ရခိုင်ပြည်နယ်မြောက်ပိုင်း၌တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်ဘင်္ဂါလီကျေးရွာများအားကုလသမဂ္ဂကဝင်ရောက်လေ့လာမည့်အစီအစဉ်မှာ နှောင့်နှေးနေရသည်ဟု UNHCR အကြီးအကဲကပြောကြားခဲ့မှု

ကုလသမဂ္ဂသည် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာ (၁၀၀၀) ဝန်းကျင်ခန့်အား ဝင်ရောက်လေ့လာရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့်  AA အဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခများကြောင့် ယင်းအစီအစဉ်မှာ နှောင့်နှေးလျက်ရှိပြီး လက်ရှိအချိန်ထိဘင်္ဂါလီကျေးရွာ (၁၀၀) ခန့်ကိုသာ ဝင်ရောက်လေ့လာနိုင်သေးသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏အကြီးအကဲ ဖီလစ်ပိုဂရမ်ဒီက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက် (သောကြာနေ့) တွင် ပြောကြားခဲ့ကြောင်း၊ ဖီလစ်ပိုဂရမ်ဒီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာပြီး နောက်သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဖီလစ်ပိုဂရမ်ဒီက ဆက်လက်ပြောကြားရာ၌ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီမွတ်ဆလင်ကျေးရွာများသို့ ကုလသမဂ္ဂကဝင်ရောက်လေ့လာခွင့်ရရှိပြီး နေရပ်ပြန် ဘင်္ဂါလီဒုက္ခသည်များအတွက် ပြင်ဆင်မှုများပြုလုပ်ရန် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား သဘောတူညီမှုကို ၂၀၁၈ ခုနှစ်ကတည်းက ရယူခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရာ၌မူ နှေးကွေးလျက်ရှိကြောင်း၊ ထိုသို့ နှောင့်နှေးရခြင်း၏အဓိကအကြောင်းရင်းမှာ လွန်ခဲ့သော (၄) လခန့်မှစတင်ခဲ့သည့်  AA သောင်းကျန်းသူအဖွဲ့၏ လှုပ်ရှားမှုများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကော့ဘဇားရှိ ဒုက္ခသည်စခန်းများသို့ လာရောက်လေ့လာခဲ့သည့် ကုလသမဂ္ဂတာဝန်ရှိသူများနှင့် နိုင်ငံခြား သံတမန်များသည် ဘင်္ဂါလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ပြန်လည်အခြေချရေးအစီအစဉ်မှာ လတ်​တလောဖြစ်လာနိုင်စရာ အကြောင်းမရှိဟု ပြောကြားခဲ့ပြီး UNHCR အကြီးအကဲ ဖီလစ်ပိုဂရမ်ဒီကိုယ်တိုင်ကလည်း ဘင်္ဂါလီများနေရပ်ပြန်ရေးအစီအစဉ်ကို ယခုနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ချက်နည်းပါးသွားပြီဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း www.nationmultimedia.com. အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။