စီးပွားရေးအင်အားကြီးနိုင်ငံအချို့အား ချွင်းချက်ဖြင့် အီရန်ရေနံဝယ်ယူခွင့်ပြုထားခြင်းအား အဆုံးသတ်ရန် အမေရိကန်အစိုးရကစီစဉ်နေသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ခန့် မြင့်တက်လာခဲ့မှု

စီးပွားရေးအင်အားကြီးနိုင်ငံအချို့အား ချွင်းချက်ဖြင့် အီရန်ရေနံဝယ်ယူခွင့်ပြုထားခြင်းအား အဆုံးသတ်ရန် အမေရိကန်အစိုးရက စီစဉ်နေသည့်သတင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ခန့် မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန်အစိုးရသည်အီရန်ရေနံများအပေါ် ၂၀၁၈ ခု နှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှစ၍ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း အီရန်ရေနံများကို အဓိကဝယ်ယူ လျက်ရှိသော စီးပွားရေးအင်အားကြီးနိုင်ငံအချို့ဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူရကီ၊ အီတလီနှင့် ဂရိစသည့် နိုင်ငံပေါင်း(၈)နိုင်ငံအား အီရန်ရေနံများကို ဆက်လက် ဝယ်ယူရန် ရက်ပေါင်း(၁၈၀)ယာယီခွင့်ပြုပေးခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ယာယီခွင့်ပြုပေးထားသော ကာလမှာ ၂၀၁၉ ခုနှစ်၊ မေလ လဆန်းပိုင်းတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အမေရိကန်အစိုးရသည်အီရန်ရေနံများနှင့်ပတ်သက်၍မည်သည့်နိုင်ငံကိုမျှ ကင်းလွတ်ခွင့်ပြုတော့မည် မဟုတ်ဟူသော သတင်းထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ခန့် မြင့်တက် လာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ဧပြီလ(၂၂)ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မေလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၂.၉% မြင်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၅.၈၇)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာလည်း ၃.၃% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၄.၃၁)သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါရေနံဈေးနှုန်းများသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးနှုန်းထားများဖြစ်ကြောင်း www.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။ ။အိုပက်အဖွဲ့တွင် စတုတ္ထမြောက်ရေနံထုတ်လုပ်မှု အများဆုံးဖြစ်သော အီရန်နိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏမှာ တစ်နေ့လျှင် စည်ပေါင်း(၂.၇၅)သန်းခန့် ရှိပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုကြောင့် အီရန်ရေနံများ ဈေးကွက်သို့ တင်ပို့နိုင်မှု ပမာဏမှာ တစ်နေ့လှျင်စည်ပေါင်း(၁)သန်းခန့်သာ တင်ပို့နိုင်တော့သည်ဟု သိရှိရပါသည်။