အမေရိကန်ပြည်ထောင်စုအတွက် အကျိုးပြုမည့် ဒေါ်လာတန်ဖိုးအားကောင်းမှုကို လိုလားသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့မှု

အမေရိကန်ပြည်ထောင်စုအတွက် အကျိုးပြုမည့် ဒေါ်လာတန်ဖိုးအားကောင်းမှုကို လိုလားသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့မှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်ဗဟိုဘဏ် ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွက် အကျိုးပြုမည့် ဒေါ်လာတန်ဖိုးအားကောင်းမှုကို လိုလားသည်ဟု ပြောကြားခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၂)ရက်(စနေနေ့)တွင် အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၌ပြုလုပ်သည့် နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာ ပုံမှန်ညီလာခံ (Conservative Political Action Conference) တွင် သမ္မတဒေါ်နယ်ထရန့်က ပြောကြားရာ၌ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး အခြေအနေမှာ အရှိန်အဟုန်မပြတ် တိုးတက်လျက်ရှိရာ တွင် အမေရိကန်ဗဟိုဘဏ်ကကြားဝင်ဆောင်ရွက်မှုများပြုလုပ်ပေးလျက်ရှိပြီး အမေရိကန်ဒေါ်လာ တန်ဖိုးမှာလွန်စွာအားကောင်းလျက်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စု၏စီးပွားရေး အခြေအနေ မှာအတိတ်ကာလများနှင့်မတူ ဖွံ့ဖြိုးတိုးတက်လျက်ရှိစဉ်တွင် အခြားသောနိုင်ငံများသည် ကျားကုတ် ကျားခဲရုန်းကန်နေကြရသည်ဖြစ်ရာ ယင်းသို့သောအခြေအနေသည် အမေရိကန်နိုင်ငံအတွက် အောင်မြင်ရန် ပိုမိုခက်ခဲစေကြောင်း၊ မိမိအနေဖြင့် တန်ဖိုးအားကောင်းသည့် အမေရိကန်ဒေါ်လာကို လိုလားပါသော်လည်း မိမိလိုချင်သည့် အမေရိကန်ဒေါ်လာမှာ တိုင်းပြည်အတွက်စီးပွားဖြစ်ထွန်း စေမည့်တန်ဖိုးအားကောင်းသော ဒေါ်လာသာဖြစ်ကြောင်း၊ တန်ဖိုးအားကောင်းလွန်းသည့်အတွက် အခြားသောနိုင်ငံများနှင့် စီးပွားရေးယှဉ်တွဲလုပ်ဆောင်ရန် အတားအဆီးဖြစ်စေနိုင်သော၊ အမေရိကန် ပြည်ထောင်စု၌ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ခြင်းကို အဟန့်အတားဖြစ်စေနိုင်သော ဒေါ်လာတန်ဖိုးအားကောင်းမှုကို လိုလား ခြင်းမရှိဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဗဟိုဘဏ်အား ဝေဖန်ပြောကြားမှုများ ပြုလုပ်ရာတွင် အမေရိကန်ဗဟိုဘဏ်တွင် လူကြီးလူကောင်းတစ်ဦးရှိနေကြောင်း၊ အဆိုပါပုဂ္ဂိုလ်ကြီးသည် ကိန်းဂဏန်း အရေအတွက်တင်းကြပ်ခြင်းကို သဘောကျလျက်ရှိပြီး အမေရိကန်ဒေါ်လာတန်ဖိုး လွန်စွာအားကောင်း ခြင်းကိုနှစ်ခြိုက်လျက်ရှိသည်ဟုဝေဖန်ပြောကြားခဲ့ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်က ထိုသို့ပြောကြားခြင်းသည်အမည်တပ်၍ပြောကြားခြင်းမဟုတ်သော်လည်း အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ် အားရည်ရွယ်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားကြောင်း www.bloomberg.com ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စု၊ ကူးသန်ရောင်းဝယ်ရေးဌာန၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၀၀) အောက်သို့ကျဆင်းခဲ့မှု

အမေရိကန်ပြည်ထောင်စု၊ ကူးသန်ရောင်းဝယ်ရေးဌာန၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၃၀၀) အောက်သို့ကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်(ကြာသပတေးနေ့) တွင် အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ် နှစ်ကုန်စတုတ္တ (၃) လပတ်ကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ မျှော်မှန်းထားသည့် ပမာဏ ၂.၃% ကိုကျော်လွန်ကာ ၂.၆%  အထိရှိခဲ့သည်ဟုဖော်ပြထားကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်နေခြင်း၊ အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်တန့်မှုဖြစ်ပေါ်ခဲ့ခြင်းတို့ကြုံတွေ့ခဲ့ရသည့်တိုင် အမေရိကန်စီးပွားရေးအခြေအနေမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်ဟူသော ခန့်မှန်းချက်များအားကောင်းစွာထွက်ပေါ်လာခြင်းနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် ရွှေအစားအမေရိကန်ဒေါ်လာကိုပိုမိုဝယ်ယူစုဆောင်းလာကြသည့်အတွက် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင်လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်အောက်လွှတ်တော်ရှိဘဏ္ဍာရေးဝန်ဆောင်မှုရေးရာကော်မတီ ကြားနာစစ်ဆေးမှုတွင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်က ပြောကြားရာ၌  အမေရိကန်ပြည်ထောင်စု၏ လက်ရှိစီးပွားရေးအခြေအနေမှာတိုးတက်သည့် အနေအထားတွင်ရှိနေပြီး ဆက်လက်၍လည်း ဖွံ့ဖြိုးတိုးတက်နေမည်ဟူ၍ ကြိုတင်ခန့်မှန်းနိုင်သည့် အခြေအနေတွင် ရှိသည်ဟုပြောကြားခဲ့ခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကိုမြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၂) ရက်(စနေနေ့) တွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် ရွှေကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၁.၃% ကျဆင်းကာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၉၉.၂) ဒေါ်လာဖြင့် ​ဈေးပိတ်သွားခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး မှာမူ ၀.၄% မြင့်တက်ခဲ့ကြောင်း www.reuters.com ဖော်ပြပါရှိပါသည်။

ယခုရက်သတ္တပတ်အတွင်း အိန္ဒိယဆန်နှင့် ထိုင်းဆန်ဈေးနှုန်းများကျဆင်းခဲ့သော်လည်းဗီယက်နမ်ဆန် ဈေးနှုန်းမှာမူ အနည်းငယ်မြင့်တက်ခဲ့မှု

ယခုရက်သတ္တပတ်အတွင်း အိန္ဒိယဆန်နှင့် ထိုင်းဆန်ဈေးနှုန်းများကျဆင်းခဲ့သော်လည်းဗီယက်နမ်ဆန် ဈေးနှုန်းမှာမူ အနည်းငယ်မြင့်တက်ခဲ့မှု

အိန္ဒိယနိုင်ငံတွင် လတ်တလောကာလများအတွင်း ပြည်ပဝယ်လိုအားနည်းပါးလျက်ရှိချိန်တွင် အိန္ဒိယရူပီးငွေတန်ဖိုးကျဆင်းခဲ့ခြင်းနှင့် အိန္ဒိယ-ပါကစ္စတန် ပထဝီနိုင်ငံရေးတင်းမာမှုများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ယခုရက်သတ္တပတ်အတွင်း အိန္ဒိယ (၅) မှတ်ပေါင်းဆန်တစ်တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၂) ဒေါ်လာကျဆင်းပြီးတစ်တန်လျှင်အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ (၃၇၈) ဒေါ်လာနှင့် (၃၈၃) ဒေါ်လာအကြား၌ဖြစ်ပေါ်ခဲ့ကြောင်း၊ အိန္ဒိယရူပီးငွေတန်ဖိုးမှာ ၂၀၁၉ ခုနှစ် အတွင်း၂% ခန့်ကျဆင်းလျက်ရှိသည်ဟု သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံတွင်မူ ဗီယက်နမ်အစိုးရသည်ဆန်အရန်သိုလှောင်မှုများပြုလုပ်ရန်အတွက် ပြည်တွင်းလယ်သမားများထံမှ ဆန်တန်ချိန်(၂)သိန်း ဝယ်ယူမည်ဟုကြေညာထားသည့်အတွက် ယခုရက်သတ္တပတ်အတွင်း ဗီယက်နမ် (၅) မှတ်ဆန်တစ်တန်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၅) ဒေါ်လာမြင့်တက်ခဲ့ပြီး တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၃၄၅) ဒေါ်လာသို့ရောက်ရှိခဲ့သည်ဟု သိရှိရ ပါသည်။

လတ်တလောရက်သတ္တပတ်များအတွင်း ပြည်ပဝယ်လိုအားနည်းပါးလျက်ရှိခြင်းကြောင့် ဆန်သစ်များ ဈေးကွက်အတွင်းဝင်ရောက်လာခြင်းနှင့် ထိုင်းဘတ်ငွေတန်ဖိုးအားကောင်းနေခြင်းတို့ကြောင့် ယခုရက်သတ္တပတ်အတွင်းထိုင်း (၅) မှတ်ဆန်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းခဲ့ပြီး တစ်တန်လျှင်အနိမ့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၈၃) နှင့် အမြင့်ဆုံးဈေးအမေရိကန်ဒေါ်လာ (၃၉၈) ၌ ဖြစ်ပေါ်လျက်ရှိသည်ဟုသိရှိရကြောင်း www.reuters.com တွင်ဖော်ပြပါရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကျဆင်းခဲ့သည်ဟူသော အစီရင်ခံစာထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ (၂)လတာကာလ အတွင်းအနိမ့်ဆုံးသို့ကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုကျဆင်းခဲ့သည်ဟူသော အစီရင်ခံစာထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ (၂) လတာကာလအတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့မှု

ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက်အရည်အသွေးစမ်းသပ်စစ်ဆေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း (Intertek Testing Services) က ထုတ်ပြန် သည့်အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် မလေးရှားစားအုန်းဆီဈေးနှုန်းမှာကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက် (ကြာသပတေးနေ့) တွင် Intertek Testing Services (ITS) က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုမှာ တန်ချိန် (၁.၂၄၃) သန်းခန့်ရှိခဲ့ရာ ဇန်နဝါရီလအတွင်းဖြစ်ပေါ်ခဲ့သည့် ပြည်ပသို့ တင်ပို့မှုပမာဏ တန်ချိန် (၁.၄၆၆) သန်းနှင့်နှိုင်းယှဉ်ပါက ၁၅.၂% ကျဆင်းခဲ့သည်ဟု ဖော်ပြထားရာ မလေးရှားစားအုန်းဆီအား ပြည်ပဝယ်လိုအားနည်းပါးလျက်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစားအုန်းဆီဈေးနှုန်းမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မလေးရှားနိုင်ငံ၏ စားအုန်းဆီအရန်သိုလှောင်မှုပမာဏမှာ လက်ရှိအချိန်တွင် တန်ချိန် (၃) သန်းခန့်ရှိရာ အဆိုပါပမာဏသည် နှစ်ပေါင်း(၂၀) ကာလအတွင်း အရန်သိုလှောင်မှုပမာဏအများဆုံးအနေအထားသို့ ရောက်ရှိနေခြင်းသည်လည်း စားအုန်းဆီဈေးနှုန်းကိုကျဆင်းစေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ(၁) ရက် (သောကြာနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးကွက်၌ မေလအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၅% ကျဆင်းပြီး တစ်တန်လျှင် မလေးရှားငွေ ၂၁၂၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၂၂.၀၂ ဒေါ်လာ) ၌ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် (၂) လတာကာလအတွင်းအနိမ့်ဆုံးဈေးနှုန်းဖြစ်ပြီး မလေးရှားစားအုန်းဆီဈေးနှုန်းသည် (၅) ရက်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းဖြင့် www.thestar.com.my တွင် ဖော်ပြပါရှိပါသည်။