ဘင်္ဂလား​ဒေ့ရှ်နိုင်ငံရှိ မွတ်စလင်ဒုက္ခသည်များ အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့နှင့်အတူ ပိုမိုအလေးပေးလုပ်ဆောင်သွားမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့မှု

ဘင်္ဂလား​ဒေ့ရှ်နိုင်ငံရှိ မွတ်စလင်ဒုက္ခသည်များ မကြာမီကာလအတွင်း အမြန်ဆုံးနေရပ်ပြန်နိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့နှင့်အတူ ပိုမိုအလေးပေးလုပ်ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုအယ်လ်ပီမာဆူဒိုက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက် (တနင်္လာနေ့) တွင် ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး သည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် ဒါကာမြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံခဲ့ပြီး မွတ်စလင်အရေးကိစ္စအပါအဝင် အမျိုးသမီးရေးရာ အခန်းကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့တွေ့ဆုံစဉ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာ၌ မွတ်စလင်များ နေရပ်ပြန်ရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကောင်းမွန်သောပတ်ဝန်းကျင်အခြေအနေများ ဖန်တီးနိုင်စေရန် အထူးအလေးပေး တိုက်တွန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နေရပ်ပြန်လာကြမည့် မွတ်စလင် ဒုက္ခသည်များအတွက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အဦများ ဆောက်လုပ်ထားရှိမှုအခြေအနေများကိုကြည့်ရှုရန် အာဆီယံမှအဖွဲ့ဝင်များပါဝင်သော အာဆီယံအဖွဲ့(၂) ဖွဲ့သည် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်လိမ့်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖြစ်ပေါ်လျက်ရှိသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများနှင့် ရှိတ်ဟာဆီနာ၏ ခေါင်းဆောင်မှုအောက်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် အားကစားကဲ့သို့သော အခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့် မြှင့်တင်ခဲ့ခြင်းများနှင့် ပတ်သက်၍ ချီးကျူးပါသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက ပြန်လည်ပြောကြားရာ၌ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်ပြန်လာကြမည့် မွတ်စလင်ဒုက္ခသည်များ နေထိုင်နိုင်စေရေးအတွက် နေအိမ်အဆောက်အဦအချို့ကို တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများက စီစဉ်ဆောက်လုပ်ထားခဲ့ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည့် အချို့သောမွတ်စလင်များသည် လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ဝင် ရောက်ရန်ကြိုးပမ်းလျက်ရှိသည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စများနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွှေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူလ်မိုမန်၊ ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူးဆက်ဂျာဒူဟာဆန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ရီနာပရီတာရှိမာဆီဆိုမာနိုတို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရှိရပါသည်။

အလားတူ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ အထူးသံတမန် ဖြစ်ပြီး ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ အိန်ဂျလီနာဂျိုလီသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင်ဒုက္ခသည် စခန်းများသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရှေးဦးစွာ သူမသည် ကော့ဘဇားဒေသရှိ ဒုက္ခသည်အများစုနေထိုင်ရာ ကူတူပါလောင် ဒုက္ခသည်စခန်းများသို့ ဦးစွာသွားရောက်ခဲ့ကြောင်း ထို့နောက် ကူတူပါလောင်ဒုက္ခသည်စခန်းများရှိရာ ဒုက္ခသည်စခန်း(၄) ခုရှိ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအား လေ့လာကြည့်ရှုခဲ့ပြီးနောက် ဒုက္ခသည်အမျိုးသမီးများနှင့်တွေ့ဆုံခဲ့ကြောင်း၊ အိန်ဂျလီနာဂျိုလီသည် ကုလသမဂ္ဂ၏ ၂၀၁၉ ခုနှစ်အတွက် ငွေကြေးအကူအညီ ရရှိရေးအစီအစဉ်သစ် တစ်ရပ်ဖြစ်သည့် အမေရိကန်ဒေါ်လာ(၁) ဘီလီယံခန့် အကူအညီရရှိနိုင်ရေးအတွက် မျှော်မှန်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့် အိန်ဂျလီနာဂျိုလီ၏ အဆိုပါခရီးစဉ်ကြောင့် ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာသန်း (၉၂၀) ခန့်ရရှိရန် မျှော်မှန်းထားသည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.newagebd.net