ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအသစ်အဖြစ် အမေရိကန်ဘဏ္ဍာရေးဒုတိယဝန်ကြီးဟောင်းဒေးဗစ်မော်လ်ပတ်စ်စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းအင်တာနက် website တွင်ဖော်ပြထားမှု

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်းဒေးဗစ်မော်လ်ပတ်စ် (၆၃နှစ်) သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက် (အင်္ဂါနေ့) မှစ၍ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ယခင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းဂျင်ယောင်ကင်သည် ၎င်း၏ဒုတိယသက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ် ပြည့်မြောက်သည်အထိတာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားခဲ့ကြောင်း၊ ဂျင်ယောင်ကင် နုတ်ထွက်သွားပြီးနောက်တွင် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည့် ဘူဂေးရီးယားနိုင်ငံသူခရစ္စတယ်လီနာဂျော်ဂျီဘာကိုယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ဥက္ကဋ္ဌနေရာအတွက် ရွေးချယ်မှုများပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဘဏ်၌ ရှယ်ယာအများဆုံးပါဝင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ဘဏ်အနေဖြင့် ဥက္ကဋ္ဌနေရာအတွက်ရွေးချယ်ရာ၌ အမေရိကန်ပြည်ထောင်စုအလိုကျသူများကိုသာ ရွေးချယ်လေ့ရှိကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ကမ္ဘာ့ဘဏ်သည် သမ္မတဒေါ်နယ်ထရန့်က အမည်စာရင်းတင်သွင်းထားသောဘဏ္ဍာရေးဒုတိယဝန်ကြီးဟောင်းဒေးဗစ်မော်လ်ပတ်စ်အား ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း၊ ဒေးဗစ်မော်လ်ပတ်စ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက် (အင်္ဂါနေ့) တွင် ကမ္ဘာ့ဘဏ်၏ (၁၃) ဆက်မြောက်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းဖြင့် www.xinhuanet.comတွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။ဒေးဗစ်မော်လ်ပတ်စ်သည် အမေရိကန်သမ္မတဟောင်းရော်နယ်ရေဂင် လက်ထက်တွင် ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ အမေရိကန်သမ္မတဂျော့ရှ်အိတ်ချ်ဒဗလျူဘုရှ် လက်ထက်တွင် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း၌ ဒေးဗစ်မော်လ်ပတ်စ်သည် ဒေါ်နယ်ထရန့်၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။