လစ်ဗျားပြည်တွင်းစစ်အခြေအနေဆိုးရွားလာခြင်းနှင့် အမေရိကန်-အီရန်တို့အကြားတင်းမာမှုမြင့်တက်လာခြင်းတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများဆက်လက်မြင့်တက်ခဲ့မှု

လစ်ဗျားပြည်တွင်းစစ်အခြေအနေဆိုးရွားလာခြင်းနှင့် အမေရိကန်-အီရန်တို့အကြားတင်းမာမှုမြင့်တက်လာခြင်းတို့ကြောင့် ကမ္ဘာရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့မှု

လစ်ဗျားပြည်တွင်းစစ်အခြေအနေ ဆိုးရွားလာခြင်းနှင့် အမေရိကန်-အီရန် တင်းမာမှု မြင့်တက်လာခြင်းတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

လစ်ဗျားနိုင်ငံတွင် အာဏာရှင်စနစ်ကို ပြန်လည်တည်ထောင်လိုသော စစ်ခေါင်းဆောင် ခါလီဖာဟတ်တာ၏ လစ်ဗျားအမျိုးသားစစ်တပ် (UNA) သည် ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသော လစ်ဗျားအစိုးရနှင့် ပြည်သူ့စစ်အဖွဲ့များက ထိန်းချုပ်ထားသည့် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမြို့အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ လက်ရှိ်အချိန်အထိ ထရီပိုလီမြို့မှာ UNA အဖွဲ့လက်တွင်းသို့  ကျဆုံးခြင်းမရှိသေးသော်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် UNA အဖွဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်ရေးကျူးကျော်မှုများအားလုံးကို ရပ်တန့်ရန်တောင်းဆိုသည့်် ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာ အင်အားကြီး (၅) နိုင်ငံအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးတို့က ထောက်ခံခဲ့ကြောင်း၊ အိုပက်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော လစ်ဗျားနိုင်ငံတွင် ပြည်တွင်းစစ်အခြေအနေ ပိုမိုပြင်းထန်လာပါက ရေနံထုတ်လုပ်မှုကိုပါ ကျဆင်းဖွယ်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုနှင့် အိုပက်အဖွဲ့ဝင် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ တိုးမြင့်ဖြစ်ပေါ်လာခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အီရန်တပ်မတော်၏ လက်အောက်ခံတပ်ဖွဲ့ဖြစ်သော အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၈) ရက် (တနင်္လာနေ့) တွင် ကြေညာခဲ့ရာ အမေရိကန်ပြည်ထောင်စုသမိုင်းတစ်လျှောက်တွင် နိုင်ငံရပ်ခြားအစိုးရအဖွဲ့အစည်းတစ်ခုအားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည့် ပထမဆုံးဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်အတွက် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင်မည်သူမဆိုအား အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးအကျဉ်းချနိုင်ပြီး ယင်းအဖွဲ့အစည်းနှင့်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များအပေါ်၌ အရေးယူပိတ်ဆို့မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံသည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများအပေါ် လက်တုံ့ပြန်မည်ဆိုပါက အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ပထဝီနိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၏ ရေနံသယ်ယူပို့ဆောင်ရာလမ်းကြောင်းဖြစ်သော ဟော်မို့ဇ်ရေလက်ကြားကို ပိတ်ဆို့ဖွယ်ရှိကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက် (အင်္ဂါနေ့) တွင် နယူးယောက်ဈေးကွက်၌  မေလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၄% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၇၇) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၁% မြင့်တက်ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၁.၁၀) ဒေါ်လာသို့ မြင့်တက်ခဲ့ကြောင်း www.bloomberg.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။   ။ လစ်ဗျားနိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာ တစ်နေ့လျှင်စည်ပေါင်း (၁.၁) သန်းခန့်ရှိပြီးအီရန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာတစ်နေ့လှျင် စည်ပေါင်း (၂.၇၅) သန်းခန့်ရှိပါသည်။ ဟော်မို့ဇ် ရေလက်ကြားအားဖြတ်သန်းသယ်ဆောင်နေသည့် ရေနံစည်အရေအတွက်မှာတစ်နေ့လျှင်စည်ပေါင်း (၁၇) သန်းခန့်ရှိပြီး ယင်းပမာဏအနက် ၈၅% မှာတရုတ်၊ ဂျပန်၊ အိန္ဒိယအပါအဝင်အာရှဈေးကွက်သို့ ဝင်ရောက်နေသည့်ရေနံများဖြစ်ကြောင်းသိရှိရပါသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၌ တရုတ်အာဏာပိုင်များ၏ စည်းမျဉ်းစည်းကမ်းတသမတ်တည်းမရှိမှုကြောင့် မြန်မာကုန်သည်များမှာအခက်အခဲများစွာရင်ဆိုင်နေရ

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၌ တရုတ်အာဏာပိုင်များ၏ စည်းမျဉ်းစည်းကမ်း တသမတ်တည်းမရှိမှုကြောင့် မြန်မာကုန်သည်များမှာအခက်အခဲများစွာ ရင်ဆိုင်နေရ

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် တရုတ်အာဏာပိုင်များ၏ ကုန်သွယ်ရေးနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများမှာ တသမတ်တည်းမရှိသည့်အတွက် မြန်မာကုန်သည်များမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း၊ ဥပမာအားဖြင့် မြန်မာဆန်များကိုတရုတ်နိုင်ငံအတွင်းသို့ တင်သွင်းမှုအား တရုတ်အစိုးရကတရားဝင် တားမြစ်ပိတ်ပင်ထားသော်လည်း နယ်စပ်ဒေသရှိ တရုတ်အာဏာပိုင်အဖွဲ့အစည်းတာဝန်ရှိသူများကမူ ယင်းအချက်ကိုမသိကျိုးကျွန်ပြု၍ ဆန်တင်သွင်းခွင့်ကို ခွင့်ပြုခဲ့ကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ နယ်စပ်ရှိတရုတ်အာဏာပိုင်များသည် နယ်စပ်တစ်လျှောက် ဆန်ကုန်သွယ်သည့် ကိစ္စရပ်များကိုအရေးယူခဲ့ပြီး ဆန်ကုန်သည်အချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးမှုဂယက်ကြောင့် မြန်မာနယ်စပ်တွင် ဆန်တန်ချိန်ပေါင်းများစွာ သောင်တင်လျက်ရှိကြောင်း၊ အလားတူ မြန်မာဘက်မှ ကျွဲ၊ နွားတိရိစ္ဆာန်များအား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းရာ၌ တရုတ်အာဏာပိုင်များသည် ခွင့်မပြုကြောင်းကို တရားဝင်ကြေညာချက် ထုတ်ပြန်ထားခြင်းမရှိဘဲ ကြုံကြိုက်သလို ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း၊ ယင်းကာလမျိုးတွင် နယ်စပ်သို့ ရောက်ရှိနေသော ကျွဲ၊ နွားတိရိစ္ဆာန် ထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရဘဲမြန်မာနိုင်ငံဘက်ခြမ်း၌ပင် စေျးလျှော့၍ ရောင်းချခဲ့ရသည့်အတွက် မြန်မာကုန်သည်များမှာ အရှုံးများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရပါသည်။

မြန်မာအစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာထားသည့် စာရင်းအချက်အလက်များအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနှင့်ကမ္ဘာ့နိုင်ငံများအကြား နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃၃) ဘီလီယံခန့်ရှိသည့်အနက် အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံခန့်မှာ တရုတ်နိုင်ငံနှင့် ကုန်သွွယ်ရေးမှရရှိခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်းပမာဏအနက် ၃၅% ခန့်ကိုပိုင်ဆိုင်ထားကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ ပို့ကုန်အဖြစ် အမေရိကန်ဒေါ် လာ (၅.၇) ဘီလီယံခန့်တင်ပို့ခဲ့ပြီးသွင်းကုန်အဖြစ် အမေရိကန်ဒေါ်လာ (၆) ဘီလီယံခန့်ရှိကုန်ပစ္စည်းများကိုပြန်လည်တင်သွင်းခဲ့ကြောင်း၊ ပို့ကုန်ပမာဏအနက် ၈၇% ဖြစ်သောအမေရိကန်ဒေါ်လာ (၅) ဘီလီယံခန့်မှာနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှတင်ပို့သည့် ကုန်ပစ္စည်းများတွင် ဆန်အမျိုးမျိုး၊ ဖရဲသီး၊ သခွားသီး၊ ဇီးသီးနှင့် သရက်သီးအစရှိသည့် ကုန်စည် (၅) မျိုးတို့မှာ တရုတ်နိုင်ငံအထွေထွေအုပ်ချုပ်ရေးဌာနထံမှ ခွင့်ပြုချက်ရရှိမှသာ တင်သွင်းရခြင်းဖြစ်ကြောင်း၊ အခြားကုန်စည်များဖြစ်သည့် ပင်လယ်စာ၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ငှက်ပျောသီး၊ ရော်ဘာ၊ သကြားနှင့် မွေးမြူရေးထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ မူတရုတ်အာဏာပိုင်များ အရေးယူဆောင်ရွက်မှုမှာ တသမတ်တည်းမရှိဘဲ အချို့အချိန်ကာလများတွင် ယင်းကုန်စည်များဝယ်ယူဖောက်ကားမှုကို ခွင့်ပြုထားပြီး အချို့သောကာလများတွင် မူဖမ်းဆီးမှုများပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။

ဆန်ကုန်သွယ်မှုအပေါ် သုံးသပ်မည်ဆိုပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ဆန်တန်ချိန်(၃.၅) သန်းခန့် တင်ပို့ခဲ့ရာ (၂.၅) သန်းမှာနယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်ပို့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက် တရားဝင်သတ်မှတ်ပေးထားသည့် ဆန်တင်သွင်းရန်ခွဲတမ်းမှာ တန်ချိန် (၁) သိန်းသာဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းပမာဏထက်ပိုသောဆန်များကို တရားမဝင်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းရခြင်းဖြစ်ကြောင်း၊ မြန်မာဆန်ကုန်သည်များသည် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာ၌ တရုတ်အစိုးရမှ မြန်မာနိုင်ငံအတွက်သတ်မှတ်ထားသော ခွဲတမ်းပမာဏကို တိုးမြှင့်ပေးရန် လိုလားလျက်ရှိကြောင်း၊ မြန်မာကုန်သည်များသည် မြန်မာနိုင်ငံမှထွက်ရှိသော ဆန်နှင့်အခြားကုန်ပစ္စည်းများအား တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများနှင့် ကုန်စည်ချင်းဖလှယ်သည့်စနစ်အသုံးပြုရန် မြန်မာအစိုးရထံသို့ အဆိုပြုထားကြောင်း၊ ထို့ပြင် ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့၌ တရုတ်နိုင်ငံသို့တင်ပို့မည့်ကုန်ပစ္စည်းများအားရောင်းချသူမှတိုက်ရိုက်လာရောက်ရောင်းချနိုင်မည့်ဈေးများဖွင့်လှစ်ရန် အစိုးရထံသို့ အဆိုပြုထားကြောင်း၊ ထိုကဲ့သို့ရောင်းချနိုင်မည်ဆိုပါက တရုတ်နယ်စပ်အထိ သွားရောက်ရောင်းချသည့်အခါ ကုန်ကျမည့် သယ်ယူပို့ဆောင်ရေးစရိတ်များ၊ ကုန်စည်သိုလှောင်ခစရိတ်များကို မြန်မာကုန်သည်များဘက်မှ သက်သာသွားနိုင်ကြောင်း သိရှိရပါသည်။

မြန်မာအစိုးရသည် တရုတ်နိုင်ငံသို့ ကုန်စည်များတရားဝင်တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်နိုင်ရန်အတွက် ကုန်သည်များအား ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာကုန်သည်များမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာ၌ အမြဲအရှုံးပေါ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုအများဆုံးနှင့် အကျိုးအမြတ်အများဆုံးကိုရယူထားသည့်နိုင်ငံဖြစ်ရာနယ်စပ်ကုန်သွယ်ရေး၌ တရုတ်နှင့် မြန်မာနိုင်ငံတို့အကြားတရားမျှတပြီး ဥပဒေနည်းလမ်းနှင့်ညီညွတ်သော ကုန်သွယ်ရေးဖြစ်မြောက်စေရန်အတွက် နိုင်ငံအနေဖြင့် ကြိုးစားအားထုတ်သင့်ကြောင်း www.frontiermyanmar.net အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ကမ္ဘာ့ရေနံကုန်သွယ်မှုကိစ္စများ၌ အမေရိကန်ဒေါ်လာအစားအခြားနိုင်ငံသုံးငွေကြေးများကိုအသုံးပြုသွားမည်ဟုဆော်ဒီအာရေဗျနိုင်ငံကခြိမ်းခြောက်ပြောကြားခဲ့မှု

ကမ္ဘာ့ရေနံကုန်သွယ်မှုကိစ္စများ၌ အမေရိကန်ဒေါ်လာအစားအခြားနိုင်ငံသုံးငွေကြေးများကိုအသုံးပြုသွားမည်ဟုဆော်ဒီအာရေဗျနိုင်ငံကခြိမ်းခြောက်ပြောကြားခဲ့မှု

အမေရိကန်အစိုးရအနေဖြင့် အိုပက်အဖွဲ့အပေါ်အရေးယူပိတ်ဆို့မှုများပြုလုပ်မည့် ဥပဒေမျိုးပြဌာန်းလာမည်ဆိုပါက ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ကမ္ဘာ့ရေနံကုန်သွယ်မှုကိစ္စများ၌ လက်ရှိသုံးစွဲနေသည့် အမေရိကန်ဒေါ်လာအစား အခြားနိုင်ငံသုံးငွေကြေးများကိုပြောင်းလဲသုံးစွဲသွားမည်ဟု ဆော်ဒီအာရေဗျ နိုင်ငံက ယခုရက်ပိုင်းအတွင်းခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ဈေးကွက်အတွင်း WTI နှင့် ဘရန့်ရေနံဈေးနှုန်းများမှာ တစ်စည်လျှင်အမေရိကန်ဒေါ်လာ (၆၀) နှင့် (၇၀) ဒေါ်လာအထက်သို့ အသီးသီးမြင့်တက်ကာ (၅) လတာကာလအတွင်းအမြင့်ဆုံးသို့ရောက်ရှိနေကြောင်း၊ အမေရိကန်အစိုးရသည် ရေနံဈေးနှုန်းများမြင့်တက်နေခြင်းနှင့်ပတ်သက်၍ အိုပက်အဖွဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီးအိုပက်အဖွဲ့ဝင်နိုင်ငံများသည် ရေနံဈေးနှုန်းများအဆမတန်မြင့်တက်လာစေရန်အတွက်  ရေနံထုတ်လုပ်မှုကို ရည်ရွယ်ချက်ရှိရှိဖြင့် လျှော့ချနေသောကြောင့် အဆိုပါနိုင်ငံများအပေါ်၌ အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရအရေးယူပိတ်ဆို့နိုင်မည့် ဥပဒေကိုပြဌာန်းရန်စီစဉ်လျက်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရကယင်းသို့သောဥပဒေမျိုးပြဌာန်းကာရေနံထုတ်လုပ်သောနိုင်ငံများအပေါ် စီးပွားရေးအရအရေးယူပိတ်ဆို့မှုများ ချမှတ်လာမည်ဆိုပါက လက်တုံ့ပြန်သည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံကလည်းရေနံကုန်သွယ်ရေးကိစ္စများ၌ အမေရိကန်ဒေါ်လာအစား အခြားနိုင်ငံသုံးငွေကြေးများကိုပြောင်းလဲအသုံးပြုသွားရန် ဆွေးနွေးပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်ဟု သိရှိရပါသည်။

လက်ရှိအချိန်တွင် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများကို ကြုံတွေ့နေရသောရုရှားနိုင်ငံသည် ရေနံရောင်းချရာတွင် ယူရိုငွေနှင့် တရုတ်ယွမ်ငွေတို့ကိုအသုံးပြုလျက်ရှိသကဲ့သို့  အီရန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့သည်လည်း ရေနံကုန်သွယ်ရာ၌ အခြားနိုင်ငံသုံးငွေကြေးများကိုပြောင်းလဲအသုံးပြုလျက်ရှိကြောင်း၊ သို့သော် ယင်းနိုင်ငံများ၏အမေရိကန်ဒေါ်လာအစား အခြားနိုင်ငံသုံးငွေကြေးများအားပြောင်းလဲအသုံးပြုမှုမှာ ကမ္ဘာ့ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးစနစ်အတွင်း အမေရိကန်ဒေါ်လာကြီးစိုးထားမှုကိုတွန်းလှန်နိုင်သည့်အနေအထားမရှိကြောင်း၊ သို့ရာတွင် ကမ္ဘာပေါ်၌ ပြည်ပသို့ ရေနံအများဆုံးတင်ပို့လျက်ရှိသောထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံကပါ ရေနံကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာအစား အခြားနိုင်ငံသုံးငွေကြေးများကိုပြောင်းလဲအသုံးပြုသွားမည်ဆိုပါကရေနံကုန်သွယ်မှုငွေပေးချေရေးစနစ်အတွင်း အမေရိကန်ဒေါ်လာကြီးစိုးထားမှုကို အတိုင်းအတာတစ်ခုအထိ တွန်းလှန်နိုင်ဖွယ်ရှိသည်ဟုအချို့သောပညာရှင်များက သုံးသပ်ထားကြကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၌ ဆော်ဒီအာရေဗျနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ (၁) ထရီလီယံနီးပါးရှိပြီးဆော်ဒီအာရေဗျပိုင်ဆိုင်ထားသော အမေရိကန်ငွေတိုက်စာချုပ်များ၏ စုစုပေါင်းတန်ဖိုးပမာဏမှာအမေရိကန်ဒေါ်လာ (၁၆၀) ဘီလီယံခန့်ရှိကြောင်းwww.reuters.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာရေပိုင်နက်နှင့်ထိစပ်နေသော ကမ်းလွန်ပင်လယ်ပြင်အတွင်း၌ သဘာဝ ဓာတ်ငွေ့စမ်းသပ်ရှာဖွေလျက်ရှိမှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာရေပိုင်နက်နှင့်ထိစပ်နေသော ကမ်းလွန်ပင်လယ်ပြင်အတွင်း၌ သဘာဝ ဓာတ်ငွေ့စမ်းသပ်ရှာဖွေလျက်ရှိမှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာရေပိုင်နက်နှင့် ထိစပ်နေသော ကမ်းလွန်ပင်လယ်ပြင်အတွင်း၌ သဘာဝဓာတ်ငွေ့စမ်းသပ်ရှာဖွေပြုလုပ်လျက်ရှိပြီး သဘာဝဓာတ်ငွေ့စမ်းသပ်ရှာဖွေနေသည့် နေရာနှစ်ခုမှာ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လုပ်ကွက်အမှတ် SS -11 အတွင်း၌ရှိကြောင်း၊ ယင်းနေရာနှစ်ခုတွင် သြစတြေးလျကုမ္ပဏီ Santos နှင့် စင်ကာပူကုမ္ပဏီ Khris Energy တို့ ပူးပေါင်း၍ စမ်းသပ်ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ကာ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ယခုနှစ်အတွင်း၌ စတင်ပြုလုပ်လိမ့်မည်ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဓာတ်ငွေ့စမ်းသပ်ရှာဖွေရေးလုပ်ဆောင်နေသည့်လုပ်ကွက် အမှတ်SS-11 သည် မြန်မာရေပိုင်နက်အတွင်းရှိ  ကမ်းလွန်လုပ်ကွက်အမှတ် A–6 နှင့် AD-7  တို့နှင့်နီးကပ်စွာတည်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း၌ မြန်မာလုပ်ကွက်အမှတ်  A–6  နှင့် AD-7 လုပ်ကွက်အတွင်းတို့၌  သြစတြေးလျကုမ္ပဏီ Woodside က သဘာဝဓာတ်ငွေ့များစမ်းသပ်တွေ့ရှိပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မြန်မာလုပ်ကွက်များနှင့်ဆက်စပ်နေသည့် ၎င်းတို့လုပ်ကွက် SS -11 အတွင်း၌ သဘာဝဓာတ်ငွေ့များရှိလိမ့်မည်ဟု ယူဆကာ စမ်းသပ်ရှာဖွေမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိအချိန်၌ ကုန်းတွင်းပိုင်းရှိ သဘာဝဓာတ်ငွေ့လုပ်ကွက်များမှထွက်ရှိသော ဓာတ်ငွေ့များကိုသာ မှီခိုအားထားနေရပြီး ကုန်းတွင်းပိုင်းသဘာဝဓာတ်ငွေ့ထွက်ရှိမှု ပမာဏမှာ တစ်နေ့လျှင်ကုဗပေပေါင်း (၂၇၀၀) သန်းခန့်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သဘာဝဓာတ်ငွေ့သုံးစွဲမှုမှာ တစ်နေ့လျှင် ကုဗပေပေါင်း (၃၃၀၀) သန်းခန့်ရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ သည် ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်ရည်ရွယ်၍ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ ဓာတ်ငွေ့များထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း www.theindependentbd.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

မလေးရှားနိုင်ငံ၏စားအုန်းဆီအရန်သိုလှောင်မှုကျဆင်းနေသည့်အတွက်စားအုန်းဆီဈေးနှုန်းမှာတစ်လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

မလေးရှားနိုင်ငံ၏စားအုန်းဆီအရန်သိုလှောင်မှုကျဆင်းနေသည့်အတွက်စားအုန်းဆီဈေးနှုန်းမှာတစ်လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက် (ကြာသပတေးနေ့) တွင် ရိုက်တာသတင်းဌာနမှ ကောက်ယူထုတ်ပြန်သည့် စစ်တမ်းအစီရင်ခံစာထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီတန်ဖိုးမှာ (၁) လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ရိုက်တာသတင်းဌာနမှထုတ်ပြန်သည့်အစီရင်ခံစာအရ ၂၀၁၉ခုနှစ်၊ မတ်လအတွင်းမလေးရှားနိုင်ငံ၏စား အုန်းဆီအရန်သိုလှောင်မှုပမာဏမှာ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့သည့် စားအုန်းဆီအရန်သိုလှောင်မှုပမာဏနှင့် နှိုင်းယှဉ်ပါက ၆.၄% ကျဆင်းပြီး တန်ချိန် (၂.၈၅) သန်းခန့်သို့ ရောက်ရှိခဲ့ရာ အဆိုပါပမာဏသည် (၅) လတာကာလအတွင်း စားအုန်းဆီအရန်သိုလှောင်မှုပမာဏ အနည်းဆုံးအနေအထားဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ထို့ပြင် မတ်လအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုပမာဏမှာလည်း ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၂၃.၄% မြင့်တက်ကာ တန်ချိန် (၁.၆၃) သန်းခန့်တင်ပို့နိုင်ခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် မလေးရှားစားအုန်းဆီအား ပြည်ပနိုင်ငံများ၏ ဝယ်လိုအားမြင့်တက်လျက်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစားအုန်းဆီဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၅) ရက် (သောကြာနေ့) တွင် မလေးရှားစားအုန်းဆီဈေးကွက်၌ ဇွန်လအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၁% မြင့်တက်ပြီး တစ်တန်လျှင် မလေးရှားငွေ ၂၂၀၆ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၄၀.၆၉ ဒေါ်လာ) ဖြင့်စျေးပိတ်သွားခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်၊ မတ်လ (၄) ရက်နောက်ပိုင်း (၁) လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ယခုရက်သတ္တပတ်အတွင်း မလေးရှားစားအုန်းဆီဈေးနှုန်းမှာ ၄.၇% မြင့်တက်ခဲ့ကြောင်းwww.theedgemarkets.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အိန္ဒိယဗဟိုဘဏ်က ဘဏ်တိုးနှုန်းလျှော့ချခဲ့ပြီးနောက် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (၃)လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့မှု

အိန္ဒိယဗဟိုဘဏ်က ဘဏ်တိုးနှုန်းလျှော့ချခဲ့ပြီးနောက် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက် (ကြာသပတေးနေ့) တွင် ကျင်းပသည့် အိန္ဒိယဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းကို လက်ရှိသတ်မှတ်ထားသည့် ၆.၂၅ % မှ ၆ % သို့ လျှော့ချသတ်မှတ်ခဲ့ရာ ဘဏ်တိုးနှုန်းလျှော့ချသည့်ဂယက်ကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (၃) လအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ကြောင်း၊ ယခုဘဏ်တိုးနှုန်းလျှော့ချမှုသည် ၂၀၁၉ ခုနှစ်အတွင်း၌ ဒုတိယအကြိမ်မြောက် လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက် (ကြာသပတေးနေ့) တွင် ဘဏ်တိုးနှုန်းလျှော့ချခဲ့ပြီးနောက် ဧပြီလ (၅) ရက်(သောကြာ)နေ့ မွမ်ဘိုင်းငွေကြေးဈေးကွက်ဖွင့်ချိန်တွင် ရူပီးငွေတန်ဖိုးမှာ ၁% အထိကျဆင်းခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆၉.၁၃၃၈) ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါရူပီးငွေတန်ဖိုးကျဆင်းမှုသည် (၃) လတာကာလအတွင်း၌ အဆိုးဝါးဆုံးကျဆင်းမှုဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်သည် ၂၀၁၉ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်ဘဏ်တိုးနှုန်းလျှော့ချခြင်းကို ဖေဖော်ဝါရီလအတွင်း၌ ပြုလုပ်ခဲ့ပြီး ဘဏ်တိုးနှုန်းအား ၆.၅၀% မှ ၆.၂၅% သို့ လျှော့ချခဲ့ဖူးပြီး ယခုဧပြီလတွင် ဒုတိယအကြိမ်အဖြစ် ၆.၂၅% မှ ၆% သို့လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းကိုလျှော့ချပေးရခြင်းမှာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှေးကွေးလာမှုကြောင့်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း၌ ၇.၄% အထိရှိခဲ့သော်လည်း ယခုဧပြီလ (၁) ရက်နေ့တွင်စတင်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌မူ ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၇.၂% သို့ကျဆင်းဖွယ်ရှိသည့်အတွက်  အိန္ဒိယဗဟိုဘဏ်အနေဖြင့် စီးပွားရေးကဏ္ဍကို အ​ထောက်အကူပြုနိုင်ရန်ရည်ရွယ်ကာ ဘဏ်တိုးနှုန်းကို ယခုကဲ့သို့ လျှော့ချပေးခြင်းဖြစ်ကြောင်း www.theprint.in အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

၂၀၁၉ ခုနှစ်အတွင်းကမ္ဘာတစ်ဝန်းရွှေဝယ်လိုအားမှာ(၄)နှစ်တာကာလအတွင်းအမြင့်ဆုံးသို့ ရောက်ရှိဖွယ်ရှိမှု

၂၀၁၉ ခုနှစ်အတွင်းကမ္ဘာတစ်ဝန်းရွှေဝယ်လိုအားမှာ(၄)နှစ်တာကာလအတွင်းအမြင့်ဆုံးသို့ ရောက်ရှိဖွယ်ရှိမှု

ကမ္ဘာပေါ်၌ ရွှေဝယ်လိုအားအများဆုံးဈေးကွက်နှစ်ခုဖြစ်သော အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ဝယ်လိုအားမှာထပ်မံမြင့်တက်လာဖွယ်ရှိသောကြောင့် ၂၀၁၉ ခုနှစ်၌ ကမ္ဘာတစ်ဝန်းရွှေဝယ်လိုအားမှာ (၄) နှစ်တာကာလအတွင်းအမြင့်ဆုံးသို့ရောက်ရှိလာလိမ့်မည်ဟု လန်ဒန်အခြေစိုက်သတ္တုဈေးကွက်လေ့လာရေးသုတေသနအဖွဲ့ဖြစ်သော Metals Focus က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင်ထုတ်ပြန်သည့် ရွှေဈေးကွက်သုံးသပ်ချက်အစီရင်ခံစာ၌ ဖော်ပြထားကြောင်းသိရှိရပါသည်။

Metals Focus က ထုတ်ပြန်သည့် Gold Focus 2019 အစီရင်ခံစာတွင် ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရွှေဝယ်လိုအားသည် ၂၀၁၈ ခုနှစ်၌စုစုပေါင်းတန်ချိန် (၄၃၆၄) တန်ခန့်ရှိခဲ့ရာမှ၂၀၁၉ ခုနှစ်၌မူ (၄၃၇၀) တန်ဝန်းကျင်အထိရောက်ရှိဖွယ်ရှိကြောင်း၊ အဆိုပါပမာဏသည် (၄) နှစ်တာကာလအတွင်း ကမ္ဘာ့ရွှေဝယ်လိုအားအများဆုံးဖြစ်ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ဘဏ်တိုးနှုန်းတိုးမြှင့်ရေးအစီအစဉ်ဆိုင်းငံ့နေမှုနှင့် ကမ္ဘာတစ်ဝန်းရှိနိုင်ငံရေး၊ စီးပွားရေးအခြေအနေမတည်ငြိမ်မှုများကြောင့် ရွှေဈေးနှုန်းအားကောင်းခြင်းနှင့်အတူရွှေဝယ်လိုအားပါ လိုက်ပါမြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း၊အထူးသဖြင့် နိုင်ငံအသီးသီးရှိဗဟိုဘဏ်များ၏ရွှေဝယ်ယူမှုစုဆောင်းမှုထက်လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရွှေထည်လက်ဝတ်ရတနာဝယ်ယူမှုပမာဏက ပိုမိုများပြားလာနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအားသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇% ၊ တရုတ်နိုင်ငံ၏ ရွှေဝယ်လိုအားသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃% အသီးသီးမြင့်တက်လာဖွယ်ရှိကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်နှိုင်းယှဉ်ပါက ရွှေကိုလက်ဝတ်ရတနာအဖြစ် အသုံးပြုရန်ဝယ်ယူမှုမှာယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃% ခန့်မြင့်တက်ပြီးအနည်းဆုံးစုစုပေါင်းတန်ချိန်(၂၃၅၁)တန်အထက်၌ရှိနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုရည်ရွယ်ချက်သက်သက်ဖြင့် ဝယ်ယူစုဆောင်းမှုမှာမူယခင်နှစ်နှင့်နှိုင်းယှဉ်ပါကအပြောင်းအလဲကြီးကြီးမားမားမရှိနိုင်ဘဲစုစုပေါင်းတန်ချိန် (၁၀၈၂) တန်ဝန်းကျင်၌သာရှိနိုင်ကြောင်း၊ နိုင်ငံအသီးသီးရှိဗဟိုဘဏ်များ၏ ရွှေဝယ်ယူစုဆောင်းမှုမှာမူ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉% ခန့်ကျဆင်းဖွယ်ရှိပြီး စုစုပေါင်းတန်ချိန် (၆၀၀) ဝန်းကျင်၌သာရှိလိမ့်မည်ဟုသိရှိရပါသည်။

Gold Focus 2019 အစီရင်ခံစာ၌ ကမ္ဘာ့ရွှေဈေးသည် ၂၀၁၈ ခုနှစ်အတွင်း၌ တစ်အောင်စလျှင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ (၁၂၆၈) ဝန်းကျင်ခန့်၌ ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်၌မူတစ်အောင်စလျှင် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ (၁၃၁၀) ဝန်းကျင်ခန့်၌ ဖြစ်ပေါ်နိုင်သောကြောင့်ယခု ၂၀၁၉ ခုနှစ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း (၆) နှစ်တာကာလအတွင်း ရွှေဈေးနှုန်းအမြင့်ဆုံးနှစ်တစ်နှစ်ဖြစ်နိုင်သည်ဟုခန့်မှန်းထားကြောင်းဖြင့် www.businesstimes.com တွင်ဖော်ပြပါရှိပါသည်။

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ပြည်နယ်၌အထူးစီးပွားရေးဇုန်(SEZ)တည်ဆောက်ရန် မဲဆောက်မြို့တော်ဝန်ကထိုင်းအစိုးရထံတောင်းဆိုလျက်ရှိမှု

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ပြည်နယ်၌အထူးစီးပွားရေးဇုန်(SEZ)တည်ဆောက်ရန် မဲဆောက်မြို့တော်ဝန်ကထိုင်းအစိုးရထံတောင်းဆိုလျက်ရှိမှု

ထိုင်း-မြန်မာနယ်စပ်အနီးမြန်မာပိုင်နက် ကရင်ပြည်နယ်အတွင်းရှိကုက္ကိုကျေးရွာတွင် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သောYatai International Holding Group က မြို့ပြစီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း၊ ကုက္ကိုကျေးရွာသည် မြဝတီမြို့မှ (၂၂) ကီလိုမီတာခန့်အကွာအဝေးတွင်တည်ရှိပြီးသောင်ရင်းမြစ်ကမ်းဘေးမှ ကျေးရွာတစ်ခုဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီသည် အဆိုပါ ကျေးရွာအားနယ်စပ်ကုန်သွယ်ရေးအတွက်အချက်အချာကျသည့် မြို့တစ်မြို့အဖြစ်သာမက ကမ္ဘာလှည့်ခရီးသည်အများအပြားလာရောက်လည်ပတ်နိုင်သည့် အပန်းဖြေမြို့တစ်မြို့ဖြစ်အောင်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်းသိရှိရပါသည်။

တရုတ်ကုမ္ပဏီသည် ကုက္ကိုကျေးရွာနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ထံမှ နှစ်(၅၀) ကျော် မြေဌားရမ်းသည့် သဘောတူညီချက်ဖြင့်ရယူခဲ့ပြီးယင်းကျေးရွာ၌ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေဖျော်ဖြေရေးဆိုင်ရာအဆောက်အဦများ၊ ကုန်​စည်ထောက်ပံ့သိုလှောင်ရန်နေရာများ၊ လမ်းများနှင့် လေယာဉ်ကွင်းတို့ကိုပါ တည်ဆောက်သွားမည်ဖြစ်ပြီးအရှေ့တောင်အာရှ၌ အကြီးမားဆုံးမြို့ပြစီမံကိန်းဖြစ်အောင် ရည်မှန်းထားကြောင်း၊ အဆိုပါ စီမံကိန်းပြီးစီးပါကအဆိုပါမြို့တွင် တရုတ်နိုင်ငံသားအများအပြားလာရောက်နေထိုင်နိုင်သည့်အတွက် တရုတ်အများစုနေထိုင်သည့် မြို့တစ်မြို့ဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၊ ကုက္ကိုကျေးရွာဘက်သို့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ အရင်းအနှီးအများအပြားဝင်ရောက်လာနိုင်မည့် အခြေအနေကိုအခွင့်ကောင်းယူ၍ ကုက္ကိုရွာနှင့် ဆက်စပ်နေသောမဲဆောက်ခရိုင်အတွင်း၌ အထူးစီးပွားရေးဇုန်တစ်ခုကိုအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် မဲဆောက်မြို့တော်ဝန် တောကီရတ်ချင်ဆာရာနမ်ကထိုင်းအစိုးရထံသို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁) ရက်(တနင်္လာနေ့) တွင် တောင်းဆိုခဲ့ကြောင်း၊ အလားတူတာ့ခ်ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဆူချက်သရီရပ်ဝပ်တာနာကလည်းကုက္ကိုကျေးရွာ၌ မြို့ပြစီမံကိန်းပြီးစီးသည့် အချိန်တွင် လာရောက်အခြေချနေထိုင်မည့် လူဦးရေပမာဏမှာမဲဆောက်မြို့နေလူဦးရေပမာဏထက် (၄) ဆခန့် ပိုမိုများပြားလိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် မဲဆောက်ရှိထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအပေါ်၌ပါ သက်ရောက်မှုများရှိလာနိုင်သောကြောင့် တာ့ခ်ပြည်နယ်အတွင်း၌ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်လိုအပ်ပြီးထိုင်းအစိုးရအနေဖြင့်လည်းအထူးစီးပွားရေးဇုန်တစ်ခု မဖြစ်မနေထူထောင်ပေးရန် လိုအပ်သည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ နှစ်စဉ်ပို့ကုန်ပမာဏအနက် ၁၀% ခန့်မှ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တင်ပို့ရခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ပြည်နယ်(၁၀) ခုတို့၌ အထူးစီးပွားရေးဇုန်များအကောင်အထည်ဖော်ရန် ရည်မှန်းထားပြီးအထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ လေ့လာရန်အတွက် တာဝန်ရှိသူများအားနိုင်ငံတကာသို့ ​စေလွှတ်ထားကြောင်း၊ တာ့ခ်ပြည်နယ်အတွင်း၌ အထူးစီးပွားရေးဇုန်ပေါ်ပေါက်လာနိုင်မည့်အခြေအနေများကြောင့်ပြည်နယ်အတွင်းမြေဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်းwww.bangkokpost.com တွင်ဖော်ပြပါရှိပါသည်။

အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှုလျော့ကျခဲ့ခြင်းနှင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းတိုးတက်ခဲ့ခြင်းတို့ကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှုလျော့ကျခဲ့ခြင်းနှင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းတိုးတက်ခဲ့ခြင်းတို့ကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်အတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ(၁) ရက်(တနင်္လာနေ့) တွင် ဘလွန်းဘတ်သတင်းဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာ၌ အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏသည် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းနေ့စဉ် စည်ပေါင်း(၂.၉၅) သိန်းခန့် ပုံမှန်ကျဆင်းခဲ့ပြီးတစ်နေ့လျှင် စည်ပေါင်း (၃၀.၃၈၅) သန်းခန့်သာထုတ်လုပ်ခဲ့သည့်အတွက်(၄) နှစ်တာကာလအတွင်း အိုပက်အဖွဲ့၏နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏအနည်းဆုံးအနေအထားဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင်အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျော့ကျနေခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်အတွင်း ရေနံလိုအပ်ချက်များဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာပြီး ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်အတွင်းအမြင့်ဆုံးအနေအထားသို့ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အီရန်နိုင်ငံရေနံဝန်ကြီး ဘိုင်ဂျန်နမ်ဘီဇန်ဂါနက်ဟ်သည် ရုရှားစွမ်းအင်ဝန်ကြီးအလက်ဇန္ဒားနိုဘက်ခ်နှင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁)ရက် (တနင်္လာနေ့) တွင် တွေ့ဆုံခဲ့ပြီးနောက် အိုပက်အဖွဲ့အနေဖြင့် ရေနံထုတ်လုပ်မှုလျှော့ချရေးကို၂၀၁၉ ခုနှစ်၊ ဒုတိယ (၆) လပတ်အတွင်း၌လည်း ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်ဟု သတင်းထောက်များကိုပြောကြားခဲ့ခြင်းနှင့်ကမ္ဘာ့စီးပွားရေးအင်အားကြီးတရုတ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်မှုမှာ (၄) လတာကာလအတွင်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့်အတွက်နောက်ဆက်တွဲအနေဖြင့်တရုတ်နိုင်ငံ၏ ရေနံဝယ်လိုအားမှာလည်း မြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်နေခြင်းသည်လည်းရေနံဈေးနှုန်းများကိုမြင့်တက်စေသည့် အခြားသောအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၂) ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မေလအတွက် WTI ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာအမေရိကန်ဒေါ်လာ (၁.၄၅) ဒေါ်လာမြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၁.၅၉) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာအမေရိကန်ဒေါ်လာ (၁.၄၃) ဒေါ်လာမြင့်တက်ခဲ့ပြီးတစ်စည်လျှင်အမေရိကန်ဒေါ်လာ (၆၉.၀၁) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းများသည် ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းမှ လက်ရှိအချိန်အထိကာလအတွင်းကမ္ဘာ့ရေနံဈေးအမြင့်ဆုံးနှုန်းထားများဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ပထမ (၃) လပတ်ကာလအတွင်းကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃၂% ခန့်မြင့်တက်လာခဲ့ကြောင်းwww.bloomberg.com တွင်ဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရမည့်အခြေအနေနှင့် နီးကပ်လာသော ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရမည့်အခြေအနေနှင့် နီးကပ်လာသော ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်မည့် သတ်မှတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှာ နောက်ဆုတ် ရွှေ့ဆိုင်းခဲ့သော်လည်း ယခုအခါ no-deal Brexit ဖြင့် နုတ်ထွက်ရတော့မည့် အခြေအနေမျိုးသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဗြိတိန်စတာလင်ပေါင် တန်ဖိုးမှာကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

ဥရောပသမဂ္ဂ (EU) သည် ဗြိတိန်မှခွဲထွက်မည့် ရက်သတ်မှတ်ချက်အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက် (သို့မဟုတ်) မေလ(၂၂) ရက်နေ့အထိ နောက်ဆုတ်ရွှေ့ဆိုင်းပေးခဲ့ပြီးနောက် ဝန်ကြီးချုပ် ထရီဇာမေ၏ ဗြိတိန်ခွဲထွက်ရေးမူကြမ်းအား ၂၀၁၉ ခုနှစ်၊ မတ်လ(၂၉)ရက် (သောကြာနေ့) တွင် ဗြိတိန်ပါလီမန်၌ ထပ်မံမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ(၂၈၆) မဲသာရှိခဲ့ပြီး ကန့်ကွက်မဲမှာမူ (၃၄၄) မဲ ရှိခဲ့သည့်အတွက် ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းမှာ ကန့်ကွက်မဲ (၅၈) မဲအသာဖြင့် တတိယအကြိမ်ရှုံးနိမ့်ခဲ့ရကြောင်း၊ဝန်ကြီးချုပ်ထရီဇာမေ၏ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန် ကထောက်ခံခြင်းမရှိပါက လာမည့်ဧပြီလ (၁၂) ရက်နေ့တွင် အပြီးအပြတ်နုတ်ထွက်ရမည်ဟု EU ကနောက်ဆုတ်ခွင့်ပြုပေးခဲ့သည့်အတိုင်း ဗြိတိန်နိုင်ငံသည် ယခုအခါ EU မှ ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရန် ပိုမိုနီးစပ်လာသည့် အခြေအနေမျိုးသို့ရောက်ရှိလာခဲ့ရာ ဗြိတိန်နိုင်ငံ၏ စီးပွားရေးနှောင့်နှေးမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ဗြိတိန်စတာလင်ပေါင်တန်ဖိုး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်(သောကြာနေ့) ညနေပိုင်းဈေးကွက်ပိတ်ချိန်တွင် ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၂% ကျဆင်းခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၀၂၄) ဒေါ်လာလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဗြိတိန်စတာလင်ပေါင် တန်ဖိုးသည် ယခုမတ်လအတွင်း ၁.၉% ကျဆင်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း www.reuters. com  တွင်ဖော်ပြပါရှိပါသည်။