်မှုအညွှန်းကိန်းအဆင့် (၅၆.၆) မှတ်သို့ရောက်ရှိခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာများထွက်ပေါ်ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေမှာစံချိန်တင် government shutdown ကို ကြုံတွေ့ခံစားခဲ့ရသည့်တိုင် အလွန်အမင်းဆုတ်ယုတ်မှုများမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟူသော အကောင်းမြင်သုံးသပ်ချက်များနှင့်အတူရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာဝယ်ယူစုဆောင်းမှုများကိုလည်း ပြုလုပ် လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၆% ခန့်ပြန်လည်မြင့်တက်ခဲ့ပြီး ကမ္ဘာ့ရွှေ ဈေးနှုန်းမှာအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၉) ရက်နှင့် (၃၀) ရက်နေ့တို့တွင် ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးတွင် ဘဏ်တိုးနှုန်းအား လက်ရှိသတ်မှတ်ထားသည့် ၂.၅၀% ၌သာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ ဇန်နဝါရီလ (၃၁) ရက်(ကြာသပတေးနေ့) ၌ (၉) လတာကာလအတွင်း အမြင့်ဆုံးအနေအထား (တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၂၆.၃၀) သို့ရောက်ရှိခဲ့ရာမှ ဇန်နဝါရီလ (၂) ရက်(စနေနေ့) တွင်မူ နယူးယောက်ဈေးကွက်၌ ဧပြီလအတွက်ရွှေကြိုတင်ရောင်းဝယ်မှုဈေးနှုန်း မှာ ၀.၂% ကျဆင်းကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၂၂.၁၀) ဒေါ်လာဖြင့် ဈေးပိတ်သွားခဲ့ကြောင်းဖြင့် reuters သတင်းဌာနမှထုတ်လွှင့်သွားကြောင်း သိရှိရပါသည်။