မလေးရှားနိုင်ငံ၏စားအုန်းဆီအရန်သိုလှောင်မှုကျဆင်းနေသည့်အတွက်စားအုန်းဆီဈေးနှုန်းမှာတစ်လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက် (ကြာသပတေးနေ့) တွင် ရိုက်တာသတင်းဌာနမှ ကောက်ယူထုတ်ပြန်သည့် စစ်တမ်းအစီရင်ခံစာထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီတန်ဖိုးမှာ (၁) လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ရိုက်တာသတင်းဌာနမှထုတ်ပြန်သည့်အစီရင်ခံစာအရ ၂၀၁၉ခုနှစ်၊ မတ်လအတွင်းမလေးရှားနိုင်ငံ၏စား အုန်းဆီအရန်သိုလှောင်မှုပမာဏမှာ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့သည့် စားအုန်းဆီအရန်သိုလှောင်မှုပမာဏနှင့် နှိုင်းယှဉ်ပါက ၆.၄% ကျဆင်းပြီး တန်ချိန် (၂.၈၅) သန်းခန့်သို့ ရောက်ရှိခဲ့ရာ အဆိုပါပမာဏသည် (၅) လတာကာလအတွင်း စားအုန်းဆီအရန်သိုလှောင်မှုပမာဏ အနည်းဆုံးအနေအထားဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ထို့ပြင် မတ်လအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုပမာဏမှာလည်း ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၂၃.၄% မြင့်တက်ကာ တန်ချိန် (၁.၆၃) သန်းခန့်တင်ပို့နိုင်ခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ယင်းအစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် မလေးရှားစားအုန်းဆီအား ပြည်ပနိုင်ငံများ၏ ဝယ်လိုအားမြင့်တက်လျက်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစားအုန်းဆီဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၅) ရက် (သောကြာနေ့) တွင် မလေးရှားစားအုန်းဆီဈေးကွက်၌ ဇွန်လအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၁% မြင့်တက်ပြီး တစ်တန်လျှင် မလေးရှားငွေ ၂၂၀၆ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၄၀.၆၉ ဒေါ်လာ) ဖြင့်စျေးပိတ်သွားခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်၊ မတ်လ (၄) ရက်နောက်ပိုင်း (၁) လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ ယခုရက်သတ္တပတ်အတွင်း မလေးရှားစားအုန်းဆီဈေးနှုန်းမှာ ၄.၇% မြင့်တက်ခဲ့ကြောင်းwww.theedgemarkets.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။