ထိုင်းအထက်လွှတ်တော်အမတ် (၂၅၀) ဦးတွင် အမတ် (၁၀၀) ကျော်ခန့်မှာ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ အရာရှိကြီးများ ဖြစ်ကြောင်း ဖော်ပြပါရှိမှု

ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်သည် တပ်မတော်အစိုးရက ဖွဲ့စည်းထားသောအထက် လွှတ်တော်အမတ်စိစစ်ရွေးချယ်ရေး ကော်မတီကတင်ပြလာသော ထိုင်းနိုင်ငံအထက်လွှတ်တော် အမတ်များ အမည်စာရင်းကို ၂၀၁၉ ခုနှစ်၊ မေလ (၁၁) ရက်(စနေနေ့) တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးမေလ (၁၄)ရက် (အင်္ဂါနေ့) တွင် အမိန့်ပြန်တမ်းဖြင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာပေးခဲ့ရာအဆိုပါစာရင်းတွင် အမတ်နေရာ (၂၅၀) ဦးအနက် (၁၀၅) နေရာမှာတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှ  အရာရှိကြီးများဖြစ်ကြောင်း သိရှိရပါသည်။

အထက်လွှတ်တော်အမတ်များတွင် လက်ရှိတပ်မတော်အစိုးရဝန်ကြီးချုပ်၏ ညီဗိုလ်ချုပ်ကြီးဟောင်းပရီချာချန်အိုချာ၊ အထက်လွှတ်တော်အမတ်စိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ်၏ညီ ဗိုလ်ချုပ်ကြီး ဆီရီဝပ်ဝေါင်ဆူဝမ်နှင့် အခြားဒုတိယဝန်ကြီးချုပ် (၂) ဦးတို့၏ ညီအစ်ကိုအရင်းအချာ (၂) ဦး၊ လက်ရှိဝန်ကြီးချုပ်ပရာယုချန်အိုချာနှင့် စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သော တပ်မတော်ထိပ်တန်းအရာရှိကြီး (၁၈) ဦး၊ ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ် နှင့် စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်းတက်ရောက်ခဲ့သော တပ်မတော်ထိပ်တန်းအရာရှိကြီး (၄)ဦး၊ လက်ရှိတပ်မတော်အစိုးရအဖွဲ့ဝင်ဝန်ကြီး (၁၅) ဦး၊ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကြည်းတပ် ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်နှင့် ရဲချုပ်တို့ပါဝင်ကြောင်း၊ ထို့ပြင်ဝန်ကြီးချုပ် ပရာယုချန်အိုချာကို ထောက်ခံသော ပါလန်ပရာချာရတ်ပါတီ (PPRP) ၏ ဗဟိုကော်မတီဝင်တစ်ဦး၏ညီဖြစ်သူနှင့် PPRP အမတ်တစ်ဦး၏ အစ်မဖြစ်သူတို့မှာလည်းအထက်လွှတ်တော်အမတ်များအဖြစ် ရွေးချယ်ခံခဲ့ရကြောင်းသိရှိရပါသည်။

သက်ဆင်အားထောက်ခံသည့် ပွေထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ထားသော Future Forward Party တာဝန်ရှိသူများက ပြောကြားရာ၌ အထက်လွှတ်တော်အမတ်များအနက် သုံးပုံတစ်ပုံကျော်ခန့်မှာ တပ်မတော်သို့မဟုတ် ရဲတပ်ဖွဲ့မှ လက်ရှိတာဝန်ထမ်းဆောင်နေသူအရာရှိကြီးများနှင့် အငြိမ်းစားအရာရှိကြီးများ ဖြစ်သောကြောင့် အထက်လွှတ်တော်သည် တပ်မတော်အစိုးရ၏အာဏာကို ဆက်လက်တည်တံ့စေရန် လုပ်ဆောင်ပေးလိမ့်မည်ဟု ဝေဖန်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ယခင်ကပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများ၌ ဝန်ကြီးချုပ်ကို အောက်လွှတ်တော်ကသာ ရွေးချယ်ခွင့်ရှိပြီးအထက်လွှတ်တော်သည် ဝန်ကြီးချုပ်ကိုရွေးချယ်ခွင့်မရှိကြောင်း၊ သို့သော်တပ်မတော်အစိုးရက အာဏာသိမ်းယူပြီးနောက် ၂၀၁၆ ခုနှစ်တွင် ရေးဆွဲခဲ့သည့်အခြေခံဥပဒေသစ်၌ ဝန်ကြီးချုပ်ရွေးချယ်ခွင့်ကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးကပူးပေါင်း၍ ဆန္ဒမဲပေးကာရွေးချယ်ရမည်ဟု ပြဌာန်းချက်ပါရှိရာ ယင်းဖြစ်စဉ်သည် ထိုင်းနိုင်ငံ၏ သမိုင်း၌ ပထမဆုံးထူးခြားဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ အထက်လွှတ်တော်အမတ်များ၏ သက်တမ်းမှာ (၅) နှစ် သက်တမ်းဖြစ်ပြီး အထက်လွှတ်တော်အမတ်နေရာများအနက် (၆) နေရာကိုကြည်း/ရေ/လေဦးစီးချုပ်များ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်နှင့် ရဲချုပ်တို့ကမလွဲမသွေရယူရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၌ အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်များအဖြစ် ရွေးချယ်ခံထားရသူများသည်  ၂၀၁၉ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ပါလီမန်အဆောက်အဦသို့ လာရောက်သတင်းပို့ရမည်ဖြစ်ကြောင်း၊  ယင်းနေ့သည် တပ်မတော်အစိုးရမှ အာဏာသိမ်းယူခဲ့သည့် (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်သည် မေလ (၂၄) ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်မည်ဖြစ်ပြီး မေလ (၂၅) ရက်နေ့တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများကို ရွေးချယ်ကြမည်ဖြစ်ကြောင်း၊ ထို့နောက် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအမည်စာရင်းများကို ထိုင်းဘုရင်ထံသို့ တင်သွင်းသွားမည်ဖြစ်ပြီးဘုရင့်ထံမှ အတည်ပြုချက်ရရှိသည်နှင့်တပြိုင်နက် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်စုစည်းကာ ဝန်ကြီးချုပ်ရွေးချယ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ရွေးချယ်ခြင်းကို ယခုမေလအတွင်း ပြီးပြတ်အောင် လုပ်ဆောင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်အသစ်သည် ရွေးချယ်တင်မြှောက်ပြီးသည်နှင့်တပြိုင်နက် အစိုးရအဖွဲ့ ဖွဲ့နိုင်အောင် အမြန်ဆုံးလုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ အထက်လွှတ်တော်တွင် အမတ် (၂၅၀) နှင့်အောက်လွှတ်တော်တွင် အမတ်နေရာ (၅၀၀) တို့အသီးသီးပါဝင်ရာအထက်လွှတ်တော်အမတ် (၂၅၀) သည်တပ်မတော်အစိုးရက တိုက်ရိုက်ရွေးချယ်ခန့်အပ်သော နေရာများဖြစ်ပြီး အောက်လွှတ်တော်အမတ် (၅၀၀) သည် ပြည်သူလူထု၏ဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ထားသူများဖြစ်ကြောင်း၊ လွှတ်တော်(၂) ရပ်ပေါင်းအမတ်နေရာ (၇၅၀) အနက် (၃၇၆) ဦး၏ ထောက်ခံမှုကိုရရှိသောသူသည် ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်ကြောင်း www.bangkokpost.com အင်တာနက် website ဖော်ပြပါရှိပါသည်။