ပိုးလမ်းမကြီးစီမံကိန်း(BRI)ဆွေးနွေးပွဲတွင် တရုတ်သမ္မတပြောကြားခဲ့သည့်မိန့်ခွန်းကြောင့် ယွမ်ငွေ တန်ဖိုးမှာ ရက်သတ္တပတ်(၁)ပတ်အတွင်းအမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့မှု

ပိုးလမ်းမကြီးစီမံကိန်း(BRI)ဆွေးနွေးပွဲတွင် တရုတ်သမ္မတပြောကြားခဲ့သည့်မိန့်ခွန်းကြောင့် ယွမ်ငွေတန်ဖိုးမှာ ရက်သတ္တပတ်()ပတ်အတွင်းအမြင့်ဆုံးသို့ ပြန်လည်ရောက်ရှိခဲ့မှု

တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းနေခြင်းသည် အခြားနိုင်ငံများကိုပါ ထိခိုက်စေနိုင်သောကြောင့် တရုတ်အစိုးရအနေဖြင့် ယွမ်ငွေတန်ဖိုးကျဆင်းနေမှုကို တားဆီးကာကွယ်ပြီး ယွမ်ငွေတန်ဖိုးအား ရှိသင့်ရှိထိုက်သည့်အနေအထား၌ တည်ငြိမ်စွာ တည်ရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တရုတ်သမ္မတရှီကျင့်ပင်က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက် (သောကြာနေ့) တွင်ဘေကျင်းမြို့၌ ပြုလုပ်သည့် ပိုးလမ်းမကြီးစီမံကိန်းဆွေးနွေးပွဲ၌ အတိအလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယွမ်ငွေတန်ဖိုးသည် သမ္မတရှီကျင့်ပင်၏ မိန့်ခွန်းမတိုင်မီ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက် (ကြာသပတေးနေ့) ၌ နှစ်လတာကာလအတွင်း အနိမ့်ဆုံးအနေအထားတွင်ရှိနေရာမှ သမ္မတ ရှီကျင့်ပင်၏ မိန့်ခွန်းပြောကြားပြီးနောက် ဧပြီလ (၂၆) ရက် နေ့လည်ပိုင်းတွင်မူ ၀.၂% မြင့်တက်ကာ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၇၃၁၁) ယွမ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ သမ္မတရှီကျင့်ပင်၏မိန့်ခွန်းကြောင့် တရုတ်ဗဟိုဘဏ်သည် မူလရည်မှန်းထားသည့် ငွေကြေးမူဝါဒများအား ဖြေလျှော့ထားမည့်အစီအစဉ်ကို စွန့်လွှတ်ကာ ယွမ်ငွေတန်ဖိုးအားကောင်းလာစေရန်အတွက် ပြောင်းလဲလုပ်ဆောင်ရဖွယ် ရှိသောကြောင့် ယွမ်ငွေတန်ဖိုးမှာ လာမည့်တစ်လ၊ နှစ်လအတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် (၆.၆၈) ယွမ်လဲလှယ်မှုနှုန်းသို့ မြင့်တက်ရောက်ရှိလိမ့်မည်ဟု ငွေကြေး​ဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးဆိုင်ရာအကြီးအကဲ ရောဘတ်လိုင်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်တို့သည် လာမည့်ရက်သတ္တပတ်အတွင်း၌ တရုတ်နိုင်ငံသို့ လာရောက်၍ ကုန်သွယ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်မည်ဖြစ်ရာ အဆိုပါဆွေးနွေးပွဲတွင် တရုတ်အစိုးရအနေဖြင့် ယွမ်ငွေတန်ဖိုးကို အလွန်အမင်းနှိမ့်ချထားခြင်းမရှိဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့်အနေအထား၌ ထိန်းသိမ်းထားရှိပေးရန်ကိစ္စသည်လည်း အကြောင်းအရာတစ်ခုအဖြစ်ပါဝင်နေကြောင်း www.thestar.com.my အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်နေသည့်အတွက် ဘတ်ငွေတန်ဖိုးမှာ (၃)လတာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့မှု

ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်နေသည့်အတွက် ဘတ်ငွေတန်ဖိုးမှာ ()လတာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့မှု

ထိုင်းနိုင်ငံ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ(၁)လခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိ အချိန်အထိ တိကျသောရွေးကောက်ပွဲရလဒ်များကို မကြေညာနိုင်သေးခြင်း၊ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအချင်းချင်း အပြန်အလှန်တိုင်တန်းမှုများဖြစ်ပေါ်နေခြင်းနှင့် ရွေးကောက်ပွဲကော်မရှင်အပေါ်၌ပါ တိုင်ကြားမှုများ၊ ကန့်ကွက်မှုများဖြစ်ပေါ်နေသောကြောင့် ထိုင်းနိုင်ငံရေးအခြေအနေမှာ ရွေးကောက်ပွဲအလွန် ကာလတွင် ပိုမိုရှုပ်ထွေးလာခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ ဧပြီလ(၂၃)ရက်(အင်္ဂါနေ့)တွင် ထိုင်းနိုင်ငံ၌ သြဇာကြီးမားသော ခုံရုံးတစ်ခုဖြစ်သည့်အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းစစ်ဆေးရသည့် ပဋိပက္ခအငြင်းပွားမှုများ ဖြေရှင်းရေးဆိုင်ရာရုံး (Ombudsman)သည် မသမာမှုများသည့်ရွေးကောက်ပွဲအား ပယ်ဖျက်ပေးရန်အတွက် တောင်းဆိုထားသည့်တိုင်တန်းချက်များအား လက်ခံခဲ့ပြီးသုံးသပ်မှုများစတင်ပြုလုပ်နေပြီဖြစ်သောကြောင့် ယင်းသတင်းထွက်ပေါ်ပြီးနောက်တွင် ထိုင်းနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ထိုင်းဘတ်ငွေ တန်ဖိုးမှာ အဆမတန်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ဧပြီလ(၂၄)ရက်(ဗုဒ္ဓဟူးနေ့)တွင် ဘတ်ငွေတန်ဖိုးမှာ ၀.၂%ကျဆင်းခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင်(၃၂.၀၄၉)ဘတ်လဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ရာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့နောက်ပိုင်း ဘတ်ငွေတန်ဖိုးအနိမ့်ဆုံးအနေအထားပင်ဖြစ်ကြောင်း၊ ထိုင်းဘတ်ငွေတန်ဖိုးသည် ၂၀၁၉ခုနှစ်၊ ပထမ(၃)လပတ် ကာလအတွင်း၌ ၂.၅%မြင့်တက်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီးနောက် လက်ရှိဒုတိယ(၃)လပတ်ကာလအတွင်း၌ ၀.၉%ကျဆင်းခဲ့ကြောင်း၊ ယခုဒုတိယ(၃)လပတ်ကာလသည် ပုံမှန်အားဖြင့် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု နည်းပါးလေ့ရှိသည့်ကာလဖြစ်သည့်အပြင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားမှ ငွေအရင်းအနှီးဝင်ရောက်မှုများပါ နည်းပါးသွားသည့်အတွက် ဘတ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် အယုဒ္ဓယဘဏ်လုပ်ငန်းမှ ငွေကြေးဈေးကွက်ပညာရှင် တစ်ဦးကမူ ပြည်တွင်းရေးအခြေအနေမတည်ငြိမ်မှုများကြောင့် ဘတ်ငွေတန်ဖိုး ခဏတာကျဆင်းခြင်းသာဖြစ်ပြီး ၂၀၁၉ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင်မူ ဘတ်ငွေတန်ဖိုးမှာ အမေရိကန်တစ်ဒေါ်လာလျှင် (၃၁.၇၅)ဘတ်လဲလှယ်မှုနှုန်းသို့ ပြန်လည်မြင့်တက်လာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း www.bloomberg.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ချေးငွေဘတ်(၄)ဘီလီယံ ခွင့်ပြုခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် (၃)နှစ်ပြစ်ဒဏ်ချမှတ်ခဲ့မှု

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ချေးငွေဘတ်()ဘီလီယံ ခွင့်ပြုခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ()နှစ်ပြစ်ဒဏ်ချမှတ်ခဲ့မှု

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံသို့ ချေးငွေဘတ်(၄)ဘီလီယံ ခွင့်ပြုခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထိုင်းတရားရုံးချုပ်က ၂၀၁၉ခုနှစ်၊ ဧပြီလ (၂၃)ရက်(အင်္ဂါနေ့)တွင် ထောင်ဒဏ်(၃)နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ၎င်းအာဏာရရှိခဲ့သည့်ကာလအတွင်း ၂၀၀၄ခုနှစ်၌ မြန်မာအစိုးရထံသို့ ဘတ်ငွေ(၄)ဘီလီယံခန့်အား သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းအောက်လျှော့ချ၍ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးရန် ထိုင်းနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်(Exim Bank)သို့ အမိန့်ပေးခဲ့ပြီး အဆိုပါချေးငွေများဖြင့် သက်ဆင်မိသားစုပိုင်ဆိုင်သည့် Shin Satellite Plc မှ ဆက်သွယ်ရေးပစ္စည်းများကို ဝယ်ယူရန် မြန်မာအစိုးရထံကမ်းလှမ်းခဲ့သဖြင့် မြန်မာအစိုးရက ဘတ်ငွေ သန်း(၄၀၀)ဖိုးခန့်တန်ဖိုးရှိ ဆက်သွယ်ရေး ပစ္စည်းများကို ဝယ်ယူခဲ့ရသည်ဟု သိရှိရပါသည်။

၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်သက်ဆင်ထံမှ ဗိုလ်ချုပ်ကြီး ဆွန်သီ ဦးဆောင်သည့် တပ်မတော်အစိုးရက အာဏာသိမ်းယူခဲ့ပြီးနောက် ၂၀၀၈ခုနှစ်တွင် ထိုင်းအာဏာပိုင်များသည် ချေးငွေဘတ်ငွေ (၄)ဘီလီယံကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါ အမှုကို ထိုင်းနိုင်ငံရှိ ပိုင်ဆိုင်မှုများ စိစစ်ရေးကော်မတီ(ASC)က စတင်စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရှေ့နေချုပ်ရုံးနှင့် အဂတိလိုက်စားမှုကော်မရှင်တို့ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ထိုင်းနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၁၅၂)ပါ ပြဌာန်းချက်ဖြစ်သည့် အစိုးရပိုင်ပစ္စည်းများအား မိမိ၏ကိုယ်ကျိုး စီးပွားအတွက် အလွဲသုံးစားပြုလုပ်ခဲ့သည်ဟူ၍ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါပြစ်မှုအတွက် ပြစ်ဒဏ် ပြဌာန်းချက်မှာ ထောင်ဒဏ်(၁)နှစ်မှ (၁၀)နှစ်အထိ ကျခံရမည့်အပြင် ငွေဒဏ်အဖြစ် ဘတ်ငွေ(၂)သောင်းမှ (၂)သိန်းအထိ ပေးဆောင်ရမည်ဖြစ်သော်လည်း ထိုင်းတရားရုံးချုပ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် သက်ဆင်၏ ပြစ်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ရာ၌ ထောင်ဒဏ်(၃)နှစ်သာချမှတ်ခဲ့ကြောင်း၊ တရားရုံးအမိန့် ချမှတ်သည့်နေရာသို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် လာရောက်ခြင်းမရှိသောကြောင့်မျက်ကွယ် ပြစ်ဒဏ်သာ ချမှတ်ခဲ့ရသည်ဟု www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ထိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းသမိုင်းဝင်မြို့များအကြား ကမ္ဘာလှည့်ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံမှလုပ်ဆောင်လျက်ရှိမှု

ထိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းသမိုင်းဝင်မြို့များအကြား ကမ္ဘာလှည့်ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံမှလုပ်ဆောင်လျက်ရှိမှု

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံရှိ ရှေးဟောင်းသမိုင်းဝင်မြို့များအကြားကမ္ဘာလှည့်ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေးအတွက်နှစ်နိုင်ငံရှေးဟောင်းမြို့များဖြစ်သည့် ထိုင်းနိုင်ငံ၊ အူတောင်းမြို့နှင့် မြန်မာနိုင်ငံ၊ တနင်္သာရီမြို့တို့အကြား ကမ္ဘာလှည့်ခရီးသည်များအပြန်အလှန်သွားရောက်နိုင်သည့် ခရီးစဉ် လမ်းကြောင်းများ လုပ်ဆောင်ရန် ထိုင်းနိုင်ငံမှစီစဉ်လျက်ရှိသည်ဟု သိရှိရကြောင်း၊ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအတွင်း ရှေးဟောင်းသမိုင်းဝင်မြို့များအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးစဉ် အပြန်အလှန် သွားရောက်လည်ပတ်နိုင်ရေးအတွက် ထိုင်းနိုင်ငံကမ္ဘာလှည့်ခရီးသွားအုပ်ချုပ်ရေးဌာန(Dasta)နှင့် မြန်မာအာဏာပိုင်များအကြား ယခုဧပြီလအစောပိုင်းတွင် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါနားလည်မှုစာချွန်လွှာအရ အေဒီ(၆)ရာစုနှင့် (၁၁)ရာစုများအတွင်း ထိုင်း-မြန်မာတောင်ပိုင်းနယ်စပ်ဒေသတဝိုက်တွင်တည်ရှိခဲ့သည့် မွန်မြို့ပြနိုင်ငံတစ်ခုဖြစ်သော ဒွါရဝတီခေတ်သမိုင်းဝင်မြို့များသို့ ကမ္ဘာလှည့်ခရီးသွားများပိုမိုလာရောက်လာစေရေးနှင့် အဆိုပါ လမ်းကြောင်းမှတစ်ဆင့် မြိတ်မြို့သို့ ကမ္ဘာလှည့်ခရီးသွားများ ဆက်လက်ဝင်ရောက်နိုင်စေရေးတို့ကို ထိုင်းအစိုးရက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း၏ပထမအဆင့်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းရှိ ဒွါရဝတီခေတ်အူတောင်းရှေးဟောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ အနောက်ပိုင်းအားဖြတ်သန်းကာ မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် တနင်္သာရီမြို့သို့ ခရီးစဉ်လမ်းကြောင်း(၅)ကြောင်းဖြင့်ဆက်သွယ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်း(၅)ခုမှာ အူတောင်း-ဆူဖန်ဘူရီလမ်းကြောင်း၊ အူတောင်း-ကန်ချနာဘူရီလမ်းကြောင်း၊ အူတောင်း-နာခွန်ပက်သွန်လမ်းကြောင်း၊ အူတောင်း-ပရာကျွတ်ကရီခန်လမ်းကြောင်းနှင့် အူတောင်း-မြိတ် လမ်းကြောင်းတို့ဖြစ်သည်ဟုသိရှိရကြောင်း၊ အဆိုပါခရီးစဉ်လမ်းကြောင်းများသည် အာဆီယံ ကမ္ဘာလှည့် ခရီးသွားကဏ္ဍပိုမိုကျယ်ပြန့်လာစေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ဖလှယ်နိုင်ရေး အတွက်လည်းထောက်ကူပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းနှင့်မြန်မာနိုင်ငံအကြားရှိ ဒေသခံ ပြည်သူများ၏လူနေမှုဘဝပုံစံများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်သွားနိုင်မည်ဖြစ်ပြီး ထိုသို့နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလှည့် ခရီးသွားများဝင်ရောက်မှုအား တိုးမြှင့်သွားနိုင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခန် လမ်းကြောင်းရှိ ထိုင်း-မြန်မာနယ်စပ်မှဆင်ခွန်းနယ်စပ်ဝင်ထွက်ပေါက်အား မကြာမီကာလအတွင်း အဆင့်မြင့်တင်ပြီးသွားပါက အဆိုပါနယ်စပ်ဝင်ထွက် ပေါက်သည် အနာဂါတ်တွင်ထိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများအကြား အဓိကဝင်ထွက်ရာ ဂိတ်ပေါက်တစ်ခု ဖြစ်လာမည် ဖြစ်သည်ဟုသိရှိရကြောင်း www.bangkokpost.com အင်တာနက် websiteတွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။ ။ရှေးဟောင်း ဒွါရဝတီခေတ်မွန်နိုင်ငံသည် အေဒီ(၆)ရာစုမှ(၁၁)ရာစုအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများတွင် စတင်ထွန်းကားခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ အယုဒ္ဓခေတ်ထက် နှစ်ပေါင်း(၇၀၀)ခန့်စောကာ မြန်မာနိုင်ငံ၊ ပုဂံခေတ်ထက် နှစ်ပေါင်း(၅၀၀)ခန့် စောလျင်စွာ ပေါ်ထွန်းခဲ့သည့်မြို့ပြနိုင်ငံတစ်ခုဖြစ်သည်ဟုသိရှိရပါသည်။

စီးပွားရေးအင်အားကြီးနိုင်ငံအချို့အား ချွင်းချက်ဖြင့် အီရန်ရေနံဝယ်ယူခွင့်ပြုထားခြင်းအား အဆုံးသတ်ရန် အမေရိကန်အစိုးရကစီစဉ်နေသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ခန့် မြင့်တက်လာခဲ့မှု

စီးပွားရေးအင်အားကြီးနိုင်ငံအချို့အား ချွင်းချက်ဖြင့် အီရန်ရေနံဝယ်ယူခွင့်ပြုထားခြင်းအား အဆုံးသတ်ရန် အမေရိကန်အစိုးရကစီစဉ်နေသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ခန့် မြင့်တက်လာခဲ့မှု

စီးပွားရေးအင်အားကြီးနိုင်ငံအချို့အား ချွင်းချက်ဖြင့် အီရန်ရေနံဝယ်ယူခွင့်ပြုထားခြင်းအား အဆုံးသတ်ရန် အမေရိကန်အစိုးရက စီစဉ်နေသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ခန့် မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်အစိုးရသည်အီရန်ရေနံများအပေါ် ၂၀၁၈ ခု နှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှစ၍ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း အီရန်ရေနံများကို အဓိကဝယ်ယူ လျက်ရှိသော စီးပွားရေးအင်အားကြီးနိုင်ငံအချို့ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ အီတလီနှင့် ဂရိစသည့် နိုင်ငံပေါင်း(၈)နိုင်ငံအား အီရန်ရေနံများကို ဆက်လက် ဝယ်ယူရန် ရက်ပေါင်း(၁၈၀)ယာယီခွင့်ပြုပေးခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ယာယီခွင့်ပြုပေးထားသော ကာလမှာ ၂၀၁၉ ခုနှစ်၊ မေလ လဆန်းပိုင်းတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အမေရိကန်အစိုးရသည်အီရန်ရေနံများနှင့်ပတ်သက်၍မည်သည့်နိုင်ငံကိုမျှ ကင်းလွတ်ခွင့်ပြုတော့မည် မဟုတ်ဟူသော သတင်းထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ခန့် မြင့်တက် လာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ဧပြီလ(၂၂)ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မေလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၉% မြင်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၅.၈၇)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာလည်း ၃.၃% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၄.၃၁)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါရေနံဈေးနှုန်းများသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးနှုန်းထားများဖြစ်ကြောင်း www.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။ ။အိုပက်အဖွဲ့တွင် စတုတ္ထမြောက်ရေနံထုတ်လုပ်မှု အများဆုံးဖြစ်သော အီရန်နိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏမှာ တစ်နေ့လျှင် စည်ပေါင်း(၂.၇၅)သန်းခန့် ရှိပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုကြောင့် အီရန်ရေနံများ ဈေးကွက်သို့ တင်ပို့နိုင်မှု ပမာဏမှာ တစ်နေ့လှျင်စည်ပေါင်း(၁)သန်းခန့်သာ တင်ပို့နိုင်တော့သည်ဟု သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၌ စိတ်ကြွဆေးပြားသယ်ဆောင်သူများသည် စစ်ဆေးသူများကို လှည့်စားနိုင်ရန်အတွက် စိတ်ကြွဆေးပြားများကို အရောင်ပြောင်းလဲသယ်ဆောင်သည့် နည်းလမ်းများကို စတင်အသုံးပြုလာမှု

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၌ စိတ်ကြွဆေးပြားသယ်ဆောင်သူများသည် စစ်ဆေးသူများကို လှည့်စားနိုင်ရန်အတွက် စိတ်ကြွဆေးပြားများကို အရောင်ပြောင်းလဲသယ်ဆောင်သည့် နည်းလမ်းများကို စတင်အသုံးပြုလာမှု

မြန်မာနယ်စပ်အနီးရှိ ကော့ဘဇားဒေသ၌ စိတ်ကြွဆေးပြား(ရာဘ)မှောင်ခိုသယ်ဆောင်သူများသည် ရဲတပ်ဖွဲ့၏ရှာဖွေစစ်ဆေးဖမ်းဆီးမှုများကို ရှောင်လွှဲနိုင်ရန်အတွက် စိတ်ကြွဆေးပြားများအား အရောင်ပြောင်းလဲကာ သယ်ဆောင်သည့်နည်းလမ်းကို စတင်ကျင့်သုံးလာကြကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် ကော့ဘဇားရဲတပ်ဖွဲ့သည် ကော့ဘဇားရှိ ကိုလာတိုလီအရပ်၌ မိုဟာမက်ရာဂျူး အစ္စလာမ်ရာနာ(၂၆ နှစ်)ဆိုသူထံမှ စိတ်ကြွဆေးပြား(၈၀၀)ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ဆေးပြားများသည် ပုံမှန်မြင်တွေ့နေကြဖြစ်သော ပန်းရောင်တောက်တောက်မဟုတ်ဘဲ အရောင်ပြောင်းလဲထားသော စိတ်ကြွဆေးပြားများဖြစ်သည်ကို စတင်စစ်ဆေးတွေ့ရှိခဲ့သည့်အချိန်မှစ၍ စိတ်ကြွဆေးပြားသယ်ဆောင်သူများသည် ယခုအခါ စိတ်ကြွဆေးပြားများအား အရောင်ပြောင်းလဲကာ သယ်ဆောင်သည့်နည်းလမ်းကို စတင်ကျင့်သုံးလျက်ရှိသည်ဟု သိရှိရပါသည်။ စိတ်ကြွဆေးပြားများအား အရောင်ပြောင်းလဲရာတွင် ပုံမှန်အရောင်ဖြစ်သော ပန်းရောင်တောက်တောက်အစား အဖြူရောင်၊ အနက်ရောင်နှင့် အဝါရောင်များအဖြစ်သို့ ပြောင်းလဲထားကြပြီး အရောင်ပြောင်းထားသော စိတ်ကြွဆေးပြားများသည် မူလအရောင်ရှိသည့် ပန်းရောင်ဆေးပြားများထက် တန်ဖိုးပိုမိုကြီးမြင့်သည်ဟု သိရှိရပါသည်။ယခုအခါ ကော့ဘဇားဒေသရှိ ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် ဒေသခံလူအများအပြားမှာ စိတ်ကြွဆေးပြားရောင်းဝယ်ဖောက်ကားမှု၌ ပါဝင်ပတ်သက်နေသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် တာဝန်ရှိသူများကမူ မူးယစ်မှောင်ခိုမှု၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည်ဆိုပါကလည်း ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူသွားမည်ဟု ကြေညာထားကြောင်းဖော်ပြပါရှိပါသည်။

(၂၁)ရာစုပိုးလမ်းမကြီး(BRI)စီမံကိန်းနှင့်ဆက်စပ်နေသော တရုတ်နိုင်ငံ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများအားလက်မခံမီသတိထားစဉ်းစားရမည့် အန္တရာယ်ရှိနိုင်သည့်အခြေအနေ(၇)ရပ်ကို နိုင်ငံတကာပညာရှင်များကသတိပေးခဲ့မှု

(၂၁)ရာစုပိုးလမ်းမကြီး(BRI)စီမံကိန်းနှင့်ဆက်စပ်နေသော တရုတ်နိုင်ငံ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများအားလက်မခံမီသတိထားစဉ်းစားရမည့် အန္တရာယ်ရှိနိုင်သည့်အခြေအနေ(၇)ရပ်ကို နိုင်ငံတကာပညာရှင်များကသတိပေးခဲ့မှု

တရုတ်နိုင်ငံသည် (၂၁)ရာစုပိုးလမ်းမကြီးစီမံကိန်း(BRI)ကို အကောင်အထည်ဖော်နိုင်ရန် စတင်ကြိုးပမ်းလျက်ရှိပြီး ဘေကျင်းမြို့၌ နိုင်ငံပေါင်း(၃၇)နိုင်ငံမှ ခေါင်းဆောင်များပါဝင်သည့် ထိပ်သီးအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိကျင်းပကာ ဆွေးနွေးမှုများပြုလုပ်ရန်စီစဉ်ထားကြောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက်ထင်ရှားသည့်နိုင်ငံရေး၊စီးပွားရေးပညာရှင်များဖွဲ့စည်းထားသော အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Center for a New American Security(CNAS) သည် ပိုးလမ်းမကြီးစီမံကိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံထံမှ အခြားနိုင်ငံများထံသို့ ကမ်းလှမ်းထားသည့်ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍သတိထားစဉ်းစားရမည့်အခြေအနေများကို ယခုရက်ပိုင်းအတွင်းအစီရင်ခံစာထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစီရင်ခံစာ၌ (၅)နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်မည့် BRI နှင့်ဆက်စပ်နေသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို လက်ခံမည်ဆိုပါက အဓိကအားဖြင့် အခြေအနေ(၇)ရပ်ကို ကြုံတွေ့နိုင်ကြောင်း၊ ထို့ကြောင့် BRI စီမံကိန်းတွင်ပါဝင်မည့်နိုင်ငံများအနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ငွေကြေးအကူအညီများကိုလက်မခံမီ အန္တရာယ်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေ(၇)ရပ်ကို အလေးအနက်ထားစဉ်းစားရန် လိုအပ်ကြောင်း၊ အဆိုပါအခြေအနေ(၇)ရပ်မှာ နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို ထိခိုက်နိုင်ခြင်းရှိ/မရှိ၊ စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိ/မရှိ၊ ငွေကြေးစဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ခြင်းရှိ/ မရှိ၊ စီမံကိန်းနှင့်ဆက်စပ်နေသောဒေသများ၌ ဒေသခံများနှင့် ညှိနှိုင်း ဆွေးနွေးနိုင်ခြင်းရှိ/မရှိ၊ ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ ကြိုတင်မှန်းဆမှုများ၊ သဘာဝပတ်ဝန်းကျင်ကိုကာကွယ်နိုင်မှုများနှင့် အဂတိလိုက်စားမှုပြဿနာများ အစရှိသည့်အခြေအနေများပင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။အဆိုပါအစီရင်ခံစာ၌ ဆက်လက်ဖော်ပြထားရာတွင် BRI နှင့်ပတ်သက်၍ လက်ရှိအချိန်၌တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်နေသည့် အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့် ပစိဖိတ်ကျွန်းစုများမှ အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်း(၁၀)ခုတို့ကို လေ့လာခဲ့ရာ၌ အထက်တွင်ဖော်ပြခဲ့သည့်အန္တရာယ်ဖြစ်ပေါ်စေနိုင်သော အခြေအနေ(၇)ရပ်ကိုတွေ့ရှိခဲ့ရကြောင်း၊ စီမံကိန်းကိုလက်ခံမည့်နိုင်ငံများသည် ကနဦးကာလကတည်းကပင် စီမံကိန်း၌ ဒေသခံနိုင်ငံများမှ ကုမ္ပဏီများနှင့် အလုပ်သမားများ အများအပြားပါဝင်နိုင်ရေးကို အဓိကထားဆွေးနွေးရမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများထံမှ ကျွမ်းကျင်မှုပညာရပ်များ မည်သည့်အတိုင်း အတာအထိလွှဲပြောင်းရရှိမည်ကိုလည်း အလေးအနက်ထား စဉ်းစားရန်လိုအပ်ကြောင်း၊ ထို့ပြင်စီမံကိန်းကို အကောင်အထည်ဖော်ရာ၌ လာဘ်ပေးလာဘ်ယူမှုများနှင့် အဂတိလိုက်စားမှုများဖြစ်ပေါ်လာနိုင်သည့် အခွင့်အလမ်းများကိုလျော့နည်းနိုင်သမျှ လျော့နည်းအောင်လုပ်ဆောင်ရမည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။အဆိုပါအစီရင်ခံစာ၏ နိဂုံးချုပ်အပိုင်းတွင်မြန်မာနိုင်ငံ၌တရုတ်နိုင်ငံမှအကောင်အထည် ဖော်ဆောင်ခဲ့သည့် ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ သုံးသပ်ထားရာ၌ ကျောက်ဖြူ စီမံကိန်းသည် တရုတ်ရင်းနှီးမြှုပ်နှံမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာရပ်(၇)ခုစလုံးနှင့် အကျုံးဝင်နေကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါစီမံကိန်းအား နှစ်(၅၀)လုပ်ကိုင်ခွင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအစိုးရသည် ယင်းစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူလူထုထံမှ ဆွေးနွေးမှုများ၊ အကြံပြုချက်များကိုရယူခြင်းမရှိဘဲ အစိုးရ၏ ဆုံးဖြတ်ချက်တစ်ခုတည်းနှင့်ပင် လက်ခံသဘောတူညီခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းကြောင့် တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက် သွားရောက်နိုင်မည့်အခွင့်အလမ်းရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် အထက်တွင်ဖော်ပြထားသောအခြေအနေများနှင့် ဝေဖန်မှုများကို အပြန်အလှန်သုံးသပ်လေ့လာပြီးမှသာပြုလုပ်လေ့ရှိကြောင်း၊ အမေရိကန်ဒုတိယသမ္မတမိုက်ပင့်ခ်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း BRI စီမံကိန်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခု၌ အာရှ-ပစိဖိတ်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံထံမှငွေကြေးများကို လက်ခံရာ၌ အထူးသတိထား၍လက်ခံကြရန် သတိပေးခဲ့ဖူးသည်ဟု ဖော်ပြထားကြောင်းဖြင့် ဖော်ပြပါရှိပါသည်။

မှတ်ချက်။  Center for a New American Security(CNAS)အဖွဲ့သည် ဝါရှင်တန်ဒီစီအခြေစိုက် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာပညာရှင်အဖွဲ့ဖြစ်ပြီး နိုင်ငံရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များဖြင့် ဖွဲ့စည်းထားကာ အမေရိကန်ပြည်ထောင်စု၌သြဇာလွှမ်းမိုးမှုရှိသည့်အဖွဲ့ဖြစ်ကြောင်း၊ သမ္မတအိုဘားမားလက်ထက်တွင် CNAS မှ ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့အတွင်း၌ ဖိတ်ခေါ်၍ အရေးကြီးသောတာဝန်များကို ပေးအပ်ခဲ့ဖူးရာ  အဆိုပါပုဂ္ဂိုလ်များတွင် ဒုတိယကာကွယ်ရေးဝန်ကြီးမစ်ရှယ်ဖလိုနွိုင်းနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကက်ကမ်းဘဲလ်တို့လည်းပါဝင်ကြောင်း၊ CNAS မှပညာရှင်များသည် ကမ္ဘာတစ်လွှား၌ သြဇာကြီးမားသောသတင်းမီဒီယာများဖြစ်သည့် CNN၊ NBC၊ The Washington Post၊ The New York Times၊ The Wall Street Journal နှင့် Foreign Policy အပါအဝင်သတင်းမီဒီယာများ၌ နိုင်ငံရေး၊ စီးပွားရေးသုံးသပ်ချက်များကို ဝင်ရောက်ပြုလုပ်ပေးလေ့ရှိသည်ဟု သိရှိရပါသည်။

ဂျပန်အစိုးရသည် တစ်သောင်းတန်၊ ငါးထောင်တန်နှင့် တစ်ထောင်တန် ဂျပန်ယန်းငွေစက္ကူများအားဒီဇိုင်းပြောင်းလဲထုတ်လုပ်ရန်စီစဉ်နေမှု

ဂျပန်အစိုးရသည် တစ်သောင်းတန်၊ ငါးထောင်တန်နှင့် တစ်ထောင်တန် ဂျပန်ယန်းငွေစက္ကူများအားဒီဇိုင်းပြောင်းလဲထုတ်လုပ်ရန်စီစဉ်နေမှု

ဂျပန်အစိုးရသည် ငွေစက္ကူအတုပြုလုပ်သည့် ပြဿနာများကို တားဆီးကာကွယ်နိုင်ရန်အတွက် တစ်သောင်းတန်၊ ငါးထောင်တန်နှင့် တစ်ထောင်တန် ဂျပန်ယန်းငွေစက္ကူများအား ဒီဇိုင်းပြောင်းလဲထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးတာယိုအာဆိုက ယခုရက်ပိုင်းအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ ဒီဇိုင်းအသစ်ဖြင့် ပြောင်းလဲထုတ်ဝေသွားမည့် ဂျပန်ယန်းငွေစက္ကူအသစ်များအား ၂၀၂၄ ခုနှစ်တွင် စတင်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ တစ်သောင်းတန်ငွေစက္ကူ၏ ရှေ့ဘက်၌ ဂျပန်နိုင်ငံသားစက်မှုလုပ်ငန်းရှင် အီချီရှီဘူဆာဝါ (၁၈၄၀ -၁၉၃၁) ၏ ရုပ်ပုံကိုရိုက်နှိပ်ထားပြီး နောက်ကျောဘက်တွင် ၁၉၁၄ ခုနှစ်၌ စတင်တည်ဆောက်ခဲ့သည့် တိုကျိုဘူတာရုံကြီး၏ ပုံကိုထည့်သွင်းဖော်ပြထားကြောင်း၊ ၎င်းသည် ဂျပန်ဘဏ်လုပ်ငန်းကြီးဖြစ်သော Mizuho Bank ကိုတည်ထောင်ခဲ့သူဖြစ်ကြောင်း၊ ငါးထောင်တန်ငွေစက္ကူ၏ ရှေ့ဘက်၌ ဂျပန်နိုင်ငံသမိုင်း၌ ထင်ရှားသည့် ကျောင်းဆရာမတစ်ဦးဖြစ်သူ ယူမီကိုတာဆူဒါ (၁၉၆၄-၁၉၂၉) ရုပ်ပုံကိုရိုက်နှိပ်ထားပြီး နောက်ကျောဘက်တွင် ခရမ်းနုရောင်ဝစ္စတာရီးယားပန်း (wisteria flower) ပုံကိုဖော်ပြထားကြောင်း၊ ၎င်းသည် တိုကျိုမြို့ရှိ Tsuda University ကိုတည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၌ အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေးအတွက် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ တစ်ထောင်တန်ငွေစက္ကူ၏ရှေ့ဘက်၌ ထင်ရှားသည့်ဂျပန်နိုင်ငံသားဘက်တီးရီးယားပိုးမွှားများလေ့လာရေးပညာရှင် ရှီဘာဆာဘူရိုအီတာဆာတို (၁၈၅၃-၁၉၃၁) ၏ ရုပ်ပုံကိုရိုက်နှိပ်ထားပြီးနောက်ကျောဘက်တွင် ဂျပန်ပန်းချီဆရာကာဆူရှီကာဟိုကူဆိုင် (၁၇၆၀-၁၈၄၉) ရေးဆွဲခဲ့သည့် ဖူဂျီတောင်ရှုခင်းပန်းချီကားပုံကို ထည့်သွင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီးတာယိုအာဆိုက ဆက်လက်ပြောကြားရာ၌ အသစ်ထုတ်ဝေမည့်ငွေစက္ကူများတွင် ဖော်ပြခြင်းခံရမည့် လူပုဂ္ဂိုလ် (၃) ဦးမှာဂျပန်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် ထင်ရှားသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ငွေစက္ကူအသစ်များအား ပြန်လည်ရေးဆွဲထုတ်ဝေရခြင်းမှာ ပြောင်းလဲလာသောခေတ်နှင့်အညီ လိုက်လျောညီထွေရှိစေရန် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါ ငွေစက္ကူများအား၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း၌ စတင်ထုတ်ဝေသွားမည်ဖြစ်ပြီး ယင်းတို့အားမထုတ်ဝေမီ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း၌ ယန်းငါးရာတန်ဒင်္ဂါးပြားအသစ်ကို ထုတ်ဝေသွားရန်ဂျပန်အစိုးရကစီစဉ်ထားကြောင်း www.mainichi.jp အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအသစ်အဖြစ် အမေရိကန်ဘဏ္ဍာရေးဒုတိယဝန်ကြီးဟောင်းဒေးဗစ်မော်လ်ပတ်စ်စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းအင်တာနက် website တွင်ဖော်ပြထားမှု

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအသစ်အဖြစ် အမေရိကန်ဘဏ္ဍာရေးဒုတိယဝန်ကြီးဟောင်းဒေးဗစ်မော်လ်ပတ်စ်စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းအင်တာနက် website တွင်ဖော်ပြထားမှု

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်းဒေးဗစ်မော်လ်ပတ်စ် (၆၃နှစ်) သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက် (အင်္ဂါနေ့) မှစ၍ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ယခင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းဂျင်ယောင်ကင်သည် ၎င်း၏ဒုတိယသက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ် ပြည့်မြောက်သည်အထိတာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၌ ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားခဲ့ကြောင်း၊ ဂျင်ယောင်ကင် နုတ်ထွက်သွားပြီးနောက်တွင် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည့် ဘူဂေးရီးယားနိုင်ငံသူခရစ္စတယ်လီနာဂျော်ဂျီဘာကိုယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ဥက္ကဋ္ဌနေရာအတွက် ရွေးချယ်မှုများပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဘဏ်၌ ရှယ်ယာအများဆုံးပါဝင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ဘဏ်အနေဖြင့် ဥက္ကဋ္ဌနေရာအတွက်ရွေးချယ်ရာ၌ အမေရိကန်ပြည်ထောင်စုအလိုကျသူများကိုသာ ရွေးချယ်လေ့ရှိကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ကမ္ဘာ့ဘဏ်သည် သမ္မတဒေါ်နယ်ထရန့်က အမည်စာရင်းတင်သွင်းထားသောဘဏ္ဍာရေးဒုတိယဝန်ကြီးဟောင်းဒေးဗစ်မော်လ်ပတ်စ်အား ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း၊ ဒေးဗစ်မော်လ်ပတ်စ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉) ရက် (အင်္ဂါနေ့) တွင် ကမ္ဘာ့ဘဏ်၏ (၁၃) ဆက်မြောက်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်းဖြင့် www.xinhuanet.comတွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။ဒေးဗစ်မော်လ်ပတ်စ်သည် အမေရိကန်သမ္မတဟောင်းရော်နယ်ရေဂင် လက်ထက်တွင် ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ အမေရိကန်သမ္မတဂျော့ရှ်အိတ်ချ်ဒဗလျူဘုရှ် လက်ထက်တွင် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း၌ ဒေးဗစ်မော်လ်ပတ်စ်သည် ဒေါ်နယ်ထရန့်၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လအတွင်းတရုတ်ဗဟိုဘဏ်၏ရွှေဝယ်ယူစုဆောင်းမှုပမာဏမှာတန်ချိန်(၁၁)တန်ကျော်ရှိခဲ့ပြီး (၄)လဆက်တိုက်မြင့်တက်ခဲ့မှု

၂၀၁၉ ခုနှစ်၊ မတ်လအတွင်း တရုတ်ဗဟိုဘဏ်၏ ရွှေဝယ်ယူစုဆောင်းမှုပမာဏမှာ တန်ချိန်(၁၁) တန်ကျော်ရှိခဲ့ပြီး (၄) လဆက်တိုက်မြင့်တက်ခဲ့မှု

တရုတ်ဗဟိုဘဏ်၏ ရွှေဝယ်ယူစုဆောင်းမှုမှာ (၄) လဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊  ယခုရက်ပိုင်းအတွင်း တရုတ်ဗဟိုဘဏ်မှ ထုတ်ပြန်သည့်အစီရင်ခံစာအရ တရုတ်ဗဟိုဘဏ်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွှေတန်ချိန် (၉.၉၅) တန်၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တန်ချိန် (၁၁.၈) တန်၊ ဖေဖော်ဝါရီလတွင် တန်ချိန် (၉.၉၅) တန်နှင့် မတ်လတွင် (၁၁.၂) တန်ခန့်စီအသီးသီး ဝယ်ယူစုဆောင်းခဲ့သည်ဟု သိရှိရကြောင်း၊  ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ (၄) လတာကာလအတွင်း တရုတ်ဗဟိုဘဏ်၏ ရွှေဝယ်ယူမှုစုစုပေါင်းပမာဏမှာ (၄၂.၉) တန်ခန့်ရှိကြောင်းသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏စီးပွားရေးနှေးကွေးလာခြင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးကိစ္စညှိနှိုင်းမှုများပြေလည်မှုမရရှိသေးခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာကို နိုင်ငံခြားအရန်ငွေကြေးအဖြစ် အဓိကထားစုဆောင်းနေမည့်အစား ရွှေကိုပြောင်းလဲစုဆောင်းနေသည့် အနေအထားရှိကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ဗဟိုဘဏ်က ပိုင်ဆိုင်ထားသောအရန်ရွှေပမာဏသည်စုစုပေါင်းတန်ချိန် (၁၈၉၄) တန်ဝန်းကျင်ခန့်ရှိကြောင်း၊ တရုတ်ဗဟိုဘဏ်၏ အရန်ရွှေစုဆောင်းထားရှိမှုပမာဏသည် ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းမှ လက်ရှိအချိန်အထိ (၄) နှစ်တာကာလအတွင်း၌ ၅၇%ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်းဖြင့် www.bloomberg.com တွင်ဖော်ပြ ပါရှိပါသည်။

မှတ်ချက်။ ကမ္ဘာပေါ်၌ အရန်ရွှေအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံ(၅) ခုမှာအမေရိကန်ပြည်ထောင်စု (၈၁၃၃.၅) တန်၊ ဂျာမနီ (၃၃၆၉.၇) တန်၊ အီတလီ(၂၄၅၁.၈) တန်၊ ပြင်သစ် (၂၄၃၆) တန်၊ ရုရှား (၂၁၅၀.၅) တန်တို့ဖြစ်ပြီးတရုတ်နိုင်ငံမှာမူ အရန်ရွှေပိုင်ဆိုင်မှု အများဆုံးစာရင်းတွင် အဆင့် (၆) နေရာ၌ ရပ်တည်နေကြောင်း သိရှိရပါသည်။