ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရမည့်အခြေအနေနှင့် နီးကပ်လာသော ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့မှု

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံနုတ်ထွက်မည့် သတ်မှတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှာ နောက်ဆုတ်ရွှေ့ဆိုင်းခဲ့သော်လည်း ယခုအခါ no-deal Brexit ဖြင့် နုတ်ထွက်ရတော့မည့် အခြေအနေမျိုးသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခြင်းကြောင့် ဗြိတိန်စတာလင်ပေါင် တန်ဖိုးမှာကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

ဥရောပသမဂ္ဂ (EU) သည် ဗြိတိန်မှခွဲထွက်မည့် ရက်သတ်မှတ်ချက်အား ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက် (သို့မဟုတ်) မေလ(၂၂) ရက်နေ့အထိ နောက်ဆုတ်ရွှေ့ဆိုင်းပေးခဲ့ပြီးနောက် ဝန်ကြီးချုပ် ထရီဇာမေ၏ ဗြိတိန်ခွဲထွက်ရေး မူကြမ်းအား ၂၀၁၉ ခုနှစ်၊ မတ်လ(၂၉)ရက် (သောကြာနေ့) တွင် ဗြိတိန်ပါလီမန်၌ ထပ်မံမဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ (၂၈၆) မဲသာရှိခဲ့ပြီး ကန့်ကွက်မဲမှာမူ (၃၄၄) မဲ ရှိခဲ့သည့်အတွက် ဝန်ကြီးချုပ်ထရီဇာမေ၏ ခွဲထွက်ရေးမူကြမ်းမှာ ကန့်ကွက်မဲ (၅၈) မဲအသာဖြင့် တတိယအကြိမ်ရှုံးနိမ့်ခဲ့ရကြောင်း၊ဝန်ကြီးချုပ်ထရီဇာမေ၏ခွဲထွက်ရေးမူကြမ်းအား ဗြိတိန်ပါလီမန် ကထောက်ခံခြင်းမရှိပါက လာမည့်ဧပြီလ (၁၂) ရက်နေ့တွင် အပြီးအပြတ်နုတ်ထွက်ရမည်ဟု EU ကနောက်ဆုတ်ခွင့်ပြုပေးခဲ့သည့်အတိုင်း ဗြိတိန်နိုင်ငံသည် ယခုအခါ EU မှ ခွဲထွက်ရာတွင် no-deal Brexit ဖြင့် ခွဲထွက်ရန် ပိုမိုနီးစပ်လာသည့် အခြေအနေမျိုးသို့ရောက်ရှိလာခဲ့ရာ ဗြိတိန်နိုင်ငံ၏ စီးပွားရေးနှောင့်နှေးမှုများ ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ ဗြိတိန်စတာလင်ပေါင်တန်ဖိုး ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်(သောကြာနေ့) ညနေပိုင်းဈေးကွက်ပိတ်ချိန်တွင် ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၂% ကျဆင်းခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၀၂၄) ဒေါ်လာလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဗြိတိန်စတာလင်ပေါင် တန်ဖိုးသည် ယခုမတ်လအတွင်း ၁.၉% ကျဆင်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း www.reuters. com  တွင်ဖော်ပြပါရှိပါသည်။