အမေရိကန် – တရုတ်ကုန်သွယ်ရေးတင်းမာမှုဖြစ်ပေါ်နေချိန်တွင် HUAWEI ပစ္စည်းများကိုအမေရိကန်ပြည်ထောင်စု၌ပိတ်ပင်ရန် သမ္မတဒေါ်နယ်ထရန့်ကဆုံးဖြတ်ခဲ့သောကြောင့် အာရှစတော့ရှယ်ယာတန်ဖိုးများထပ်မံကျဆင်းခဲ့မှု

အမေရိကန် – တရုတ်ကုန်သွယ်ရေးတင်းမာမှုဖြစ်ပေါ်နေချိန်တွင် HUAWEI ပစ္စည်းများကိုအမေရိကန်ပြည်ထောင်စု၌ပိတ်ပင်ရန် သမ္မတဒေါ်နယ်ထရန့်ကဆုံးဖြတ်ခဲ့သောကြောင့် အာရှစတော့ရှယ်ယာတန်ဖိုးများထပ်မံကျဆင်းခဲ့မှု

အမေရိကန် – တရုတ်ကုန်သွယ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုင်ငံခြားကုမ္ပဏီများ၏ သတင်းဆက်သွယ်ရေး ကွန်ရက်များနှင့် နည်းပညာသုံးပစ္စည်းများ၊ ဝန်ဆောင်မှုများအား အသုံးပြုခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးစည်းကို ကျိုးပေါက်စေနိုင်သည့်အတွက် တားမြစ်အရေးယူမှုများပြုလုပ်ရန် ၂၀၁၉ ခုနှစ်၊ မေလ(၁၅) ရက် (ဗုဒ္ဓဟူးနေ့) တွင် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်၏ အမိန့်ထွက်ရှိပြီးနောက်တွင် အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံအခြေစိုက် HUAWEI နည်းပညာကုမ္ပဏီအား အမည်ပျက်စာရင်းထည့်သွင်းခဲ့ပြီးဟွာဝေးပစ္စည်းများကိုအမေရိကန်ပြည်ထောင်စုအတွင်း၌ ရောင်းချခွင့်ပိတ်ပင်ရန်နှင့် အမေရိကန်ကုမ္ပဏီများသည်လည်း HUAWEI နှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ မပြုလုပ်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

HUAWEI ကုမ္ပဏီအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများပြုလုပ်သည့် အမိန့်ထွက်ပေါ်ပြီးနောက်တွင် အာရှဈေးကွက်အတွင်း စတော့ရှယ်ယာဈေးနှုန်းများထပ်မံကျဆင်းသွားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ (၁၆) ရက် (ကြာသပတေးနေ့) တွင် ဂျပန်စတော့ရှယ်ယာတန်ဖိုးများမှာ ၀.၆%၊ တောင်ကိုရီးယား စတော့ရှယ်ယာတန်ဖိုးများမှာ ၀.၆%၊ အခြား အာရှပစိဖိတ်နိုင်ငံများ၏ စတော့ရှယ်ယာများတန်ဖိုးမှာ ၀.၂% အသီးသီးကျဆင်းခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အီရန်နိုင်ငံ၏ခြိမ်းခြောက်မှုကြောင့် အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအားပြန်လည် ရုတ်သိမ်းခဲ့ရပြီးနောက်အမေရိကန်- အီရန်တင်းမာမှုပိုမိုဆိုးရွားလာပြီးရေနံဈေးနှုန်းများမြင့်တက်လာခဲ့မှု

အီရန်နိုင်ငံ၏ခြိမ်းခြောက်မှုကြောင့် အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအားပြန်လည် ရုတ်သိမ်းခဲ့ရပြီးနောက် အမေရိကန်အီရန်တင်းမာမှု ပိုမိုဆိုးရွားလာပြီး ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့မှု

အီရန်ရေနံများအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းနှင့်  အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကမ်းလွန်ပင်လယ်ပြင်တွင် ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရခြင်း အစရှိသည့်ဖြစ်စဉ်များကြောင့် အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိကြောင်း၊ အီရန်ကာကွယ်ရေးဝန်ကြီးဗိုလ်မှူးချုပ် အာမဲလ်ဟာတာမီသည် နိုင်ငံတစ်ဝန်းလုံးရှိ အီရန်တပ်ဖွဲ့များအား အဆင့်မြင့်ဆုံးစစ်ရေးပြင်ဆင်မှု ပြုလုပ်ထားရန် ၂၀၁၉ ခုနှစ်၊ မေလ (၁၅) ရက် (ဗုဒ္ဓဟူးနေ့) တွင် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အီရန်နိုင်ငံအနေဖြင့် ပြည်ပအန္တရာယ်များကို တန်ပြန်တိုက်ခိုက်ရန် အသင့်ရှိနေသည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အီရန်နိုင်ငံ၏ စစ်ရေးပြင်ဆင်မှု သတင်းထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ပြည်ထောင်စုသည် အီရန်၏အိမ်နီးချင်း အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့ရှိ အမေရိကန်သံရုံးမှဝန်ထမ်းများအား မေလ (၁၅) ရက် (ဗုဒ္ဓဟူးနေ့) မှစတင်၍ ရဟတ်ယာဉ်များဖြင့် အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့ရာ အမေရိကန် – အီရန်ပြဿနာမှတစ်ဆင့် ရေနံအများဆုံးထုတ်လုပ်နေသော အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အိုပက်အဖွဲ့က မေလ (၁၄) ရက် (အင်္ဂါနေ့) တွင် ထုတ်ပြန်သည့်ကြေညာချက်၌ အိုပက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီရန်နှင့်ဗင်နီဇွဲလားတို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့်အတွက် အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုမှာ ထပ်မံကျဆင်းသွားသောကြောင့် ဈေးကွက်အတွင်းဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ဖွယ်မရှိဟု ဖော်ပြထားခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မေလ(၁၆) ရက်(ကြာသပတေးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌  WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၄%မြင့်တက်ပြီး တစ်စည်လှှျင် အမေရိကန်ဒေါ်လာ (၆၂.၂၇) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၄% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၂.၀၄) သို့ရောက်ရှိခဲ့ကြောင်း www.channelnewasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ထိုင်းအထက်လွှတ်တော်အမတ် (၂၅၀)ဦးတွင် အမတ်(၁၀၀)ကျော်ခန့်မှာတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အရာရှိကြီးများဖြစ်ကြောင်း ဖော်ပြပါရှိမှု

ထိုင်းအထက်လွှတ်တော်အမတ် (၂၅၀) ဦးတွင် အမတ် (၁၀၀) ကျော်ခန့်မှာ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အရာရှိကြီးများ ဖြစ်ကြောင်း ဖော်ပြပါရှိမှု

ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်သည် တပ်မတော်အစိုးရက ဖွဲ့စည်းထားသောအထက် လွှတ်တော်အမတ်စိစစ်ရွေးချယ်ရေး ကော်မတီကတင်ပြလာသော ထိုင်းနိုင်ငံအထက်လွှတ်တော် အမတ်များ အမည်စာရင်းကို ၂၀၁၉ ခုနှစ်၊ မေလ (၁၁) ရက်(စနေနေ့) တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးမေလ (၁၄)ရက် (အင်္ဂါနေ့) တွင် အမိန့်ပြန်တမ်းဖြင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာပေးခဲ့ရာအဆိုပါစာရင်းတွင် အမတ်နေရာ (၂၅၀) ဦးအနက် (၁၀၅) နေရာမှာတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ  အရာရှိကြီးများဖြစ်ကြောင်း သိရှိရပါသည်။

အထက်လွှတ်တော်အမတ်များတွင် လက်ရှိတပ်မတော်အစိုးရဝန်ကြီးချုပ်၏ ညီဗိုလ်ချုပ်ကြီးဟောင်းပရီချာချန်အိုချာ၊ အထက်လွှတ်တော်အမတ်စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ်၏ညီ ဗိုလ်ချုပ်ကြီး ဆီရီဝပ်ဝေါင်ဆူဝမ်နှင့် အခြားဒုတိယဝန်ကြီးချုပ် (၂) ဦးတို့၏ ညီအစ်ကိုအရင်းအချာ (၂) ဦး၊ လက်ရှိဝန်ကြီးချုပ်ပရာယုချန်အိုချာနှင့် စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သော တပ်မတော်ထိပ်တန်းအရာရှိကြီး (၁၈) ဦး၊ ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ် နှင့် စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သော တပ်မတော်ထိပ်တန်းအရာရှိကြီး (၄)ဦး၊ လက်ရှိတပ်မတော်အစိုးရအဖွဲ့ဝင်ဝန်ကြီး (၁၅) ဦး၊ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကြည်းတပ် ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နှင့် ရဲချုပ်တို့ပါဝင်ကြောင်း၊ ထို့ပြင်ဝန်ကြီးချုပ် ပရာယုချန်အိုချာကို ထောက်ခံသော ပါလန်ပရာချာရတ်ပါတီ (PPRP) ၏ ဗဟိုကော်မတီဝင်တစ်ဦး၏ညီဖြစ်သူနှင့် PPRP အမတ်တစ်ဦး၏ အစ်မဖြစ်သူတို့မှာလည်းအထက်လွှတ်တော်အမတ်များအဖြစ် ရွေးချယ်ခံခဲ့ရကြောင်းသိရှိရပါသည်။

သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ထားသော Future Forward Party တာဝန်ရှိသူများက ပြောကြားရာ၌ အထက်လွှတ်တော်အမတ်များအနက် သုံးပုံတစ်ပုံကျော်ခန့်မှာ တပ်မတော်သို့မဟုတ် ရဲတပ်ဖွဲ့မှ လက်ရှိတာဝန်ထမ်းဆောင်နေသူအရာရှိကြီးများနှင့် အငြိမ်းစားအရာရှိကြီးများ ဖြစ်သောကြောင့် အထက်လွှတ်တော်သည် တပ်မတော်အစိုးရ၏အာဏာကို ဆက်လက်တည်တံ့စေရန် လုပ်ဆောင်ပေးလိမ့်မည်ဟု ဝေဖန်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ယခင်ကပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ ဝန်ကြီးချုပ်ကို အောက်လွှတ်တော်ကသာ ရွေးချယ်ခွင့်ရှိပြီးအထက်လွှတ်တော်သည် ဝန်ကြီးချုပ်ကိုရွေးချယ်ခွင့်မရှိကြောင်း၊ သို့သော်တပ်မတော်အစိုးရက အာဏာသိမ်းယူပြီးနောက် ၂၀၁၆ ခုနှစ်တွင် ရေးဆွဲခဲ့သည့်အခြေခံဥပဒေသစ်၌ ဝန်ကြီးချုပ်ရွေးချယ်ခွင့်ကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးကပူးပေါင်း၍ ဆန္ဒမဲပေးကာရွေးချယ်ရမည်ဟု ပြဌာန်းချက်ပါရှိရာ ယင်းဖြစ်စဉ်သည် ထိုင်းနိုင်ငံ၏ သမိုင်း၌ ပထမဆုံးထူးခြားဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ အထက်လွှတ်တော်အမတ်များ၏ သက်တမ်းမှာ (၅) နှစ် သက်တမ်းဖြစ်ပြီး အထက်လွှတ်တော်အမတ်နေရာများအနက် (၆) နေရာကိုကြည်း/ရေ/လေဦးစီးချုပ်များ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်နှင့် ရဲချုပ်တို့ကမလွဲမသွေရယူရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၌ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်များအဖြစ် ရွေးချယ်ခံထားရသူများသည်  ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ပါလီမန်အဆောက်အဦသို့ လာရောက်သတင်းပို့ရမည်ဖြစ်ကြောင်း၊  ယင်းနေ့သည် တပ်မတော်အစိုးရမှ အာဏာသိမ်းယူခဲ့သည့် (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်သည် မေလ (၂၄) ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည်ဖြစ်ပြီး မေလ (၂၅) ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများကို ရွေးချယ်ကြမည်ဖြစ်ကြောင်း၊ ထို့နောက် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအမည်စာရင်းများကို ထိုင်းဘုရင်ထံသို့ တင်သွင်းသွားမည်ဖြစ်ပြီးဘုရင့်ထံမှ အတည်ပြုချက်ရရှိသည်နှင့်တပြိုင်နက် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်စုစည်းကာ ဝန်ကြီးချုပ်ရွေးချယ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ရွေးချယ်ခြင်းကို ယခုမေလအတွင်း ပြီးပြတ်အောင် လုပ်ဆောင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်အသစ်သည် ရွေးချယ်တင်မြှောက်ပြီးသည်နှင့်တပြိုင်နက် အစိုးရအဖွဲ့ ဖွဲ့နိုင်အောင် အမြန်ဆုံးလုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ အထက်လွှတ်တော်တွင် အမတ် (၂၅၀) နှင့်အောက်လွှတ်တော်တွင် အမတ်နေရာ (၅၀၀) တို့အသီးသီးပါဝင်ရာအထက်လွှတ်တော်အမတ် (၂၅၀) သည်တပ်မတော်အစိုးရက တိုက်ရိုက်ရွေးချယ်ခန့်အပ်သော နေရာများဖြစ်ပြီး အောက်လွှတ်တော်အမတ် (၅၀၀) သည် ပြည်သူလူထု၏ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသူများဖြစ်ကြောင်း၊ လွှတ်တော်(၂) ရပ်ပေါင်းအမတ်နေရာ (၇၅၀) အနက် (၃၇၆) ဦး၏ ထောက်ခံမှုကိုရရှိသောသူသည် ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကြောင်း www.bangkokpost.com အင်တာနက် website ဖော်ပြပါရှိပါသည်။

အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုဂယက်ကြောင့် Bitcoinတစ်ယူနစ်တန်ဖိုးမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ပိုင်းအမြင့်ဆုံးဖြစ်သည့်အမေရိကန်ဒေါ်လာ (၈၀၀၀) ကျော်စေျးနှုန်းသို့ ရောက်ရှိခဲ့မှု

အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုဂယက်ကြောင့် Bitcoinတစ်ယူနစ်တန်ဖိုးမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လနောက်ပိုင်းအမြင့်ဆုံးဖြစ်သည့်အမေရိကန်ဒေါ်လာ (၈၀၀၀) ကျော်စေျးနှုန်းသို့ ရောက်ရှိခဲ့မှု

အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမားမှုဂယက်ကြောင့် ကမ္ဘာတစ်ဝန်းရှိရင်းနှီးမြှပ်နှံသူများသည် စတော့ရှယ်ယာစေျးကွက်နှင့် ငွေကြေးစေျးကွက်များတွင် ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် စိုးရိမ်လျက်ရှိပြီး Bitcoin ကို ပြောင်းလဲရင်းနှီးမြှပ်နှံမှုများ ပြုလုပ်လာကြသည့်အတွက် Bitcoin တစ်ယူနစ်၏တန်ဖိုးမှာ လက်ရှိအချိန်၌ အမေရိကန်ဒေါ်လာ (၈၀၀၀) ကျော်သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

Bitcoinစေျးနှုန်းသည် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ (၂၀၀) ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ် အခွန် ၂၅% စတင်မကောက်ခံမီ ၂၀၁၉ ခုနှစ်၊ မေလ (၉) ရက်နေ့၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၅၆၀၀) ဝန်းကျင်၌ရှိခဲ့သော်လည်း သွင်းကုန်ခွန်စတင်ကောက်ခံသည့် ၂၀၁၉ ခုနှစ်၊ မေလ (၁၀) ရက် (သောကြာနေ့) ၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၆၂၉၀.၂၄) သို့လည်းကောင်း၊ မေလ (၁၂) ရက် တနင်္ဂနွေနေ့၌ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၇၄၄၅) သို့လည်းကောင်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံကအမေရိကန်ဒေါ်လာ (၆၀) ဘီလီယံခန့်တန်ဖိုးရှိ အမေရိကန်ကုန်စည်များအပေါ် သွင်းကုန်ခွန် ၅% မှ ၂၅% အထိကောက်ခံမည်ဖြစ်ကြောင်း ကြေညာသည့် မေလ (၁၂) ရက် (တနင်္လာနေ့) မှစ၍ လက်ရှိအချိန်ထိကာလအတွင်း Bitcoin စေျးနှုန်းသည် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၈၁၃၁) ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိရာ လက်ရှိစေျးနှုန်းသည် (၁၀) လတာကာလအတွင်းအမြင့်ဆုံးစေျးနှုန်းဖြစ်ကြောင်း၊ Bitcoinစေျးနှုန်းသည် မေလ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့ထိ (၄) ရက်တာကာလအတွင်း ၃၀% မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်ဆန်းမှ လက်ရှိအချိန်ထိကာလအတွင်း နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း www.channelnewasia.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။