အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာထွက်ပေါ် ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှု

၂၀၁၉ခုနှစ်၊ မတ်လ(၂၉) ရက်တွင် အမေရိကန်ပြည်ထောင်စုကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်သည့် အစီရင်ခံစာထွက်ပေါ်ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ပြည်သူများ၏ ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ငွေကြေးသုံးစွဲနိုင်မှုပမာဏမှာ ၀.၆% ကျဆင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင်မူ ၀.၁% မြင့်တက်ခဲ့ကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေပမာဏမှာလည်း ၀.၂% မြင့်တက်ခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးအခြေအနေတိုးတက်ကောင်းမွန်နေခြင်းကြောင့်သာ အမေရိကန်ပြည်သူ များ၏ ဝင်ငွေတိုးတက်လာပြီးငွေကြေးသုံးစွဲနိုင်မှု မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟူသော ခန့်မှန်းချက် များနှင့်အတူ  ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင်လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု၌ အလုပ်လက်မဲ့ ထောက်ပံ့ကြေးတောင်းခံသူ ဦးရေပမာဏမှာ (၅၀၀၀) ဦးလျော့ကျသွားခဲ့သည်ဟု အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းသည်လည်းကောင်း၊ ဗြိတိန်နိုင်ငံသည်  ဥရောပသမဂ္ဂမှ no-deal Brexit ဖြင့် နုတ်ထွက်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေခြင်းကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုး ကျဆင်းခဲ့ခြင်းသည်လည်းကောင်း အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်စေသည့် အခြားသောအချက်များဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၃၀) ရက်(စနေနေ့) တွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း အမေရိကန် ဒေါ်လာတန်ဖိုးမှာ ၀.၀၉% မြင့်တက်ခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၃၀၀၃) ဒေါ်လာလဲလှယ်မှုနှုန်း၊တစ်ယူရိုလျှင်အမေရိကန်ဒေါ်လာ (၁.၁၂၁၄) ဒေါ်လာလဲလှယ်မှုနှုန်း၊အမေရိကန် တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ (၁၁၀.၈၂) ယန်းလဲလှယ်မှုနှုန်းနှင့် တရုတ်ယွမ်ငွေ (၆.၇၃၃၅) ယွမ် လဲလှယ်မှုနှုန်းများဖြင့် အသီးသီးဈေးပိတ်သွားခဲ့ကြောင်း www.xinhuanet.com တွင် ဖော်ပြပါရှိ ပါသည်။