ရေနံထုတ်လုပ်မှုကို ဆက်လက်လျှော့ချသွားရန် အိုပက်အဖွဲ့က စီစဉ်နေခြင်းနှင့် အီရန်နိုင်ငံအား အပြီးအပြတ်ချေမှုန်းရန် အမေရိကန်သမ္မတက ခြိမ်းခြောက်ခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံ​ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့မှု

ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် အိုပက်အဖွဲ့ဝင်နိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ မေလ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျီဒတ်မြို့တွင် တွေ့ဆုံ၍ အမေရိကန် – အီရန် တင်းမာမှုပြဿနာကြောင့် ရေနံဈေးကွက်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ အစည်းအဝေးသို့ အီရန်နိုင်ငံမှအပ အခြားရေနံထုတ်လုပ်သည့်နိုင်ငံများအားလုံး တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေးတွင် အီရန်ရေနံများအပေါ် အရေးယူပိတ်ဆို့မှုကြောင့် ဈေးကွက်အတွင်း၌ ရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်သော်လည်း အိုပက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရေနံထုတ်လုပ်မှုကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်လျှော့ချထားရန် ဆန္ဒရှိသည့်အရိပ်အယောင်များ ပြသခဲ့သည့်အတွက် အဆိုပါအစည်းအဝေးအပြီးတွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်လက်မြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၂၀၁၉ ခုနှစ်၊ မေလ (၁၉) ရက် (တနင်္ဂနွေနေ့) ၌ပင် ၎င်း၏တွစ်တာစာမျက်နှာပေါ်၌ အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားကို ပျက်စီးအောင်တိုက်ခိုက်လာပါက အီရန်နိုင်ငံအား အပြီးသတ်ပျောက်ကွယ်သွားအောင် ချေမှုန်းပစ်မည်ဟု ရေးသားထားသည့်အတွက် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ပွဲများဖြစ်ပွားလာမည့်အရေးကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်ပူပန်နေခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ (၂၀) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်အတွင်း WTI  ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းများမှာ ၁.၇% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၈၁) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းဈေးနှုန်းမှာလည်း ၁.၇% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၃.၁၆) သို့ ရောက်ရှိခဲ့ကြောင်း၊ လွန်ခဲ့သည့်           ရက်သတ္တပတ်အတွင်း၌ WTI ရေနံဈေးနှုန်းမှာ ၁.၈% မြင့်တက်ခဲ့ပြီး ဘရန့်ရေနံဈေးနှုန်းမှာ ၂.၃% မြင့်တက်ခဲ့ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

မှတ်ချက်။   ။ အီရန်နိုင်ငံ၏ ပြည်ပသို့ရေနံတင်ပို့မှုပမာဏသည် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများ မစတင်မီက တစ်နေ့လျှင် စည်ပေါင်း (၂.၅) သန်းခန့်ရှိခဲ့သော်လည်း အရေးယူပိတ်ဆို့မှုများပြုလုပ်မည်ဟု အမေရိကန်ပြည်ထောင်စုကကြေညာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း၌ တစ်နေ့လျှင်စည်ပေါင်း (၁.၄) သန်းသို့လည်းကောင်း၊ အရေးယူပိတ်ဆို့မှုများ စတင်ပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ မေလလဆန်းပိုင်းမှစ၍ တစ်နေ့လျှင်စည်ပေါင်း (၅) သိန်းခန့်သို့လည်းကောင်း အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။