အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအရေးယူပိတ်ဆို့ခံရခြင်း စသည့်အခြေအနေများကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁၈% ခန့် မြင့်တက်ခဲ့မှု

အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်းအား အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုချမှတ်ခဲ့ခြင်းအပါအဝင် အခြားသောအခြေအနေများကြောင့် ရေနံဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ၁၈% ဝန်းကျင်ခန့်မြင့်တက်ခဲ့သည်ဟု သိရှိရကြောင်း၊ အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့်အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသည် တစ်နေ့လျှင်ရေနံစည်ပေါင်း (၁.၂) သန်း လျှော့ချထုတ်လုပ်ရေးသဘောတူညီချက်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) နေ့မှ စ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါသဘောတူညီချက်အရ အိုပက်အဖွဲ့အနေဖြင့် တစ်နေ့လျှင်ရေနံစည်ပေါင်း (၈) သိန်းလျှော့ချထုတ်လုပ်ရမည်ဖြစ်ပြီး လွန်ခဲ့သည့်ဇန်နဝါရီလအတွင်း၌ အိုပက်အဖွဲ့၏နေ့စဉ်ရေနံလျှော့ချထုတ်လုပ်မှုပမာဏမှာ စည်ပေါင်း (၈.၉) သိန်းခန့်အထိရှိခဲ့ကြောင်း၊ အလားတူ ဆော်ဒီအာရေဗျနိုင်ငံသည်လည်း အမေရိကန်ပြည်ထောင်စုသို့ နေ့စဉ်ရေနံတင်ပို့မှုပမာဏကိုလျှော့ချကာ တစ်နေ့လျှင်စည်ပေါင်း (၄၄၂,၀၀၀) ခန့်သာတင်ပို့ခဲ့ ကြောင်း၊ ထို့ပြင်အမေရိကန်ဗဟိုဘဏ်သည် ဘဏ်တိုးနှုန်းအား လက်ရှိနှုန်းထား၌သာ ဆက်လက်ထားရှိရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းသွားခဲ့ရာ အမေရိကန်ဒေါ်လာဖြင့် ပေးချေရသောရေနံဈေးနှုန်းများမှာ ဈေးသက်သာသည့် အနေအထားသို့ ရောက်ရှိခဲ့သည့်အတွက် ဝယ်လိုအားမြင့်တက်ခဲ့မှုနှင့်အတူ ရေနံဈေးနှုန်းများပါ လိုက်ပါမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့အမေရိကန်အစိုးရ၏ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းအား အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုသို့ ဗင်နီဇွဲလားရေနံဝင် ရောက်မှုမှာ တစ်နေ့လျှင်စည်ပေါင်း(၅) သိန်းခန့် လျော့ကျသွားဖွယ်ရှိသည့် အခြေအနေများကြောင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၁၈% ဝန်းကျင်ခန့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟုသိရှိရပါသည်။

ထို့ပြင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံတစ်ဝန်း ရေနံတူးဖော်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည့် Baker Hughes ကုမ္ပဏီကထုတ်ပြန်သည့်အစီရင်ခံစာ၌ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း နိုင်ငံတစ်ဝန်း ရေနံတူးစင်အရေအတွက်မှာ တူးစင် (၁၅) စင်ပိတ်သိမ်းသွားပြီး  စုစုပေါင်းတူးစင်အရေအတွက်မှာ (၈၄၇) စင်သာကျန်ရှိတော့သည်ဟု ဖော်ပြထားခြင်းသည်လည်း ရေနံဈေးနှုန်းများကိုမြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း၊ အဆိုပါ တူးစင်အရေအတွက်မှာ  ၂၀၁၈ ခုနှစ်၊ မေလနောက် ပိုင်း(၈) လတာကာလအတွင်း တူးစင်အရေအတွက် အနည်းဆုံးပင်ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက် (တနင်္လာနေ့) တွင် နယူး ယောက်ဈေးကွက်၌ မတ်လအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၅.၆၃)​ ဒေါ်လာ၌လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှု​ဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၃၇) ဒေါ်လာ၌လည်း ကောင်းအသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင်အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမေရိကန်ဘဏ္ဍာရေးစနစ်နှင့် ချိတ်ဆက်ကာ ဗင်နီဇွဲလားရေနံများကို ဝယ်ယူလျက်ရှိသည့် အခြားသောရေနံလုပ်ငန်းများအား ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၈) ရက် နောက်ဆုံးထားကာ ဗင်နီဇွဲလားရေနံဝယ်ယူမှုကို လျှော့ချပစ်ရမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်ဟုသိရှိရကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.oilprice.com