မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် အလုပ်သမားသမဂ္ဂများက တောင်းဆိုလျက်ရှိသော်လည်း အထည်ချုပ်အလုပ်သမားများကမူ အလုပ်အကိုင်များ ဆုံးရှုံးမည့်အရေးကို စိုးရိမ်ထိတ်လန့်လျက်ရှိမှု

မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် အလုပ်သမားသမဂ္ဂများက တောင်းဆိုလျက်ရှိသော်လည်း အထည်ချုပ်အလုပ်သမားများကမူ အလုပ်အကိုင်များ ဆုံးရှုံးမည့်အရေးကို စိုးရိမ်ထိတ်လန့်လျက်ရှိမှု

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာအရ  မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာလွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ လက်ရှိအချိန်အထိကာလအတွင်း နိုင်ငံရေးနှင့် စီးပွားရေးမငြိမ်သက်မှုများကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လူဦးရေ(၂၅၀,၀၀၀)ကျော် အလုပ်အကိုင်များ ဆုံးရှုံးခဲ့သည်ဟု သိရှိရကြောင်း၊ မြန်မာ့နိုင်ငံရေး ပြဿနာကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း ကဏ္ဍအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အနောက်နိုင်ငံများထံသို့ မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားသမဂ္ဂများနှင့် လူမှုအဖွဲ့အစည်းများ စုစုပေါင်း အဖွဲ့အစည်း(၁၈၀)ကျော်တို့က တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသော်လည်း အထည်ချုပ် အလုပ်သမားများကမူ အရေးယူ ပိတ်ဆို့မှုများကြောင့် အလုပ်အကိုင်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း၊ ရိုက်တာ သတင်းဌာနသည် မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ် စက်ရုံမျိုးစုံတို့မှ အလုပ်သမားဦးရေ စုစုပေါင်း(၄၀၀)ဦးအား ဖြန့်ကျက် စစ်တမ်း ကောက်ယူခဲ့ရာ(၉၇%)ခန့်က အလုပ်သမားသမဂ္ဂများ၏ အရေးယူ ပိတ်ဆို့ရေးဆိုင်ရာ တောင်းဆိုမှုများကို ထောက်ခံခြင်းမရှိဟု သိရှိရကြောင်း၊

အမည်မဖော်လိုသူ အထည်ချုပ် အလုပ်သမားအချို့က ရိုက်တာသတင်းဌာနသို့ ပြောကြားရာ၌ နေ့စဉ် ဘဝရပ်တည်ရေးအတွက် အထည်ချုပ် စက်ရုံများ အပေါ်၌သာ မှီခိုနေရသည်ဖြစ်ရာ အထည်ချုပ် လုပ်ငန်းများ ရပ်ဆိုင်းပါက  ၎င်းတို့အနေဖြင့် လမ်းများပေါ်၌ တောင်းရမ်း စားသောက်ရသည့် ဘဝသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ အထည်ချုပ်လုပ်ငန်း၏ ဝင်ငွေကျဆင်းမှုကြောင့် ယင်းလုပ်ငန်းကို မှီခိုနေရသော အလုပ်သမားများမှာလည်း ယခင်က ပုံမှန်ရရှိခဲ့သည့် လစာနှုန်းထား ပမာဏကို ယခုအခါ မရရှိတော့သည် ဖြစ်ရာ စားဝတ်နေရေး အကျပ်အတည်းများကို ကြုံတွေ့နေရ ကြောင်း၊ ထို့ကြောင့် အထည်ချုပ် လုပ်ငန်းများ ယခုထက်ပို၍ တိုးတက်လာရန် လိုလားပါသည်ဟု အသီးသီး ပြောကြားခဲ့ကြကြောင်း၊

မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းကဏ္ဍသည် ကိုဗစ်-၁၉ ပြဿနာမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် အတွင်း၌ နိုင်ငံ၏ ပို့ကုန်စုစုပေါင်း ပမာဏအနက် (၃၀%)ခန့်ရှိပြီး အမေရိကန်ဒေါ်လာ (၆.၅)ဘီလီယံ ရရှိခဲ့သည်ဟု ကုလသမဂ္ဂ၏ စာရင်း အချက်အလက်များ၌ ဖော်ပြထားကြောင်း၊ ၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းကဏ္ဍမှ ရရှိသောနိုင်ငံခြားငွေမှာ အမေရိကန် ဒေါ်လာ(၁)ဘီလီယံအောက်၌ သာရှိသော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အကြောင်းပြု၍ ဖွံ့ဖြိုးပြီး နိုင်ငံများက မြန်မာ့အထည်ချုပ် ကုန်စည်များကို အခွန်ကင်းလွတ်ခွင့်ပေး၍ တင်သွင်းစေခဲ့သည့်အတွက် အထည်ချုပ် လုပ်ငန်းကဏ္ဍ၏ ဝင်ငွေမှာ အဆမတန် မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းကဏ္ဍ နှင့် ပတ်သက်၍ ပေးအပ်ထားသော ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများကို ပြန်လည်ရုတ်သိမ်းပြီး အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်ပြုလုပ်ရန် မြန်မာနိုင်ငံရှိ အလုပ်သမားသမဂ္ဂများက တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း၊

မြန်မာနိုင်ငံရှိ အလုပ်သမား သမဂ္ဂတစ်ခုဖြစ်သည့် Confederation of Trade Unions Myanmar ၏ ဗဟိုကော်မတီဝင်ဆိုသူ ခိုင်ဇာအောင်ကမူ ရိုက်တာသတင်းဌာနမှ ကောက်ယူထားသည့် အထည်ချုပ်အလုပ်သမားများ၏ သဘောဆန္ဒကို ပယ်ချခဲ့ပြီး အရေးယူပိတ်ဆို့မှုကို ထောက်ခံသော အလုပ်သမားများ၏ သဘောတူညီကြောင်း လက်မှတ်များကို လူဦးရေ(၄၀၀၀)မက (၄၀၀၀၀) အထိပါ ၎င်းတို့သမဂ္ဂကရယူပေးနိုင်သည်ဟု ပြောကြားခဲ့ကြောင်း၊

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာများကြောင့် အနောက်နိုင်ငံအခြေစိုက် အဝတ်အထည် ကုမ္ပဏီကြီးအချို့သည် မြန်မာနိုင်ငံသို့ အပ်နှံမည့် ကုန်စည်များအား တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ အထည်ချုပ်စက်ရုံများသို့ ပြောင်းလဲအပ်နှံလျက်ရှိသော်လည်း ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးများဖြစ်သည့် H & M ၊ Marks & Spencer နှင့် Primark ကဲ့သို့သော လုပ်ငန်းကြီးများမှာမူ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာခြင်းမရှိသေးဘဲ အခြေအနေ အရပ်ရပ်အပေါ်  ပြန်လည်သုံးသပ်လျက်ရှိကြောင်း www.bworldonline.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။