ဥရောပသမဂ္ဂရွေးကောက်ပွဲဂယက်ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာသည့်အတွက်  ကမ္ဘာ့ရွှေဈေးနှုန်းမှာရက်သတ္တပတ် (၂) ပတ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂပါလီမန်ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်၊ မေလ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲအပြီးတွင် ဥရောပသမဂ္ဂဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို ပြောင်းလဲခန့်အပ်ခြင်း၊ ယူရိုငွေနှင့်ပတ်သက်သည့် ငွေကြေးမူဝါဒများကို ဖြေလျှော့ဖွယ်ရှိခြင်းတို့ကြောင့် ငွေကြေးဈေးကွက်အတွင်း၌ ယူရိုငွေတန်ဖိုးကျဆင်းပြီး ယူရိုအစားအမေရိကန်ဒေါ်လာကို စုဆောင်းသူများပြားလာသည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ ဩဇာကြီးမားသော မီချီဂန်တက္ကသိုလ်က ၂၀၁၉ ခုနှစ်၊ မေလ (၁၇) ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးစာရင်းအချက်အလက်များ အသေးစိတ်အစီရင်ခံစာ၌ အမေရိကန်၏စီးပွားရေးအခြေအနေမှာ လက်ရှိအချိန်၌ အားကောင်းနေကြောင်း ဖော်ပြထားခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်စေသည့် အခြားအချက်အလက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ(၁၈) ရက် (စနေနေ့) တွင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၁၂% မြင့်တက်ခဲ့ပြီးရက်သတ္တပတ် (၂) ပတ်အတွင်းအမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်နေသည့်အတွက် ရွှေအစားအမေရိကန်ဒေါ်လာဈေးကွက်သို့ ပြောင်းလဲရင်းနှီးမြှုပ်နှံမှု များပြားလာသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၈၂% ကျဆင်းပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၇၅.၇၀) သို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ရက်သတ္တပတ် (၂) ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း www.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။