ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းလျက်ရှိခြင်းကြောင့် ထိုင်းနိုင်ငံ၏ပြည်ပသို့ဆန်တင်ပို့မှုပမာဏသည် ယခုနှစ်အတွင်း ၁၄% ခန့်ကျဆင်းဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့မှု

ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ပြည်ပသို့ဆန်တန်ချိန်(၁၁) သန်းတင်ပို့နိုင်ခဲ့ရာ ရည်မှန်းထားသည့် ဆန်တန်ချိန်ပမာဏကို ပြည့်မီအောင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သော်လည်း အဆိုပါကာလမတိုင်မီ လွန်ခဲ့သည့် ၂၀၁၇ခုနှစ်တွင် ပြည်ပသို့တင်ပို့ခဲ့သည့် ဆန်တန်ချိန်ပမာဏ (၁၁.၁၄) သန်းနှင့်နှိုင်းယှဉ်ပါကမူ တင်ပို့နိုင်မှုပမာဏသည် ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ယခု ၂၀၁၉ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှုပမာဏမှာ ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟု ထိုင်းနိုင်ငံဆန်ပို့ ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချိုကီရက်အိုဖာဝေါင်ဆေးက ယခုရက်ပိုင်းအတွင်း ပြောကြားရာ၌ လက်ရှိ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏမှာ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားနိုင်သည့် အခြေအနေတွင်ရှိပြီး ကျဆင်းဖွယ်ရှိရခြင်း၏အကြောင်းရင်းမှာ ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်အထိကာလအတွင်း ထိုင်းဘတ်ငွေတန်ဖိုးသည် ၃.၄% ခန့်မြင့်တက်ခဲ့ကြောင်း၊ ထိုင်းဆန်သည် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း အိန္ဒိယနှင့်ဗီယက်နမ်ဆန်များနှင့် ယှဉ်ပြိုင်နေရသည်ဖြစ်ရာ ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းလျက်ရှိခြင်းကြောင့် ထိုင်းဆန်သည် ပြိုင်ဘက်အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန်များအား ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးသွားမည် ဖြစ်သောကြောင့် ယခု ၂၀၁၉ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ၏ပြည်ပသို့ ဆန်တင်ပို့မှုပမာဏမှာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄% ခန့်ထပ်မံကျဆင်းပြီး ဆန်တန်ချိန် (၉.၅) သန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အိန္ဒိယအစိုးရသည် ပြည်ပသို့ဆန်တိုးမြှင့်တင်ပို့နိုင်ရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဘာစမာတီဆန်မဟုတ်သောဆန်များအား ပြည်ပသို့တင်ပို့မှုအတွက် ၅% ထောက်ပံ့ ငွေပေးအပ်လျက်ရှိခြင်းနှင့် ဗီယက်နမ်နိုင်ငံသည် အရည်အသွေးကောင်းသောဆန်များကို ဦးစားပေး တိုးမြှင့်ထုတ်လုပ်ရန်ဆောင်ရွက်နေခြင်းတို့သည် ထိုင်းဆန်အတွက်ဈေးကွက်ဝေစုရရှိရန်ပိုမိုယှဉ်ပြိုင်ရမည့်အနေအထားသို့ရောက်ရှိလျက်ရှိပြီး ပြည်ပသို့တင်ပို့မှုပမာဏကိုကျဆင်းစေနိုင်သည့် အခြားသောအချက်များပင်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် အာရှနှင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့လျက်ရှိရာ ယခု ၂၀၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံတို့သည် ထိုင်းဆန်အစား ဗီယက်နမ်ဆန်များကို ပိုမိုဝယ်ယူသွားဖွယ်ရှိသည်ဟု ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.brecorder.com