မဲခေါင်မြစ်ဝှမ်းတွင် စိုက်ပျိုးရေပြတ်လပ်သည့် ပြဿနာကြောင့် ဗီယက်နမ်ဆန်ဈေးနှုန်းမှာ မြင့်တက်ခဲ့ပြီး အိန္ဒိယဆန်နှင့် ထိုင်းဆန်များမှာမူ ဝယ်လိုအား ပျော့သည့်အတွက် ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိမှု

ဗီယက်နမ်နိုင်ငံတွင် ရာသီဥတုပူပြင်းမှုကြောင့်ရေရှားပါးမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ဆန်စပါးအဓိကစိုက်ပျိုးရာ မဲခေါင်မြစ်ဝှမ်းဒေသတွင် စပါးစတင်စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေမလုံလောက်သည့် ပြဿနာများကို ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေမလုံလောက်မှုများမှ တဆင့်ဆန် အကျပ်အတည်းပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဗီယက်နမ်ပြည်တွင်း၌ ဆန်အလုအယက် ဝယ်ယူစုဆောင်းမှုများပြားလာခဲ့ပြီး ဆန်ဈေးနှုန်းမှာ ရက်သတ္တပတ် (၆) ပတ်အတွင်း ပထမဆုံးအနေဖြင့် မြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ် (၅) မှတ်ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀) ဝန်းကျင်၌သာရှိခဲ့ရာမှ ယခုရက်သတ္တပတ်အတွင်း၌မူ တစ်တန်လှျင် အမေရိကန်ဒေါ်လာ (၃၇၀) ဝန်းကျင်အထိရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်ဆန်ဈေးနှုန်း မြင့်တက်လာချိန်တွင် အိန္ဒိယဆန်မှာမူ အာဖရိကနိုင်ငံများထံမှ ဝယ်လိုအားလျော့နည်းသွားခြင်း၊ အိန္ဒိယဆန်ကို ပုံမှန်ဝယ်ယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြည်ပမှ ဆန်ဝယ်ယူတင်သွင်းမှုများကို တားမြစ်ပိတ်ပင်ရန် စီစဉ်နေခြင်းတို့ကြောင့် အိန္ဒိယဆန်ဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း၊ အိန္ဒိယ (၅) မှတ်ပေါင်းဆန်တစ်တန်၏ ဈေးနှုန်းသည်လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၂) ဒေါ်လာခန့်ကျဆင်းခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၇၅) နှင့် အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၇၈) ဒေါ်လာအကြားသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်ဈေးနှုန်း ကျဆင်းနေချိန်တွင် ထိုင်းဆန်ဈေးနှုန်းမှာလည်း ဘတ်ငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ လိုက်ပါကျဆင်းခဲ့ကြောင်း၊ ထိုင်းဘတ်ငွေတန်ဖိုးသည် လက်ရှိအချိန်၌ (၃) လတာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေသည့်အတွက်ဘတ်ငွေနှင့် ချိတ်ဆက်အရောင်းအဝယ်ပြုသည့် ထိုင်းဆန်ဈေးနှုန်းမှာ ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ထိုင်း (၅) မှတ်ဆန်ဖြူ တစ်တန်၏ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ (၈) ဒေါ်လာခန့်ကျဆင်းခဲ့ပြီး တစ်တန်လျှင်အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ(၃၈၅) ဒေါ်လာနှင့် အမြင့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၈၈) အကြား၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော်ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ မိုးခေါင်ရေရှားဖြစ်မည့် အလားအလာရှိသောကြောင့် ဆန်ထွက်ရှိမှုကျဆင်းမည့် အန္တရာယ်နှင့်ကြုံတွေ့လာနိုင်သည်ဟု ထိုင်းဆန်ကုန်သည်များက ခန့်မှန်းထားကြကြောင်းreuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။