ဂျပန်အစိုးရသည် တစ်သောင်းတန်၊ ငါးထောင်တန်နှင့် တစ်ထောင်တန် ဂျပန်ယန်းငွေစက္ကူများအားဒီဇိုင်းပြောင်းလဲထုတ်လုပ်ရန်စီစဉ်နေမှု

ဂျပန်အစိုးရသည် ငွေစက္ကူအတုပြုလုပ်သည့် ပြဿနာများကို တားဆီးကာကွယ်နိုင်ရန်အတွက် တစ်သောင်းတန်၊ ငါးထောင်တန်နှင့် တစ်ထောင်တန် ဂျပန်ယန်းငွေစက္ကူများအား ဒီဇိုင်းပြောင်းလဲထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးတာယိုအာဆိုက ယခုရက်ပိုင်းအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ ဒီဇိုင်းအသစ်ဖြင့် ပြောင်းလဲထုတ်ဝေသွားမည့် ဂျပန်ယန်းငွေစက္ကူအသစ်များအား ၂၀၂၄ ခုနှစ်တွင် စတင်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ တစ်သောင်းတန်ငွေစက္ကူ၏ ရှေ့ဘက်၌ ဂျပန်နိုင်ငံသားစက်မှုလုပ်ငန်းရှင် အီချီရှီဘူဆာဝါ (၁၈၄၀ -၁၉၃၁) ၏ ရုပ်ပုံကိုရိုက်နှိပ်ထားပြီး နောက်ကျောဘက်တွင် ၁၉၁၄ ခုနှစ်၌ စတင်တည်ဆောက်ခဲ့သည့် တိုကျိုဘူတာရုံကြီး၏ ပုံကိုထည့်သွင်းဖော်ပြထားကြောင်း၊ ၎င်းသည် ဂျပန်ဘဏ်လုပ်ငန်းကြီးဖြစ်သော Mizuho Bank ကိုတည်ထောင်ခဲ့သူဖြစ်ကြောင်း၊ ငါးထောင်တန်ငွေစက္ကူ၏ ရှေ့ဘက်၌ ဂျပန်နိုင်ငံသမိုင်း၌ ထင်ရှားသည့် ကျောင်းဆရာမတစ်ဦးဖြစ်သူ ယူမီကိုတာဆူဒါ (၁၉၆၄-၁၉၂၉) ရုပ်ပုံကိုရိုက်နှိပ်ထားပြီး နောက်ကျောဘက်တွင် ခရမ်းနုရောင်ဝစ္စတာရီးယားပန်း (wisteria flower) ပုံကိုဖော်ပြထားကြောင်း၊ ၎င်းသည် တိုကျိုမြို့ရှိ Tsuda University ကိုတည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၌ အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေးအတွက် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ တစ်ထောင်တန်ငွေစက္ကူ၏ရှေ့ဘက်၌ ထင်ရှားသည့်ဂျပန်နိုင်ငံသားဘက်တီးရီးယားပိုးမွှားများလေ့လာရေးပညာရှင် ရှီဘာဆာဘူရိုအီတာဆာတို (၁၈၅၃-၁၉၃၁) ၏ ရုပ်ပုံကိုရိုက်နှိပ်ထားပြီးနောက်ကျောဘက်တွင် ဂျပန်ပန်းချီဆရာကာဆူရှီကာဟိုကူဆိုင် (၁၇၆၀-၁၈၄၉) ရေးဆွဲခဲ့သည့် ဖူဂျီတောင်ရှုခင်းပန်းချီကားပုံကို ထည့်သွင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီးတာယိုအာဆိုက ဆက်လက်ပြောကြားရာ၌ အသစ်ထုတ်ဝေမည့်ငွေစက္ကူများတွင် ဖော်ပြခြင်းခံရမည့် လူပုဂ္ဂိုလ် (၃) ဦးမှာဂျပန်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် ထင်ရှားသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ငွေစက္ကူအသစ်များအား ပြန်လည်ရေးဆွဲထုတ်ဝေရခြင်းမှာ ပြောင်းလဲလာသောခေတ်နှင့်အညီ လိုက်လျောညီထွေရှိစေရန် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါ ငွေစက္ကူများအား၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း၌ စတင်ထုတ်ဝေသွားမည်ဖြစ်ပြီး ယင်းတို့အားမထုတ်ဝေမီ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း၌ ယန်းငါးရာတန်ဒင်္ဂါးပြားအသစ်ကို ထုတ်ဝေသွားရန်ဂျပန်အစိုးရကစီစဉ်ထားကြောင်း www.mainichi.jp အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။