လစ်ဗျားပြည်တွင်းစစ်အခြေအနေဆိုးရွားလာခြင်းနှင့် အမေရိကန်-အီရန်တို့အကြားတင်းမာမှုမြင့်တက်လာခြင်းတို့ကြောင့် ကမ္ဘာရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့မှု

လစ်ဗျားပြည်တွင်းစစ်အခြေအနေ ဆိုးရွားလာခြင်းနှင့် အမေရိကန်-အီရန် တင်းမာမှု မြင့်တက်လာခြင်းတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

လစ်ဗျားနိုင်ငံတွင် အာဏာရှင်စနစ်ကို ပြန်လည်တည်ထောင်လိုသော စစ်ခေါင်းဆောင် ခါလီဖာဟတ်တာ၏ လစ်ဗျားအမျိုးသားစစ်တပ် (UNA) သည် ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသော လစ်ဗျားအစိုးရနှင့် ပြည်သူ့စစ်အဖွဲ့များက ထိန်းချုပ်ထားသည့် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမြို့အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ လက်ရှိ်အချိန်အထိ ထရီပိုလီမြို့မှာ UNA အဖွဲ့လက်တွင်းသို့  ကျဆုံးခြင်းမရှိသေးသော်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် UNA အဖွဲ့အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်ရေးကျူးကျော်မှုများအားလုံးကို ရပ်တန့်ရန်တောင်းဆိုသည့်် ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာ အင်အားကြီး (၅) နိုင်ငံအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံးတို့က ထောက်ခံခဲ့ကြောင်း၊ အိုပက်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော လစ်ဗျားနိုင်ငံတွင် ပြည်တွင်းစစ်အခြေအနေ ပိုမိုပြင်းထန်လာပါက ရေနံထုတ်လုပ်မှုကိုပါ ကျဆင်းဖွယ်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုနှင့် အိုပက်အဖွဲ့ဝင် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ တိုးမြင့်ဖြစ်ပေါ်လာခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အီရန်တပ်မတော်၏ လက်အောက်ခံတပ်ဖွဲ့ဖြစ်သော အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၈) ရက် (တနင်္လာနေ့) တွင် ကြေညာခဲ့ရာ အမေရိကန်ပြည်ထောင်စုသမိုင်းတစ်လျှောက်တွင် နိုင်ငံရပ်ခြားအစိုးရအဖွဲ့အစည်းတစ်ခုအားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည့် ပထမဆုံးဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်အတွက် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့ဝင်မည်သူမဆိုအား အမေရိကန်ပြည်ထောင်စုက ဖမ်းဆီးအကျဉ်းချနိုင်ပြီး ယင်းအဖွဲ့အစည်းနှင့်ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများ၊ ဘဏ်များအပေါ်၌ အရေးယူပိတ်ဆို့မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံသည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများအပေါ် လက်တုံ့ပြန်မည်ဆိုပါက အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ပထဝီနိုင်ငံရေးတင်းမာမှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၏ ရေနံသယ်ယူပို့ဆောင်ရာလမ်းကြောင်းဖြစ်သော ဟော်မို့ဇ်ရေလက်ကြားကို ပိတ်ဆို့ဖွယ်ရှိကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက် (အင်္ဂါနေ့) တွင် နယူးယောက်ဈေးကွက်၌  မေလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၄% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၄.၇၇) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၁% မြင့်တက်ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၁.၁၀) ဒေါ်လာသို့ မြင့်တက်ခဲ့ကြောင်း www.bloomberg.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။   ။ လစ်ဗျားနိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာ တစ်နေ့လျှင်စည်ပေါင်း (၁.၁) သန်းခန့်ရှိပြီးအီရန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာတစ်နေ့လှျင် စည်ပေါင်း (၂.၇၅) သန်းခန့်ရှိပါသည်။ ဟော်မို့ဇ် ရေလက်ကြားအားဖြတ်သန်းသယ်ဆောင်နေသည့် ရေနံစည်အရေအတွက်မှာတစ်နေ့လျှင်စည်ပေါင်း (၁၇) သန်းခန့်ရှိပြီး ယင်းပမာဏအနက် ၈၅% မှာတရုတ်၊ ဂျပန်၊ အိန္ဒိယအပါအဝင်အာရှဈေးကွက်သို့ ဝင်ရောက်နေသည့်ရေနံများဖြစ်ကြောင်းသိရှိရပါသည်။