ဗြိတိန်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တိုးတက်မှုအနေအထားမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့သည့်အတွက်  ဗြိတိန်စတာလင်ပေါင်တန်ဖိုးကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗြိတိန်နိုင်ငံ၏ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းကဏ္ဍများ တိုးတက်မှု အနေအထားမှာ (၂) နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့သည်ဟု လန်ဒန်အခြေစိုက် သတင်းအချက်အလက်ထုတ်ပြန်ရေးဝန်ဆောင်မှုလုပ်ငန်း (IHS Markit) မှ အစီရင်ခံစာထုတ်ပြန်ခဲ့ရာ အဆိုပါအစီရင်ခံစာထွက်ပေါ်ခဲ့ခြင်းကို အကြောင်းပြု၍ ဗြိတိန်စတာလင်ပေါင် တန်ဖိုးမှာကျဆင်းခဲ့သည်ဟုသိရှိရပါသည်။

IHS Markit မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၄) ရက်(တနင်္လာနေ့) တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဗြိတိန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ တိုးတက်မှုအခြေအနေမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုအညွှန်းကိန်းပမာဏနှင့် နှိုင်းယှဉ်ပါက (၅၂.၈) အောက်လျော့နည်းကာ (၅၀.၆) သာရှိခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အလားတူ ဖေဖော်ဝါရီလ(၅) ရက် (အင်္ဂါနေ့) တွင် ထပ်မံထုတ်ပြန်သည့်အစီရင်ခံစာ၌လည်း လွန်ခဲ့သည့်ဇန်နဝါရီလ အတွင်း ဗြိတိန်နိုင်ငံ၏ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းကဏ္ဍများ၏ တိုးတက်မှုအညွှန်းကိန်းပမာဏမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ပေါ်ခဲ့သည့် ပမာဏနှင့်နှိုင်းယှဉ်ပါက မျှော်မှန်းထားသည့်ပမာဏ အောက်သို့ကျဆင်းကာတိုးတက်မှုအညွှန်းကိန်းပမာဏ (၅၀.၁) သာ ရှိခဲ့သည်ဟု ဖော်ပြထားရာ အဆိုပါပမာဏသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း (၂) နှစ်ခွဲတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အနိမ့်ဆုံးအနေအထားပင်ဖြစ်ကြောင်း၊ အဆိုပါ IHS Markit ၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် ဗြိတိန်နိုင်ငံ၏ စီးပွားရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် ဗြိတိန်နိုင်ငံသည်လာမည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့တွင် ဥရောပသမဂ္ဂမှအပြီးတိုင်နုတ်ထွက်ရန် သတ်မှတ်ထားပြီးဖြစ်ရာ မည်ကဲ့သို့သောအခြေအနေမျိုးဖြစ်ပေါ်စေကာမူ သတ်မှတ်ရက်အတိုင်း နုတ်ထွက်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေက ထပ်လောင်း အတည်ပြုပြောကြားခဲ့ခြင်းသည်လည်း စတာလင်ပေါင်တန်ဖိုးကိုကျဆင်းစေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း၊  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်(ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင်း ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း စတာလင်ပေါင်တန်ဖိုးမှာ ၀.၈% ကျဆင်းပြီးစတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၀၅၁) ဒေါ်လာလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊အဆိုပါ လဲလှယ်မှုနှုန်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နောက်ပိုင်း ရက်သတ္တပတ်(၂)ပတ်အတွင်း စတာလင်ပေါင်တန်ဖိုး အနိမ့်ဆုံးအနေအထားပင်ဖြစ်သည်ဟုသိရှိရကြောင်းဖြင့် reuters သတင်းဌာနက ထုတ်လွှင့်ခဲ့ပါသည်။