မွတ်စလင်ဒုက္ခသည်အရေး ရေရှည်စီမံကိန်းဖြင့်  ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မွတ်စလင်အရေးနှင့်ပတ်သက်၍ လုပ်ဆောင်လျက်ရှိသည့်အစီအမံများအား ပြောင်းလဲလုပ်ဆောင်ရန်လိုအပ်သည်ဟု ကနေဒါဝန်ကြီးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဘော့ရေးက ပြောကြားခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင်ဒုက္ခသည်များသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသအခြေအနေတည်ငြိမ်မှု မရှိခြင်းနှင့် လုံခြုံမှုမရှိခြင်းတို့ကိုအကြောင်းပြကာ နေရပ်ပြန်ရန်ငြင်းဆန်လျက်ရှိပြီး ဒုက္ခသည်များနေရပ်ပြန်ရေးအစီအစဉ် နှင့်ပတ်သက်၍ နှောင့်နှေးကြန့်ကြာမှု များဖြစ်ပေါ်လျက်ရှိသောကြောင့် မွတ်စလင်ဒုက္ခသည်အရေး ရေရှည်စီမံကိန်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မွတ်စလင်အရေးနှင့်ပတ်သက်၍ လုပ်ဆောင်လျက်ရှိသည့် အစီအမံများအား ပြောင်းလဲလုပ်ဆောင်ရန်လိုအပ်သည်ဟု ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဘော့ရေး က ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်(အင်္ဂါနေ့) တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဒါကာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် မွတ်စလင်အရေးဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲတွင် ကနေဒါနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဘော့ရေးကပြောကြားရာ၌ မွတ်စလင်အရေး ရှေရှည်တွင် ကိုင်တွယ်ဖြေရှင်းနိုင်စေရေးအတွက် မိမိတို့အနေဖြင့် အစီအစဉ်အသစ်တစ်ခုအား ပြောင်းလဲလုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်ရာ အဆိုပါ မွတ်စလင်ဒုက္ခသည်များအတွက် ပညာသင်ကြားရေးနှင့် ဝင်ငွေရပေါက်ရလမ်းရှိသည့်အခွင့်အလမ်းများကို ဖန်တီးပေးသွားရမည်ဖြစ်သည့်အပြင် မွတ်စလင်များအပေါ်အကြမ်းဖက်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ တာဝန်ရှိသူများအပေါ် အရေးယူနိုင်ရေးနှင့်တရားမျှတရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်ယူလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မွတ်စလင်ဒုက္ခသည်များအား ပညာသင်ကြားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများပေးအပ်နိုင်ခြင်းမရှိပါက ရေရှည်တွင်မွတ်စလင်ဒုက္ခသည်များသည် ရာဇဝတ်မှုများနှင့် အစွန်းရောက်ဝါဒများဘက်သို့ ဦးတည်ပြောင်းလဲရောက်ရှိသွားနိုင်ကြောင်း၊ မွတ်စလင် ဒုက္ခသည်(၁) သန်းကျော်နေထိုင်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်နေရလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးများနှင့်အတူ နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများနှင့်ပါ ရင်ဆိုင်နေရသည့်အတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် အသိအမှတ်ပြုကြစေလိုကြောင်း၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ရာအမိုးအကာများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုများနှင့် မိလ္လာစနစ်အပါအဝင် သန့်ရှင်းရေးဆိုင်ရာဝန်ဆောင်မှုများမှာ ယခုအခါအထူးကောင်းမွန်လာသည့်နည်းတူ အခြားတစ်ဖက်တွင်လည်း ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်အကြမ်းဖက်ခံခဲ့ရမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် အားထုတ်ကြိုးပမ်းလျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နိုင်ငံတကာအသိုက်ဝန်းတို့ အနေဖြင့်လည်း အချိန်ယူကာလုပ်ဆောင်သွားကြစေလိုကြောင်း၊ ထို့ကြောင့် မွတ်စလင်ဒုက္ခသည်များအပေါ် ပညာသင်ကြားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် အစီအမံများပြောင်းလဲလုပ်ဆောင်ဖန်တီးပေးခြင်းသည်သာလျှင် မွတ်စလင်ဒုက္ခသည်များကိုသာမက ဒေသခံ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက်ကိုပါ ရေရှည်တွင်တိုက်ရိုက် အကျိုးကျေးဇူးများရရှိခံစားကြရလိမ့်မည်ဖြစ်ကြောင်း၊ ထို့အတူ မွတ်စလင်များအကြမ်းဖက်ခံခဲ့ရမှုများအတွက် တာဝန်ခံနိုင်ရေးအတွက်ကိုသာ ရည်မှန်း၍ မြန်မာနိုင်ငံအားအရေးယူပိတ်ဆို့ရန် တွန်းအားပေးလုပ်ဆောင်ခြင်းသည် ကောင်းမွန်သည့်နည်းလမ်းတစ်ရပ်မဟုတ်ဘဲ တရုတ်နိုင်ငံထံသို့ပိုမိုတွန်းပို့ပေးနေသကဲ့သို့သာ ဖြစ်စေလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်စေရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် အငြိမ်းစားစစ်ဘက်အရာရှိများ ပါဝင်သော မြန်မာအဖွဲ့ဝင်များနှင့် ပိုမိုအလေးပေးထိတွေ့ဆက်ဆံမှုများပြုလုပ်ရန်ဟူသော အငြိမ်းစား ဘင်္ဂလားဒေ့ရှ် တပ်မတော်အရာရှိကြီးတစ်ဦး၏ အကြုံပြုချက်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ရှာဟီရာအလာမ်ကသဘောတူညီခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ပြုလုပ်သွားမည်ဖြစ်ကာ မွတ်စလင်အရေးဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့်လည်း မွတ်စလင်များ နေရပ်ပြန်နိုင်ရေးအတွက်  မြန်မာနိုင်ငံ အပေါ်ဆက်လက်ဖိအားပေးကြစေလိုပြီး မိမိတို့ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မွတ်စလင်ကလေးငယ်ဦးရေ (၄) သိန်းတို့၏ လိုအပ်လျက်ရှိသောပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကာ ထိုသို့လုပ်ဆောင်နိုင်ရေးအတွက် မိမိတို့အနေဖြင့် အခြေအနေအခွင့်အလမ်းကောင်းများ ရရှိရန်လိုအပ်သည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဘော့ရေး ၏အကြံပြုချက်သည် ကုလသမဂ္ဂ၏ ပူးတွဲဆောင် ရွက်မှုအစီအစဉ်တစ်ရပ်ဖြစ်ပြီး မွတ်စလင်ဒုက္ခသည်များနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် အတွက် မျှော်မှန်းကူညီထောက်ပံ့ငွေအမေရိကန်ဒေါ်လာသန်း (၉၂၀) ရရှိရေးအစီစဉ်ဖြစ်သည့် အလှူငွေကောက်ခံမှုအသစ်မပြုလုပ်မီ ယခုကဲ့သို့ အကြံပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမွတ်စလင် အရေးဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ရှာဟီရာအလာမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ဘီနိုက်ပရီဖွန်တေး တို့တက်ရောက်ခဲ့ကြသည်ဟု သိရှိရကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.thedailystar.net