အာဖရိကနိုင်ငံများ၏ ဝယ်လိုအားလျော့နည်းမှုကြောင့် အိန္ဒိယဆန်ဈေးနှုန်းမှာ (၇) လတာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ပြီးဗီယက်နမ်နှင့် ထိုင်းဆန်ဈေးနှုန်းများမှာလည်း လိုက်ပါကျဆင်းလျက်ရှိမှု

အိန္ဒိယဆန်ကို အများဆုံးဝယ်ယူနေသော အနောက်အာဖရိကနိုင်ငံများထံသို့ တရုတ်နိုင်ငံက လက်ကျန်သိုလှောင်ဆန်ဟောင်းများကိုလျှော့ဈေးဖြင့်ရောင်းချနေသည့်အတွက် အဆိုပါနိုင်ငံများ၏ အိန္ဒိယဆန်ဝယ်ယူမှု လျော့နည်းလာခြင်းနှင့်  အိန္ဒိယရူပီးငွေတန်ဖိုဆက်တိုက်ကျဆင်းနေခြင်း အစရှိသည့်ဂယက်များကြောင့် ယခုရက်သတ္တပတ်အတွင်း အိန္ဒိယ (၅) မှတ်ပေါင်းဆန် တစ်တန်၏ ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ (၉) ဒေါ်လာခန့်ကျဆင်းခဲ့ပြီး တစ်တန်လျှင် အနိမ့်ဆုံးအမေရိကန် ဒေါ်လာ (၃၆၂) ဒေါ်လာနှင့် အမြင့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၆၅) ဒေါ်လာအကြားသို့ရောက်ရှိခဲ့ကြောင်း၊ အိန္ဒိယဆန်ဈေးနှုန်းသည် ရက်သတ္တပတ် (၆) ပတ် ဆက်တိုက်ကျဆင်းခဲ့ပြီး ယခုအခါ (၇) လတာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။

အိန္ဒိယဆန်ဈေးနှုန်း ကျဆင်းနေချိန်တွင် ဗီယက်နမ်နိုင်ငံ၌လည်း နွေစပါးရိတ်သိမ်းချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပြည်တွင်းဆန်ပိုလျှံမှုများနှင့်အတူ ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ် (၅) မှတ်ဆန်ဖြူတစ်တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၁၀) ဒေါ်လာခန့် ကျဆင်းခဲ့ပြီးတစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၅၅) သို့ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဗီယက်နမ်ဆန်များကိုအများအပြားဝယ်ယူရန် စီစဉ်နေသော်လည်း ဗီယက်နမ်ဆန်လုပ်ငန်းရှင်များကမူ တရုတ်နိုင်ငံသို့ဆန်တင်ပို့ရာ၌ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သော အတားအဆီးများရှိနေသောကြောင့် အများအပြားမတင်ပို့နိုင်သေးဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန်ဈေးနှုန်းများ ကျဆင်းနေချိန်တွင် ထိုင်း (၅) မှတ်ဆန်ဖြူတစ်တန်၏ဈေးနှုန်းမှာမူ အပြောင်းအလဲမရှိဘဲ ယခင်ရက်သတ္တပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းအတိုင်း တစ်တန်လျှင် အနိမ့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၈၅) နှင့်အမြင့်ဆုံးဈေးအမေရိကန်ဒေါ်လာ(၄၀၀) အကြား၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုင်းဆန်ဈေးနှုန်းသည် လက်ရှိအချိန်၌ အိန္ဒိယဆန်နှင့် ဗီယက်နမ်ဆန်တို့ထက် ဈေးနှုန်းပိုမိုများပြားနေသောကြောင့် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချရာ၌ ထိုင်းဆန်ရောင်းအား ကျဆင်းသွားမည့်အရေးကို ထိုင်းဆန်ကုန်သည်များက စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ်အတွင်း၌ ပြည်ပသို့ ဆန်တန်ချိန် (၁၁) သန်းခန့်တင်ပို့နိုင်ခဲ့သော်လည်းယခု ၂၀၁၉ ခုနှစ်၌မူဘတ်ငွေတန်ဖိုးအလွန်အမင်းအားကောင်းနေသည့်အတွက် ဘတ်ငွေနှင့်ချိတ်ဆက်အရောင်းအဝယ်ပြုသည့် ထိုင်းဆန်ဈေးနှုန်းမြင့်မားနေမှုကြောင့် ပြည်ပသို့ဆန်တန်ချိန် (၉.၅) သန်းခန့်သာ တင်ပို့နိုင်ဖွယ်ရှိကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။