အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့် အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုအလားအလာ ကောင်းများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့မှု

ရိုက်တာသတင်းဌာနမှ ယခုရက်ပိုင်းအတွင်း စစ်တမ်းကောက်ယူ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏသည် စည်ပေါင်း (၃၂.၆၈)သန်းခန့်သာရှိခဲ့ ရာ နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါကစည်ပေါင်း(၄.၆)သိန်းခန့် ကျဆင်းသွားခဲ့ရာ အဆိုပါပမာဏသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်းအများဆုံးကျဆင်းမှုပမာဏဖြစ်သည်ဟုသိရှိရကြောင်း၊ထို့ပြင် လန်ဒန်အခြေစိုက်    S & P Global စွမ်းအင်ကုမ္ပဏီက ယခုရက်ပိုင်း အတွင်းထုတ်ပြန်သည့်အစီရင်ခံစာ၌ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း ဆော်ဒီအာရေဗျနိုင်ငံ၏ ပြည်ပဈေးကွက်သို့နေ့စဉ်ရေနံတင်ပို့မှုပမာဏမှာလည်း စည်ပေါင်း(၇.၅၂၃)သန်းခန့်သာ ရှိခဲ့ရာ နိုဝင်ဘာလနှင့်နှိုင်းယှဉ်ပါက စည်ပေါင်း (၅)သိန်းခန့် လျော့နည်းသွားခဲ့သည်ဟုဖော်ပြထားသည့်အပြင် အိုပက် အဖွဲ့ဝင်နိုင်ငံများနှင့်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည်နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏအား စည်ပေါင်း (၁.၂)သန်းလျှော့ချထုတ်လုပ်မည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ဈေးကွက်အတွင်းရေနံပိုလျှံမှုများ လျော့နည်းကာ ရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူကမ္ဘာ့ရေနံဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နှင့် (၈)ရက်နေ့တို့တွင် အမေရိကန်နှင့် တရုတ်တာဝန်ရှိသူ များအကြား နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီမှုရရှိနိုင်သည်ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဝီလ်ဘာရော့စ်ကပြောကြား ခဲ့ရာ အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုပြေလည်သွားပါက ကမ္ဘာ့စီးပွားရေးတိုးတက်မှုအားကောင်း လာမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရေနံဝယ်လိုအားပါ မြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ် လာခြင်းသည်လည်း ကမ္ဘာ့ရေနံဈေးနှုန်းများကို မြင့်တက်စေသည့်အခြားသော အချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်​ဈေးကွက်၌ ဖေဖော်ဝါရီလအတွက် WTI ရေနံစိမ်း တစ်စည် ၏ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၇%မြင့်တက်ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၄၈.၈၅) သို့ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းတစ်စည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်း မှာ ၀.၈% မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၇.၇၇)သို့ရောက်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.reuters.com