နိုင်ငံတကာအစိုးရများ၏ ကန့်ကွက်မှုများရှိနေသော်လည်း Libra ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေသွားမည်ဟု Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်က အတည်ပြုပြောကြားခဲ့

နိုင်ငံတကာအစိုးရများ၏ ကန့်ကွက်မှုများရှိနေသော်လည်း Libra ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေသွားမည်ဟု Facebook တည်ထောင်သူမာ့ခ်ဇူကာဘတ်က အတည်ပြုပြောကြားခဲ့

နိုင်ငံတကာအစိုးရများ၏ ကန့်ကွက်မှုများရှိနေသော်လည်း Libra ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေသွားမည်ဟု Facebook တည်ထောင်သူမာ့ခ်ဇူကာဘတ်က ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၄) ရက် (ဗုဒ္ဓဟူးနေ့) တွင် အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပခဲ့သည့် စက်မှုထိပ်သီး (၇) နိုင်ငံမှ ဝန်ကြီးများအစည်းအဝေးတွင် အစည်းအဝေးတက်ရောက်ခဲ့သည့် ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများက Libra ငွေကြေးအစီအစဉ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီးယင်းငွေကြေးကြောင့် လက်ရှိကျင့်သုံးနေသော နိုင်ငံတကာ ငွေကြေးစနစ်တစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံမှ ငွေကြေးအာဏာပိုင်အဖွဲ့တစ်ခုဖြစ်သည့် ဆွစ်ဇာလန်ငွေကြေးစေျးကွက် ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့(FINMA) သည် Libra ငွေကြေးအပေါ် စောင့်ကြည့်ထိန်းချုပ်မှုများပြုလုပ်သွားရန် စီစဉ်နေကြောင်းသိရှိရပါသည်။ Libra ငွေကြေးအပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်တုံ့ပြန်ပြောကြားရာ၌ Facebook သည် လွန်ခဲ့သည့်နှစ်အနည်းခန့်မှစ၍ ကိုယ်ပိုင်အမှတ်အသားသင်္ကေတရှိသည့် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ရန် စိတ်ကူးခဲ့ကြောင်း၊ Libra ငွေကြေးသည် Facebook ကထုတ်လုပ်သည့်အရာဝတ္ထုတစ်ခုဖြစ်ပြီး အသေးစိတ်အချက်အလက်များကို လူသိရှင်ကြားထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ Libra နှင့်ပတ်သက်၍ ဆွေးနွေးမှု၊ မေးမြန်းမှုများ ပြုလုပ်ရန်အတွက် အမြဲဖိတ်ခေါ်ထားပါကြောင်း၊  Facebook သည် Libraငေွကြေးကိုဖန်တီးရာ၌ လုံခြုံမှု၊ တည်ငြိမ်မှုနှင့်ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး လုပ်ငန်းအောင်မြင်စေရေးအတွက် ညိှနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          Facebookသည် Libra ဒီဂျစ်တယ်ငွေကြေးကို  ၂၀၂၀ ပြည့်နှစ် ပထမ (၆) လတာကာလအတွင်း၌ စတင်ထုတ်လုပ်မည်ဖြစ်ပြီး Libra ငွေကြေးနှင့်ဆက်စပ်သည့် ငွေကြေးလဲလှယ်မှုစနစ်ကို တည်ထောင်ရာတွင် လူသုံးများသည့် Bitcoinအပါအဝင် အခြားဒီဂျစ်တယ်ငွေကြေးများကို ထည့်သွင်းချိတ်ဆက်မည်မဟုတ်ဟု ကြေညာထားကြောင်း www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မိုးခေါင်ရေရှားပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏အထက်ပိုင်းတွင်ရှိသော တရုတ်၊ မြန်မာနှင့်လာအိုနိုင်ငံများရှိ ဆည်များကို ဖွင့်ချပေးရန် ထိုင်းဝန်ကြီးချုပ်က အကူအညီတောင်းခံခဲ့

မိုးခေါင်ရေရှားပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏အထက်ပိုင်းတွင်ရှိသော တရုတ်၊မြန်မာနှင့်လာအိုနိုင်ငံများရှိဆည်များကိုဖွင့်ချပေးရန် ထိုင်းဝန်ကြီးချုပ်ကအကူအညီတောင်းခံခဲ့

ထိုင်းနိုင်ငံသည်ယခုအခါ နှစ်ပေါင်း (၅၀) ကာလအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားပြဿနာကို ကြုံတွေ့လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများရှိပြည်နယ် (၂၀) ခုတွင် ရေပြတ်လတ်ပြီး မိုးရွာသွန်းနိုင်သည့် အနေအထားလည်းမရှိသေးကြောင်း၊ မိုးရွာသွန်းမှုမရှိသေးသည့်အတွက် နိုင်ငံအတွင်းရှိဆည်များအနက် အဓိကဆည်ကြီး (၁၇) ခုမှာ ရေများခန်းခြောက်လုနီးပါးဖြစ်နေကြောင်း၊ ထို့ကြောင့် ထိုင်းအစိုးရသည် အိမ်နီးချင်းနိုင်ငံများဖြစ်သောမြန်မာ၊ တရုတ်နှင့် လာအိုနိုင်ငံများအား ၎င်းတို့နိုင်ငံအတွင်းမှ ထိုင်းနိုင်ငံဘက်သို့ စီးဆင်းနေသော မြစ်ချောင်းများ၏အထက်ပိုင်း၌ တာတမံများ၊ ဆည်များပြုလုပ်၍ သိုလှောင်ထားသောရေများကိုဖွင့်ချပေးပါရန် မေတ္တာရပ်ခံခဲ့ကြောင်းသိရှိရပါသည်။

          ထိုင်းဝန်ကြီးချုပ်ပရာယုချန်အိုချာက၂၀၁၉ခုနှစ်၊ဇူလိုင်လ (၂၅) ရက် (ကြာသပတေးနေ့) တွင် ပြောကြားရာ၌ ထိုင်းနိုင်ငံစိုက်ပျိုးမြေဧရိယာစုစုပေါင်းပမာဏ၏ ၄၀% မှာရေသွင်းစိုက်ပျိုးသည့် မြေနေရာများဖြစ်ကြောင်း၊ ယခုအခါ စိုက်ပျိုးရေးပြတ်လပ်မှုများ ကြုံတွေ့နေရသည့်အတွက် လယ်သမားများမှာအခက်အခဲများကြုံတွေ့နေရကြောင်း၊ စိုက်ပျိုးရေပြတ်လတ်မှုနှင့်မိုးခေါင်မှုတို့ကြောင့် မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသရှိပြည်နယ် (၂၀) အတွင်းရှိ စပါးစိုက်မြေဧက ၃.၉၅ သန်းခန့်တွင် စပါးစိုက်ပျိုး၍ မရနိုင်သေးကြောင်း၊ ထိုင်းအစိုးရသည် တရုတ်၊ မြန်မာနှင့် လာအိုအစိုးရများထံသို့ အကူအညီတောင်းခံထားကြောင်း၊ အဆိုပါ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ စီးဆင်းသည့်မြစ်ကြောင်းများတစ်လျှောက်တွင် တာတမံများ၊ ဆည်မြောင်းများပြုလုပ်၍ သိုလှောင်ထားသည့်ရေများအား မြစ်အတွင်းသို့ ပြန်လည်ပေးပို့ခြင်းဖြင့် ထိုင်းနိုင်ငံ၏အခက်အခဲကိုကူညီဖြေရှင်းပေးပါရန် ထိုင်းအစိုးရကမေတ္တာရပ်ခံပါကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသားရေအရင်းအမြစ်ရုံးတို့သည် ရေရရှိရေးကိစ္စနှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းလျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          အတိုက်အခံနိုင်ငံရေးပါတီဖြစ်သော ပွေထိုင်းပါတီဦးဆောင်သည့် နိုင်ငံရေးပါတီများသည် မိုးခေါင်ရေရှားပြဿနာကြုံတွေ့နေသော ဒေသများသို့သွားရောက်၍ တောင်သူလယ်သမားများ၊ ဆည်မြောင်းဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံလျက်ရှိကြောင်း၊ ပွေထိုင်းပါတီ၏ ကြေညာချက်၌ အစိုးရအနေဖြင့် မိုးခေါင်ရေရှားပြဿနာကို အရေးကြီးလုပ်ငန်းစဉ်တစ်ခုအဖြစ်သတ်မှတ်၍ ဦးစားပေးဖြေရှင်းရန် ပြဿနာကြုံတွေ့နေသည့်ဒေသခံများအား အကူအညီများ၊ နစ်နာကြေးများထုတ်ပေးရန်နှင့် ကာလရှည်ရေရရှိရေးဆိုင်ရာစီမံချက်ကို ရေးဆွဲရန် တောင်းဆိုထားကြောင်းwww.bangkokpost.comအင်တာနက် website တွင်ဖော်ပြပါရှိပါသည်။