Google နှင့် Huawei ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းအသုံးပြုသူ သန်းပေါင်းများစွာမှာ အခက်အခဲများနှင့်ကြုံတွေ့နေရပြီး စတော့ရှယ်ယာတန်ဖိုးများမှာလည်း ဆက်လက်ကျဆင်းလျက်ရှိမှု

အမေရိကန်အစိုးရက တရုတ်နည်းပညာကုမ္ပဏီ Huawei အားအမည်ပျက်စာရင်း၌ ထည့်သွင်းခဲ့ပြီးနောက်တွင် အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ကမ္ဘာကျော်Googleသည် Huawei ဖုန်းများ၌ Googleနှင့်ဆက်စပ်နေသည့် Gmail ၊ Gmap အပါအဝင် လူသုံးများသောဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းသုံးစွဲသူသန်းပေါင်းများစွာမှာ အခက်အခဲများနှင့်စတင်ကြုံတွေ့နေရကြောင်း သိရှိရပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၌ Huawei စမတ်ဖုန်းရောင်းချရမှု အရေအတွက်သည် ၂၀၁၇ခုနှစ်၌ (၁၅၀) သန်းခန့်ရှိခဲ့ရာမှ ၂၀၁၈ခုနှစ်၌မူ (၂၀၃) သန်းခန့်သို့မြင့်တက်ခဲ့ပြီး အမေရိကန်အစိုးရ၏ အရေးယူမှုများမတိုင်မီကာလ၂၀၁၉ခုနှစ်၊ ပထမ(၃)လတာကာလ၌ Huawei စမတ်ဖုန်းရောင်းချရမှုအရေအတွက်မှာ (၅၉) သန်းခန့်ရှိသောကြောင့် Huawei သည်အမေရိကန်ကုမ္ပဏီ Apple ကိုကျော်ဖြတ်၍ ကမ္ဘာပေါ်၌စမတ်ဖုန်း ဒုတိယအများဆုံးရောင်းချရသည့်ကုမ္ပဏီအဖြစ် ရပ်တည်နေကြောင်း၊ ကမ္ဘာပေါ်၌ စမတ်ဖုန်းအများဆုံးရောင်းချရသည့် ကုမ္ပဏီမှာ Samsung ကုမ္ပဏီဖြစ်ကြောင်းသိရှိရပါသည်။

ယခုအခါ Google နှင့် Huawei ထိပ်တိုက်ကြုံတွေ့နေမှုကြောင့်သန်းပေါင်းများစွာသော Huawei စမတ်ဖုန်းသုံးစွဲသူများမှာအခက်အခဲများကြုံတွေ့နေရကြောင်း၊ Huawei သည် iPhone အတွက် Apple ကုမ္ပဏီမှသီးခြား Operating System ထူထောင်ထားသည့်ပုံစံကို အတုယူကာကိုယ်ပိုင် Operating System ကိုထူထောင်မည်ဟု ကြေညာထားသော်လည်း အချိန်အနည်းငယ်လိုအပ်နေသေးကြောင်း၊ အလားတူကမ္ဘာတစ်ဝန်း၌ သန်းပေါင်းရာနှင့်ချီသည့် Huawei သုံးစွဲသူများသည် Google နှင့်ဆက်စပ်နေသည့် ဝန်ဆောင်မှုများကို သုံးစွဲနိုင်ကြခြင်းမရှိသောကြောင့် Google ၏ဝန်ဆောင်မှုများမှတစ်ဆင့် သတင်းအချက်အလက်များ ရယူနေသော အမေရိကန်ကုမ္ပဏီများနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများ ဖန်တီးပေးနေသည့် Google ကိုယ်တိုင်သည်လည်းဆုံးရှုံးမှုများနှင့်စတင်ကြုံတွေ့နေရကြောင်း၊ ထို့ပြင်Huawei ၏ ဖြစ်စဉ်ကိုနမူနာယူ၍ အခြားသောတရုတ်ကုမ္ပဏီများဖြစ်သည့် Xiaomi၊ Oppoနှင့် One Plus တို့သည် Google ကိုစွန့်ခွာ၍ ၎င်းတို့ကုမ္ပဏီတစ်ခုချင်းအလိုက် သီးခြား Operating System များထူထောင်ရန် သို့မဟုတ် Huawei နှင့်ပေါင်းစပ်၍ တရုတ်ကုမ္ပဏီများအတွက် သီးခြား Operating System ထူထောင်ရန်ကိစ္စများကို စတင်စဉ်းစားလာကြပြီဖြစ်ကြောင်း၊ Huawei ထူထောင်သူရှန်ဇန်ဖိုင်က အမေရိကန်ပြည်ထောင်စုသည် Huawei ကုမ္ပဏီ၏အင်အားကို လျှော့တွက်ခဲ့သည်ဟု ၂၀၁၉ခုနှစ်၊မေလ(၂၁) ရက်(အင်္ဂါနေ့) တွင်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Huawei ကုမ္ပဏီသို့ လိုအပ်သည့် နည်းပညာသုံးပစ္စည်းအစိတ်အပိုင်းများ ရောင်းချနေသည့် အမေရိကန်ကုမ္ပဏီများမှာလည်းအရေးယူမှုဂယက်ကြောင့် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနစ်နာလျက်ရှိကြောင်း၊ Huawei သို့အမေရိကန်ကုမ္ပဏီများမှထုတ်လုပ်ထားသော နည်းပညာသုံးပစ္စည်း အစိတ်အပိုင်းငယ်များ ရောင်းချရမှုပမာဏသည် ၂၀၁၈ခုနှစ်အတွင်း၌ အမေရိကန်ဒေါ်လာ(၁၁) ဘီလီယံအထိရှိခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်အစိုးရသည် ၂၀၁၉ခုနှစ်၊ မေလ (၂၀) ရက် (တနင်္လာနေ့) ၌အမိန့်ကြေညာချက်ချက်ချင်းထုတ်ပြန်၍ Huawei ထံသို့ နည်းပညာသုံးပစ္စည်များ တင်သွင်းနေသည့် အမေရိကန်ကုမ္ပဏီများအနေဖြင့် ၂၀၁၉ခုနှစ်၊ဩဂုတ်လ (၁၉) ရက်နေ့အထိရက်ပေါင်း (၉၀) ခန့်နည်းပညာသုံးပစ္စည်းများ ရောင်းချနိုင်သည့် ယာယီခွင့်ပြုမိန့်ကို ထုတ်ပြန်ပေးခဲ့ကြောင်း သိရှိရပါသည်။

Huawei ပြဿနာကိုအကြောင်းပြု၍ ကမ္ဘာတစ်ဝန်း၌ စတော့ရှယ်ယာဈေးနှုန်းများမှာ ဆက်တိုက်ကျဆင်းလျက်ရှိရာ ဂျပန်၊ တောင်ကိုရီးယားအပါအဝင် အာရှ-ပစိဖိတ်ဒေသ၌ စတော့ရှယ်ယာတန်ဖိုးများမှာ ၀.၆%  အထိကျဆင်းခဲ့ပြီး (၄) လတာကာလအတွင်း အနိမ့်ဆုံးအနေအထားများသို့ ရောက်ရှိခဲ့ကြောင်း၊ အာရှစတော့ရှယ်ယာများနည်းတူ အမေရိကန်ပြည်ထောင်စု၌လည်း စတော့ရှယ်ယာတန်ဖိုးကျဆင်းမှုများကို ကြုံတွေ့နေရကြောင်း၊ အမေရိကန်အခြေစိုက် စတော့ရှယ်ယာများ၏တန်ဖိုးမှာ ၀.၆၇%  မှ၁.၄၆%  အထိကျဆင်းခဲ့ကြောင်း၊အထူးသဖြင့် IT နည်းပညာသုံးပစ္စည်းများနှင့်ပတ်သက်သည့် စတော့ရှယ်ယာများတန်ဖိုးမှာ ၄% အထိကျဆင်းပြီး (၂) လအတွင်းအနိမ့်ဆုံးအနေအထားသို့ရောက်ရှိနေကြောင်း၊ Apple ကုမ္ပဏီ၏ စတော့ရှယ်ယာများတန်ဖိုးမှာ ၃.၁% အထိကျဆင်းခဲ့ကြောင်း၊ Apple ကုမ္ပဏီမှထုတ်လုပ်သော iPhone ဈေးကွက်၏ ၁၇%  မှာတရုတ်နိုင်ငံမှဖြစ်သောကြောင့် တရုတ်အစိုးရက လက်တုံ့ပြန်အနေဖြင့် iPhone များကိုတရုတ်နိုင်ငံအတွင်း ရောင်းချခွင့်ပိတ်ပင်မည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် Apple စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းသွားခြင်းဖြစ်သည်ဟု www.nationmultimedia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။