အမေရိကန်အလုပ်သမားဝန်ကြီးဌာနနှင့် ဗဟိုစာရင်းအင်းဌာနတို့၏ အစီရင်ခံစာများထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာရက်သတ္တပတ် (၂) ပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ မေလ (၁၆) ရက် (ကြာသပတေးနေ့) တွင် အမေရိကန်ပြည်ထောင်စုအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာ၌ လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း နိုင်ငံတစ်ဝန်း အလုပ်လက်မဲ့ထောက်ပံ့ကြေး တောင်းခံသူပမာဏမှာ (၂၁၂၀၀၀) ဦးခန့်သို့ ကျဆင်းခဲ့သည့်အတွက် ယခုနှစ်ပိုင်းအတွင်းအလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းခံမှု အနည်းဆုံးအနေအထားပင်ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးတောင်းခံမှုနည်းခြင်းသည်  နိုင်ငံအတွင်း၌ စီးပွားရေးကောင်းမွန်ခြင်းကြောင့် အလုပ်အကိုင်ရရှိမှုများပြားလာကြောင်းကိုပြသရာရောက်သည့်အတွက် အလုပ်သမားဝန်ကြီးဌာန၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက်တွင် ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်သွားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်အစိုးရ၏ ဗဟိုစာရင်းအင်းဌာနက ၂၀၁၉ ခုနှစ်၊ မေလ(၁၆) ရက် (ကြာသပတေးနေ့) တွင်ထုတ်ပြန်သည့်အစီရင်ခံစာ၌ နိုင်ငံတစ်ဝန်း အမေရိကန်ပြည်သူများ၏ အိမ်ရာဝယ်ယူမှုပမာဏမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း၌ ၅.၇% မြင့်တက်ခဲ့သည့် စာရင်းအချက်အလက်များ ဖော်ပြထားခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ (၁၉) ရက်(သောကြာနေ့) နံနက်ပိုင်းတွင် နိုင်ငံတကာငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၁% မြင့်တက်ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးသည် ယူရိုငွေနှင့် လဲလှယ်ရာ၌တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ (၁.၁၂၀၃) ဒေါ်လာလဲလှယ်မှုနှုန်းမှ (၁.၁၁၇၁) ဒေါ်လာလဲလှယ်မှုနှုန်းသို့လည်းကောင်း၊  စတာလင်ပေါင်နှင့်လဲလှယ်ရာ၌ စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၂၈၄၃) ဒေါ်လာလဲလှယ်မှုနှုန်းမှာ (၁.၂၇၉၁) ဒေါ်လာလဲလှယ်မှုနှုန်းသို့လည်းကောင်း၊ ဂျပန်ယန်းနှင့် လဲလှယ်ရာ၌ အမေရိကန်တစ်ဒေါ်လာလျှင် (၁၀၉.၅၅) ယန်းလဲလှယ်မှုနှုန်းမှ (၁၀၉.၈၄) ယန်းလဲလှယ်မှုနှုန်းသို့လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ အဆိုပါလဲလှယ်မှုနှုန်းများသည် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ရက်သတ္တပတ် (၂) ပတ်အတွင်း အမြင့်ဆုံးအနေအထားပင်ဖြစ်ကြောင်း www.xinhuanet.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။