ရေနံဈေးနှုန်းများကိုကျဆင်းအောင်လုပ်ဆောင်ရမည်ဟုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအိုပက်အဖွဲ့အားထပ်မံသတိပေးခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ ၃%ခန့်ကျဆင်းသွားခဲ့မှု

ရေနံဈေးနှုန်းများကိုကျဆင်းအောင်လုပ်ဆောင်ရမည်ဟုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအိုပက်အဖွဲ့အားထပ်မံသတိပေးခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ ၃%ခန့်ကျဆင်းသွားခဲ့မှု

လက်ရှိအချိန်၌ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ အလွန်အကျွံမြင့်တက်နေသောကြောင့် အိုပက်အဖွဲ့အနေဖြင့် ရေနံဈေးနှုန်းများကျဆင်းစေရန်အတွက် ထုတ်လုပ်မှုကိုတိုးမြှင့်ပေး ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက် (သောကြာနေ့) တွင် ဖိအားပေးခဲ့ပြီးနောက် ရေနံဈေးနှုန်းများမှာ ၃% ခန့်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရန့်သည် ဧပြီလ (၂၆) ရက်နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် အိုပက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရေနံဈေးကို မကျကျအောင်လုပ်ဆောင်ပေးရန် မိမိအနေဖြင့် တောင်းဆိုလိုက်သည်ဟု သတိပေးပြောကြားခဲ့ကြောင်း၊ ၎င်း၏သတိပေးချက်ထွက်ပေါ်ပြီးနောက်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇) ရက် (စနေနေ့) နံနက်ပိုင်း တွင် နယူးယောက်ဈေးကွက်တွင်  WTI ရေနံစိမ်းဈေးနှုန်းမှာ ၃.၇%ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၈၂) သို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံဈေးနှုန်းမှာ ၃.၆% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၁.၇၁) သို့လည်းကောင်း အသီးသီးကျဆင်းခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် ရက်သတ္တပတ်(၃) ပတ် အတွင်း အနိမ့်ဆုံးဈေးနှုန်းများဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၎င်းအာဏာရရှိခဲ့ပြီးနောက် ရေနံဈေးနှုန်းများနှင့်ပတ်သက်၍ အိုပက်အဖွဲ့အား အကြိမ်ကြိမ်သတိပေးပြောကြားခဲ့ဖူးကြောင်း၊ ၎င်းသတိပေးပြောကြားသည့်အချိန်တိုင်း ဈေးကွက်အတွင်း၌ ရေနံဈေးနှုန်းများခေတ္တကျဆင်းလေ့ရှိကြောင်းwww.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဘင်္ဂါလီကျေးရွာများအားကုလသမဂ္ဂကဝင်ရောက်လေ့လာမည့်အစီအစဉ်မှာ နှောင့်နှေးနေရသည်ဟု UNHCR အကြီးအကဲကပြောကြားခဲ့မှု

ရခိုင်ပြည်နယ်မြောက်ပိုင်း၌တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဘင်္ဂါလီကျေးရွာများအားကုလသမဂ္ဂကဝင်ရောက်လေ့လာမည့်အစီအစဉ်မှာ နှောင့်နှေးနေရသည်ဟု UNHCR အကြီးအကဲကပြောကြားခဲ့မှု

ကုလသမဂ္ဂသည် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာ (၁၀၀၀) ဝန်းကျင်ခန့်အား ဝင်ရောက်လေ့လာရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့်  AA အဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခများကြောင့် ယင်းအစီအစဉ်မှာ နှောင့်နှေးလျက်ရှိပြီး လက်ရှိအချိန်ထိဘင်္ဂါလီကျေးရွာ (၁၀၀) ခန့်ကိုသာ ဝင်ရောက်လေ့လာနိုင်သေးသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏အကြီးအကဲ ဖီလစ်ပိုဂရမ်ဒီက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက် (သောကြာနေ့) တွင် ပြောကြားခဲ့ကြောင်း၊ ဖီလစ်ပိုဂရမ်ဒီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာပြီး နောက်သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖီလစ်ပိုဂရမ်ဒီက ဆက်လက်ပြောကြားရာ၌ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီမွတ်ဆလင်ကျေးရွာများသို့ ကုလသမဂ္ဂကဝင်ရောက်လေ့လာခွင့်ရရှိပြီး နေရပ်ပြန် ဘင်္ဂါလီဒုက္ခသည်များအတွက် ပြင်ဆင်မှုများပြုလုပ်ရန် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူညီမှုကို ၂၀၁၈ ခုနှစ်ကတည်းက ရယူခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရာ၌မူ နှေးကွေးလျက်ရှိကြောင်း၊ ထိုသို့ နှောင့်နှေးရခြင်း၏အဓိကအကြောင်းရင်းမှာ လွန်ခဲ့သော (၄) လခန့်မှစတင်ခဲ့သည့်  AA သောင်းကျန်းသူအဖွဲ့၏ လှုပ်ရှားမှုများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ လာရောက်လေ့လာခဲ့သည့် ကုလသမဂ္ဂတာဝန်ရှိသူများနှင့် နိုင်ငံခြား သံတမန်များသည် ဘင်္ဂါလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ပြန်လည်အခြေချရေးအစီအစဉ်မှာ လတ်​တလောဖြစ်လာနိုင်စရာ အကြောင်းမရှိဟု ပြောကြားခဲ့ပြီး UNHCR အကြီးအကဲ ဖီလစ်ပိုဂရမ်ဒီကိုယ်တိုင်ကလည်း ဘင်္ဂါလီများနေရပ်ပြန်ရေးအစီအစဉ်ကို ယခုနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ချက်နည်းပါးသွားပြီဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း www.nationmultimedia.com. အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မဲခေါင်မြစ်ဝှမ်းတွင် စိုက်ပျိုးရေပြတ်လပ်သည့် ပြဿနာကြောင့် ဗီယက်နမ်ဆန်ဈေးနှုန်းမှာ မြင့်တက်ခဲ့ပြီး အိန္ဒိယဆန်နှင့် ထိုင်းဆန်များမှာမူ ဝယ်လိုအားပျော့သည့်အတွက် ဆန်ဈေးနှုန်းများကျဆင်းလျက်ရှိမှု

မဲခေါင်မြစ်ဝှမ်းတွင် စိုက်ပျိုးရေပြတ်လပ်သည့် ပြဿနာကြောင့် ဗီယက်နမ်ဆန်ဈေးနှုန်းမှာ မြင့်တက်ခဲ့ပြီး အိန္ဒိယဆန်နှင့် ထိုင်းဆန်များမှာမူ ဝယ်လိုအား ပျော့သည့်အတွက် ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိမှု

ဗီယက်နမ်နိုင်ငံတွင် ရာသီဥတုပူပြင်းမှုကြောင့်ရေရှားပါးမှုများ ဖြစ်ပေါ်နေပြီး အထူးသဖြင့် ဆန်စပါးအဓိကစိုက်ပျိုးရာ မဲခေါင်မြစ်ဝှမ်းဒေသတွင် စပါးစတင်စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေမလုံလောက်သည့် ပြဿနာများကို ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေမလုံလောက်မှုများမှ တဆင့်ဆန် အကျပ်အတည်းပြဿနာများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ဗီယက်နမ်ပြည်တွင်း၌ ဆန်အလုအယက် ဝယ်ယူစုဆောင်းမှုများပြားလာခဲ့ပြီး ဆန်ဈေးနှုန်းမှာ ရက်သတ္တပတ် (၆) ပတ်အတွင်း ပထမဆုံးအနေဖြင့် မြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ် (၅) မှတ်ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀) ဝန်းကျင်၌သာရှိခဲ့ရာမှ ယခုရက်သတ္တပတ်အတွင်း၌မူ တစ်တန်လှျင် အမေရိကန်ဒေါ်လာ (၃၇၀) ဝန်းကျင်အထိရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်ဆန်ဈေးနှုန်း မြင့်တက်လာချိန်တွင် အိန္ဒိယဆန်မှာမူ အာဖရိကနိုင်ငံများထံမှ ဝယ်လိုအားလျော့နည်းသွားခြင်း၊ အိန္ဒိယဆန်ကို ပုံမှန်ဝယ်ယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြည်ပမှ ဆန်ဝယ်ယူတင်သွင်းမှုများကို တားမြစ်ပိတ်ပင်ရန် စီစဉ်နေခြင်းတို့ကြောင့် အိန္ဒိယဆန်ဈေးနှုန်းမှာ ကျဆင်းလျက်ရှိကြောင်း၊ အိန္ဒိယ (၅) မှတ်ပေါင်းဆန်တစ်တန်၏ ဈေးနှုန်းသည်လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၂) ဒေါ်လာခန့်ကျဆင်းခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၇၅) နှင့် အမြင့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၇၈) ဒေါ်လာအကြားသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်ဈေးနှုန်း ကျဆင်းနေချိန်တွင် ထိုင်းဆန်ဈေးနှုန်းမှာလည်း ဘတ်ငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ လိုက်ပါကျဆင်းခဲ့ကြောင်း၊ ထိုင်းဘတ်ငွေတန်ဖိုးသည် လက်ရှိအချိန်၌ (၃) လတာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေသည့်အတွက်ဘတ်ငွေနှင့် ချိတ်ဆက်အရောင်းအဝယ်ပြုသည့် ထိုင်းဆန်ဈေးနှုန်းမှာ ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ထိုင်း (၅) မှတ်ဆန်ဖြူ တစ်တန်၏ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ (၈) ဒေါ်လာခန့်ကျဆင်းခဲ့ပြီး တစ်တန်လျှင်အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ(၃၈၅) ဒေါ်လာနှင့် အမြင့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၈၈) အကြား၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့သော်ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ မိုးခေါင်ရေရှားဖြစ်မည့် အလားအလာရှိသောကြောင့် ဆန်ထွက်ရှိမှုကျဆင်းမည့် အန္တရာယ်နှင့်ကြုံတွေ့လာနိုင်သည်ဟု ထိုင်းဆန်ကုန်သည်များက ခန့်မှန်းထားကြကြောင်းreuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ပိုးလမ်းမကြီးစီမံကိန်း(BRI)ဆွေးနွေးပွဲတွင် တရုတ်သမ္မတပြောကြားခဲ့သည့်မိန့်ခွန်းကြောင့် ယွမ်ငွေ တန်ဖိုးမှာ ရက်သတ္တပတ်(၁)ပတ်အတွင်းအမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့မှု

ပိုးလမ်းမကြီးစီမံကိန်း(BRI)ဆွေးနွေးပွဲတွင် တရုတ်သမ္မတပြောကြားခဲ့သည့်မိန့်ခွန်းကြောင့် ယွမ်ငွေတန်ဖိုးမှာ ရက်သတ္တပတ်()ပတ်အတွင်းအမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့မှု

တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းနေခြင်းသည် အခြားနိုင်ငံများကိုပါ ထိခိုက်စေနိုင်သောကြောင့် တရုတ်အစိုးရအနေဖြင့် ယွမ်ငွေတန်ဖိုးကျဆင်းနေမှုကို တားဆီးကာကွယ်ပြီး ယွမ်ငွေတန်ဖိုးအား ရှိသင့်ရှိထိုက်သည့်အနေအထား၌ တည်ငြိမ်စွာ တည်ရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တရုတ်သမ္မတရှီကျင့်ပင်က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက် (သောကြာနေ့) တွင်ဘေကျင်းမြို့၌ ပြုလုပ်သည့် ပိုးလမ်းမကြီးစီမံကိန်းဆွေးနွေးပွဲ၌ အတိအလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယွမ်ငွေတန်ဖိုးသည် သမ္မတရှီကျင့်ပင်၏ မိန့်ခွန်းမတိုင်မီ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက် (ကြာသပတေးနေ့) ၌ နှစ်လတာကာလအတွင်း အနိမ့်ဆုံးအနေအထားတွင်ရှိနေရာမှ သမ္မတ ရှီကျင့်ပင်၏ မိန့်ခွန်းပြောကြားပြီးနောက် ဧပြီလ (၂၆) ရက် နေ့လည်ပိုင်းတွင်မူ ၀.၂% မြင့်တက်ကာ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၇၃၁၁) ယွမ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ သမ္မတရှီကျင့်ပင်၏မိန့်ခွန်းကြောင့် တရုတ်ဗဟိုဘဏ်သည် မူလရည်မှန်းထားသည့် ငွေကြေးမူဝါဒများအား ဖြေလျှော့ထားမည့်အစီအစဉ်ကို စွန့်လွှတ်ကာ ယွမ်ငွေတန်ဖိုးအားကောင်းလာစေရန်အတွက် ပြောင်းလဲလုပ်ဆောင်ရဖွယ် ရှိသောကြောင့် ယွမ်ငွေတန်ဖိုးမှာ လာမည့်တစ်လ၊ နှစ်လအတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၆၈) ယွမ်လဲလှယ်မှုနှုန်းသို့ မြင့်တက်ရောက်ရှိလိမ့်မည်ဟု ငွေကြေး​ဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲ ရောဘတ်လိုင်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်တို့သည် လာမည့်ရက်သတ္တပတ်အတွင်း၌ တရုတ်နိုင်ငံသို့ လာရောက်၍ ကုန်သွယ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ရာ အဆိုပါဆွေးနွေးပွဲတွင် တရုတ်အစိုးရအနေဖြင့် ယွမ်ငွေတန်ဖိုးကို အလွန်အမင်းနှိမ့်ချထားခြင်းမရှိဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့်အနေအထား၌ ထိန်းသိမ်းထားရှိပေးရန်ကိစ္စသည်လည်း အကြောင်းအရာတစ်ခုအဖြစ်ပါဝင်နေကြောင်း www.thestar.com.my အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။