ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့(ISI) ၏ ကျောထောက်နောက်ခံပြုမှုဖြင့် ဘဏ္ဍာငွေများရရှိရန် ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့(ARSA) ၏ အိန္ဒိယနိုင်ငံအတွင်းသို့ စိတ်ကြွမူးယစ်ဆေးပြားများ မှောင်ခိုတင်သွင်းနေမှုများအပေါ် အိန္ဒိယအစိုးရကစိုးရိမ်ပူပန်လျက်ရှိမှု

အိန္ဒိယအစိုးရသည် နိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးတင်သွင်းမှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့ (ARSA) ၏ဘဏ္ဍာငွေစုဆောင်းရရှိနိုင်ရေးအတွက် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ Inter-Services Intelligence (ISI) ၏ ကျောထောက်နောက်ခံပေးမှုဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ Jamaat-ul-Mujahideen Bangladesh (JMB) အဖွဲ့သည် အဆိုပါဘင်္ဂါလီမွတ်စလင်များအားအသုံးချကာ အိန္ဒိယနိုင်ငံအတွင်းသို့ စိတ်ကြွ မူးယစ်ဆေးပြားတင်သွင်းမှုများပြုလုပ်လျက်ရှိသည်ဟု သိရှိရပါသည်။

မကြာသေးမီကာလများအတွင်းမှစတင်၍အိန္ဒိယနိုင်ငံအတွင်းသို့ စိတ်ကြွမူးယစ်ဆေးပြား မှောင်ခိုတင်သွင်းမှုများ အဆမတန်မြင့်တက်လာခဲ့ပြီး အဆိုပါအခြေအနေများနှင့်ပတ်သက်၍ အိန္ဒိယအာဏာပိုင်များသည် ပြည်ထဲရေးဝန်ကြီးဌာနထံသို့အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ စိတ်ကြွဆေးပြားများသည်ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ နေရာအနှံ့အပြားမှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်နေကြခြင်းဖြစ်ပြီး ဘင်္ဂါလီများမှတစ်ဆင့်သယ်ဆောင်ကာ ဈေးကွက်အတွင်းသို့ ဖြန့်ဝေနေကြခြင်းဖြစ်ကြောင်း၊ အိန္ဒိယထောက်လှမ်းရေးအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုများအရနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှုများနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၏ ပါဝင်မှုအခန်းကဏ္ဍကိုပါ အထင်အရှားတွေ့ရှိခဲ့ပြီး ဘင်္ဂါလီသောင်းကျန်းသူအဖွဲ့(ARSA) ၏ လက်နက် ဝယ်ယူရေးအတွက် လိုအပ်သောငွေကြေးများရရှိစေရန် ISI နှင့် JMB တို့က ကျောထောက်နောက်ခံပြုကာ လုပ်ဆောင်နေကြခြင်းဖြစ်သည်ကိုသိရှိခဲ့ကြောင်း၊ ARSA အဖွဲ့၏ ရန်ပုံငွေတိုးမြှင့် စုဆောင်းနိုင်ရေးအတွက် ယခင်ကအိန္ဒိယနိုင်ငံသုံးငွေစက္ကူအတုများကို ပြုလုပ်ခဲ့ရာမှ ယခုအခါ စိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုများပြုလုပ်လာကြသောကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ကြီးမား သည့်ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်ဟုသိရှိရကြောင်း၊ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်ရုံ း(UNODC) ကလည်း ISI နှင့် JMB တို့၏ အကူအညီ ဖြင့် ဘင်္ဂါလီများသည်စိတ်ကြွဆေးပြားများအား မြန်မာနိုင်ငံအတွင်းမှ သယ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်ကြောင်း၊ မူးယစ် ဆေးဝါးမှောင်ခိုတင်သွင်းမှုများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားကာလအတွင်းမှစတင်များပြားလာခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိပျံ့နှံ့စွာဖြစ်ပေါ်လျက်ရှိပြီး အိန္ဒိယမူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့မှစိတ်ကြွဆေးဝါးအများအပြားသိမ်းဆည်းရမိသည့်ဖြစ်စဉ် အများအပြားရှိခဲ့ကြောင်း၊ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အဆိုပါစိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်နေထိုင်လျက်ရှိကြသည့် ဘင်္ဂါလီမွတ်စလင်များအပေါ် အထူးစိုးရိမ်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့စိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုများဖြင့် ဘင်္ဂါလီဦးရေ(၇၀) နီးပါးခန့်အားလည်း ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်ဟု သိရှိရပါသည်။

အိန္ဒိယနိုင်ငံအတွင်းသို့ရောက်ရှိလာသည့်မူးယစ်ဆေးဝါးများသည် အိန္ဒိယနိုင်ငံ၏မြို့ကြီး များဖြစ်သည့် မွန်ဘိုင်း၊ ကာလက္ကတ္တားနှင့် ဘန်ဂါလူရူသို့အဓိကရောက်ရှိလျက်ရှိကြောင်း၊ အိန္ဒိယ နိုင်ငံအတွင်းသို့ နှစ်စဉ်မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရာမှရရှိသည့်ပျမ်းမျှဝင်ငွေသည် ရူပီး(၆၀) ကုဋေ (အမေရိကန်ဒေါ်လာ ၈.၄ သိန်းခန့်) မှ ရူပီး(၇၀) ကုဋေ (အမေရိကန်ဒေါ်လာ ၉.၈ သိန်းခန့်) အကြားရရှိလျက်ရှိပြီးရရှိသည့် ငွေကြေးများအနက်မှအများစုမှာ ARSA အဖွဲ့ထံသို့ ရောက်ရှိ လျက်ရှိရာ ARSA အဖွဲ့အနေဖြင့်အဆိုပါငွေကြေးများအားအသုံးပြုကာလက်နက်ခဲယမ်းဝယ်ယူမှုများနှင့် အဖွဲ့ဝင်အင်အားသစ်စုဆောင်းခြင်းများအတွက် အသုံးပြုနေကြခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထို့ပြင်အိန္ဒိယအာဏာပိုင်များသည် အိန္ဒိယနိုင်ငံအတွင်း ဒုက္ခသည်များအဖြစ် ခိုလှုံနေထိုင်လျက်ရှိသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ၎င်းတို့ကာလကြာရှည်စွာ နေထိုင်ဖွယ်ရှိသည့် အနေအထားကြောင့် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်လျက်ရှိကြကြောင်း၊ အဆိုပါ ဘင်္ဂါလီမွတ်စလင်များအား အကြမ်းဖက်အဖွဲ့အစည်းများမှ အချိန်မရွေးလူသူစုဆောင်းလာနိုင်ကြသည့်အတွက် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးရှုထောင့်အရ၎င်းတို့အနေဖြင့်အမြဲသတိထားစောင့်ကြည့်ရမည့် ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ဖြစ်လာလျက်ရှိကြောင်း၊ ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ Jamaat-ul-Mujahideen Bangladesh (JMB) နှင့် ၂၀၀၈ ခုနှစ်၊ မွန်ဘိုင်းတိုက်ခိုက်မှုဖြစ်စဉ်အားလုပ်ဆောင်ခဲ့သူ ပါကစ္စတန်နိုင်ငံအခြေစိုက် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba တို့နှင့်ပူးပေါင်းကာ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများပြုလုပ်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ၂၀၁၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အဆိုပါဘင်္ဂါလီမွတ်စလင်များအား JMB အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို အိန္ဒိယနိုင်ငံအမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ (NIA) က အတိအလင်း ထုတ်ပြန်ကြေညာထားသည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.oneindia.com