အိန္ဒိယဗဟိုဘဏ်က ဘဏ်တိုးနှုန်းလျှော့ချခဲ့ပြီးနောက် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (လတာကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက် (ကြာသပတေးနေ့) တွင် ကျင်းပသည့် အိန္ဒိယဗဟိုဘဏ်အစည်းအဝေး၌ ဘဏ်တိုးနှုန်းကို လက်ရှိသတ်မှတ်ထားသည့် ၆.၂၅ % မှ ၆ % သို့ လျှော့ချသတ်မှတ်ခဲ့ရာ ဘဏ်တိုးနှုန်းလျှော့ချသည့်ဂယက်ကြောင့် အိန္ဒိယရူပီးငွေတန်ဖိုးမှာ (၃) လအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ကြောင်း၊ ယခုဘဏ်တိုးနှုန်းလျှော့ချမှုသည် ၂၀၁၉ ခုနှစ်အတွင်း၌ ဒုတိယအကြိမ်မြောက် လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက် (ကြာသပတေးနေ့) တွင် ဘဏ်တိုးနှုန်းလျှော့ချခဲ့ပြီးနောက် ဧပြီလ (၅) ရက်(သောကြာ)နေ့ မွမ်ဘိုင်းငွေကြေးဈေးကွက်ဖွင့်ချိန်တွင် ရူပီးငွေတန်ဖိုးမှာ ၁% အထိကျဆင်းခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆၉.၁၃၃၈) ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါရူပီးငွေတန်ဖိုးကျဆင်းမှုသည် (၃) လတာကာလအတွင်း၌ အဆိုးဝါးဆုံးကျဆင်းမှုဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယဗဟိုဘဏ်သည် ၂၀၁၉ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်ဘဏ်တိုးနှုန်းလျှော့ချခြင်းကို ဖေဖော်ဝါရီလအတွင်း၌ ပြုလုပ်ခဲ့ပြီး ဘဏ်တိုးနှုန်းအား ၆.၅၀% မှ ၆.၂၅% သို့ လျှော့ချခဲ့ဖူးပြီး ယခုဧပြီလတွင် ဒုတိယအကြိမ်အဖြစ် ၆.၂၅% မှ ၆% သို့လျှော့ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းကိုလျှော့ချပေးရခြင်းမှာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှေးကွေးလာမှုကြောင့်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း၌ ၇.၄% အထိရှိခဲ့သော်လည်း ယခုဧပြီလ (၁) ရက်နေ့တွင်စတင်ခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌မူ ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၇.၂% သို့ကျဆင်းဖွယ်ရှိသည့်အတွက်  အိန္ဒိယဗဟိုဘဏ်အနေဖြင့် စီးပွားရေးကဏ္ဍကို အ​ထောက်အကူပြုနိုင်ရန်ရည်ရွယ်ကာ ဘဏ်တိုးနှုန်းကို ယခုကဲ့သို့ လျှော့ချပေးခြင်းဖြစ်ကြောင်း www.theprint.in အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။