၂၀၁၈ ခုနှစ်၊ စတုတ္ထ()လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေးပမာဏတွင် တရုတ်ယွမ်ငွေ ပါဝင်မှုပမာဏ မြင့်တက်ခဲ့မှု

၂၀၁၈ခုနှစ်၊ စတုတ္ထ(၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း၌တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေအဖြစ်ထားရှိမှုပမာဏမှာ မြင့်တက်ခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၂၉) ရက်(သောကြာနေ့) တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်၊ စတုတ္ထ (၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း၌ တရုတ် ယွမ်ငွေအား နိုင်ငံခြားအရန်ငွေအဖြစ်ထားရှိမှုပမာဏမှာ ၁.၈၉% ခန့်အထိ မြင့်တက်ခဲ့ပြီး တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ်ထားရှိမှုမှာ တန်ဖိုးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ (၂၀၂.၇၉) ဘီလီယံခန့်သို့ ရောက်ရှိလာခဲ့ရာ ကမ္ဘာပေါ်၌ နိုင်ငံခြားအရန်ငွေကြေးအဆင့် (၅) နေရာ၌ ရပ်တည်လျက်ရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ်ထားရှိမှု ယခုကဲ့သို့ မြင့်တက်လာရခြင်းမှာ ၂၀၁၆ ခုနှစ်တွင် တရုတ်ယွမ်ငွေအား နိုင်ငံတကာသုံးငွေကြေးအဖြစ် IMF က အသိအမှတ် ပြုခဲ့ပြီးနောက်ပိုင်း၌ ကမ္ဘာတစ်ဝန်းဗဟိုဘဏ်များသည် တရုတ်ယွမ်ငွေအား နိုင်ငံခြားအရန်ငွေကြေးအဖြစ် စုဆောင်းလာခြင်း၊  အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုလျှော့ချကြခြင်းနှင့် အမေရိကန်ဒေါ်လာအသုံးပြုမှုလျှော့ချခြင်းတို့ကြောင့်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်ဟု သိရှိရပါသည်။

၂၀၁၈ ခုနှစ်၊ စတုတ္ထ(၃) လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြားအရန်ငွေကြေး စုဆောင်းထားရှိမှု ပမာဏမှာ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၀.၇၃) ထရီလီယံခန့် ရှိပြီး အဆိုပါပမာဏ၌ အမေရိကန်ဒေါ်လာပါဝင်မှုပမာဏမှာ ၆၁.၆၉%(ပထမ)၊ ယူရိုငွေပါဝင်မှုမှာ ၂၀.၆၉% (ဒုတိယ)၊ ဂျပန်ယန်းငွေပါဝင်မှု မှာ ၅.၂၀% (တတိယ)၊ ဗြိတိန်စတာလင်ပေါင်ပါဝင်မှုမှာ ၄.၄၃%(စတုတ္ထ) နှင့် တရုတ်ယွမ်ငွေပါဝင်မှုမှာ ၁.၈၉% (ပဉ္စမ) စသည်ဖြင့် အသီးသီးပါဝင်လျက်ရှိ သည်ဟု သိရှိရကြောင်း www.xinhuanet.com တွင်ဖော်ပြပါရှိပါသည်။