အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှုလျော့ကျခဲ့ခြင်းနှင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းတိုးတက်ခဲ့ခြင်းတို့ကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ(၁) ရက်(တနင်္လာနေ့) တွင် ဘလွန်းဘတ်သတင်းဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာ၌ အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏသည် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းနေ့စဉ် စည်ပေါင်း(၂.၉၅) သိန်းခန့် ပုံမှန်ကျဆင်းခဲ့ပြီးတစ်နေ့လျှင် စည်ပေါင်း (၃၀.၃၈၅) သန်းခန့်သာထုတ်လုပ်ခဲ့သည့်အတွက်(၄) နှစ်တာကာလအတွင်း အိုပက်အဖွဲ့၏နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏအနည်းဆုံးအနေအထားဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင်အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျော့ကျနေခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံလိုအပ်ချက်များဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာပြီး ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်အတွင်းအမြင့်ဆုံးအနေအထားသို့ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အီရန်နိုင်ငံရေနံဝန်ကြီး ဘိုင်ဂျန်နမ်ဘီဇန်ဂါနက်ဟ်သည် ရုရှားစွမ်းအင်ဝန်ကြီးအလက်ဇန္ဒားနိုဘက်ခ်နှင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁)ရက် (တနင်္လာနေ့) တွင် တွေ့ဆုံခဲ့ပြီးနောက် အိုပက်အဖွဲ့အနေဖြင့် ရေနံထုတ်လုပ်မှုလျှော့ချရေးကို၂၀၁၉ ခုနှစ်၊ ဒုတိယ (၆) လပတ်အတွင်း၌လည်း ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်ဟု သတင်းထောက်များကိုပြောကြားခဲ့ခြင်းနှင့်ကမ္ဘာ့စီးပွားရေးအင်အားကြီးတရုတ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်မှုမှာ (၄) လတာကာလအတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့်အတွက်နောက်ဆက်တွဲအနေဖြင့်တရုတ်နိုင်ငံ၏ ရေနံဝယ်လိုအားမှာလည်း မြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်နေခြင်းသည်လည်းရေနံဈေးနှုန်းများကိုမြင့်တက်စေသည့် အခြားသောအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၂) ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မေလအတွက် WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာအမေရိကန်ဒေါ်လာ (၁.၄၅) ဒေါ်လာမြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၁.၅၉) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာအမေရိကန်ဒေါ်လာ (၁.၄၃) ဒေါ်လာမြင့်တက်ခဲ့ပြီးတစ်စည်လျှင်အမေရိကန်ဒေါ်လာ (၆၉.၀၁) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းမှ လက်ရှိအချိန်အထိကာလအတွင်းကမ္ဘာ့ရေနံဈေးအမြင့်ဆုံးနှုန်းထားများဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ပထမ (၃) လပတ်ကာလအတွင်းကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃၂% ခန့်မြင့်တက်လာခဲ့ကြောင်းwww.bloomberg.com တွင်ဖော်ပြပါရှိပါသည်။