၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုပမာဏမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း အများဆုံးအနေအထားသို့ရောက်ရှိခဲ့မှု

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေကောင်စီမှထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘာ တစ်ဝန်းဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှု ပမာဏမှာ ၁၉၆၇ ခုနှစ်နောက်ပိုင်း အများဆုံးအနေအထားသို့ ရောက်ရှိခဲ့ခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်းစုစုပေါင်း ရွှေဝယ်လိုအားပမာဏမှာလည်း ၄% ခန့် မြင့်တက် ခဲ့သည်ဟု သိရှိရပါသည်။

ကမ္ဘာ့ရွှေကောင်စီမှ ထုတ်ပြန်သည့်အစီရင်ခံစာအရ ၂၀၁၈ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဗဟိုဘဏ်များ၏ရွှေဝယ်ယူမှုစုစုပေါင်းပမာဏမှာ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၄% မြင့်တက်ခဲ့ပြီး တန်ချိန် (၆၅၁.၅)တန်ခန့် ရှိခဲ့ကာ အဆိုပါရွှေများကို အဓိကအားဖြင့် ရုရှား၊ တရုတ်၊ တူရကီ၊ ပိုလန်၊ ကာဇက်စတန်နှင့်မွန်ဂိုလီးယားနိုင်ငံဗဟိုဘဏ်များက ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ ရုရှားဗဟိုဘဏ်သည် အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချရေး ဆောင်ရွက်ချက်အနေဖြင့် အမေရိကန်ဒေါ်လာ အခြေခံသော ငွေတိုက်စာချုပ်များကို ထုတ်ရောင်းကာ ရွှေဝယ်ယူစုဆောင်းမှုကို တိုးမြှင့်လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ်၌ ရွှေဝယ်ယူစုဆောင်းမှု ပဉ္စမမြောက် အများဆုံးနိုင်ငံအဖြစ် ရပ်တည် လျက်ရှိကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်ခြင်း၊ အမေရိကန်အစိုးရက ရုရှား၊ အီရန်နှင့် ဗင်နီဇွဲလား နိုင်ငံများအား အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်း၊  ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးနှင့်ပတ်သက်၍ မသေချာမရေရာမှုများ ဖြစ်ပေါ်နေခြင်း အစရှိသည့်အခြေအနေများနှင့်ဆက်နွယ်ကာ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများ ဖြစ်ပေါ်လာမည့်အပေါ်  စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များသည် ရွှေဝယ်ယူစုဆောင်းမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရပါသည်။

အလားတူ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စုစုပေါင်းရွှေဝယ်လိုအားပမာဏမှာ တန်ချိန် (၄၃၄၅.၁) တန်ခန့်ရှိခဲ့ရာ ၂၀၁၇ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ကမ္ဘာတစ်ဝန်း ရွှေဝယ်လိုအား ပမာဏ (၄၁၅၉.၉) တန်နှင့် နှိုင်းယှဉ်ပါက ၄% ဝန်းကျင်ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာအရ သိရှိရကြောင်း ruters သတင်းဌာနက ထုတ်လွှင့်ခဲ့ပါသည်။

မှတ်ချက်။   ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် ကမ္ဘာပေါ်၌ ရွှေပိုင်ဆိုင်မှု အများဆုံးနိုင်ငံ(၁၀)နိုင်ငံမှာ အမေရိကန်(၈၄၀၇.၃၉တန်)၊ ဂျာမနီ(၃၄၈၃.၂၁တန်)၊ အီတလီ(၂၅၃၄.၄၁တန်)၊ ပြင်သစ် (၂၅၁၈.၀၈တန်)၊ ရုရှား(၂၁၈၄.၁၉တန်)၊ တရုတ်(၁၉၀၄.၆၁တန်)၊ ဆွစ်ဇာလန်(၁၀၇၅.၀၂တန်)၊ ဂျပန်(၇၉၀.၉၉တန်)၊ နယ်သာလန်(၆၃၃.၀၈)နှင့် အိန္ဒိယ(၆၁၈.၇၄တန်)တို့ဖြစ်ကြောင်း သိရှိရပါသည်။