၂၀၁၉ ခုနှစ်၊ မတ်လအတွင်း တရုတ်ဗဟိုဘဏ်၏ ရွှေဝယ်ယူစုဆောင်းမှုပမာဏမှာ တန်ချိန်(၁၁) တန်ကျော်ရှိခဲ့ပြီး (၄) လဆက်တိုက်မြင့်တက်ခဲ့မှု

တရုတ်ဗဟိုဘဏ်၏ ရွှေဝယ်ယူစုဆောင်းမှုမှာ (၄) လဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊  ယခုရက်ပိုင်းအတွင်း တရုတ်ဗဟိုဘဏ်မှ ထုတ်ပြန်သည့်အစီရင်ခံစာအရ တရုတ်ဗဟိုဘဏ်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွှေတန်ချိန် (၉.၉၅) တန်၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တန်ချိန် (၁၁.၈) တန်၊ ဖေဖော်ဝါရီလတွင် တန်ချိန် (၉.၉၅) တန်နှင့် မတ်လတွင် (၁၁.၂) တန်ခန့်စီအသီးသီး ဝယ်ယူစုဆောင်းခဲ့သည်ဟု သိရှိရကြောင်း၊  ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ (၄) လတာကာလအတွင်း တရုတ်ဗဟိုဘဏ်၏ ရွှေဝယ်ယူမှုစုစုပေါင်းပမာဏမှာ (၄၂.၉) တန်ခန့်ရှိကြောင်းသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏စီးပွားရေးနှေးကွေးလာခြင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးကိစ္စညှိနှိုင်းမှုများပြေလည်မှုမရရှိသေးခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာကို နိုင်ငံခြားအရန်ငွေကြေးအဖြစ် အဓိကထားစုဆောင်းနေမည့်အစား ရွှေကိုပြောင်းလဲစုဆောင်းနေသည့် အနေအထားရှိကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ဗဟိုဘဏ်က ပိုင်ဆိုင်ထားသောအရန်ရွှေပမာဏသည်စုစုပေါင်းတန်ချိန် (၁၈၉၄) တန်ဝန်းကျင်ခန့်ရှိကြောင်း၊ တရုတ်ဗဟိုဘဏ်၏ အရန်ရွှေစုဆောင်းထားရှိမှုပမာဏသည် ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းမှ လက်ရှိအချိန်အထိ (၄) နှစ်တာကာလအတွင်း၌ ၅၇%ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်းဖြင့် www.bloomberg.com တွင်ဖော်ပြ ပါရှိပါသည်။

မှတ်ချက်။ ကမ္ဘာပေါ်၌ အရန်ရွှေအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံ(၅) ခုမှာအမေရိကန်ပြည်ထောင်စု (၈၁၃၃.၅) တန်၊ ဂျာမနီ (၃၃၆၉.၇) တန်၊ အီတလီ(၂၄၅၁.၈) တန်၊ ပြင်သစ် (၂၄၃၆) တန်၊ ရုရှား (၂၁၅၀.၅) တန်တို့ဖြစ်ပြီးတရုတ်နိုင်ငံမှာမူ အရန်ရွှေပိုင်ဆိုင်မှု အများဆုံးစာရင်းတွင် အဆင့် (၆) နေရာ၌ ရပ်တည်နေကြောင်း သိရှိရပါသည်။