အမေရိကန် – တရုတ်ကုန်သွယ်ရေးတင်းမာမှုဖြစ်ပေါ်နေချိန်တွင် HUAWEI ပစ္စည်းများကိုအမေရိကန်ပြည်ထောင်စု၌ပိတ်ပင်ရန် သမ္မတဒေါ်နယ်ထရန့်ကဆုံးဖြတ်ခဲ့သောကြောင့် အာရှစတော့ရှယ်ယာတန်ဖိုးများထပ်မံကျဆင်းခဲ့မှု

အမေရိကန် – တရုတ်ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုင်ငံခြားကုမ္ပဏီများ၏ သတင်းဆက်သွယ်ရေး ကွန်ရက်များနှင့် နည်းပညာသုံးပစ္စည်းများ၊ ဝန်ဆောင်မှုများအား အသုံးပြုခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးစည်းကို ကျိုးပေါက်စေနိုင်သည့်အတွက် တားမြစ်အရေးယူမှုများပြုလုပ်ရန် ၂၀၁၉ ခုနှစ်၊ မေလ(၁၅) ရက် (ဗုဒ္ဓဟူးနေ့) တွင် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်၏ အမိန့်ထွက်ရှိပြီးနောက်တွင် အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံအခြေစိုက် HUAWEI နည်းပညာကုမ္ပဏီအား အမည်ပျက်စာရင်းထည့်သွင်းခဲ့ပြီးဟွာဝေးပစ္စည်းများကိုအမေရိကန်ပြည်ထောင်စုအတွင်း၌ ရောင်းချခွင့်ပိတ်ပင်ရန်နှင့် အမေရိကန်ကုမ္ပဏီများသည်လည်း HUAWEI နှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ မပြုလုပ်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

HUAWEI ကုမ္ပဏီအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများပြုလုပ်သည့် အမိန့်ထွက်ပေါ်ပြီးနောက်တွင် အာရှဈေးကွက်အတွင်း စတော့ရှယ်ယာဈေးနှုန်းများထပ်မံကျဆင်းသွားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ (၁၆) ရက် (ကြာသပတေးနေ့) တွင် ဂျပန်စတော့ရှယ်ယာတန်ဖိုးများမှာ ၀.၆%၊ တောင်ကိုရီးယား စတော့ရှယ်ယာတန်ဖိုးများမှာ ၀.၆%၊ အခြား အာရှပစိဖိတ်နိုင်ငံများ၏ စတော့ရှယ်ယာများတန်ဖိုးမှာ ၀.၂% အသီးသီးကျဆင်းခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။